ဂျပန်ဆိပ်ကမ်းသို့ ရောက်ရှိလာသည့် မြန်မာ့ဆန်များကို အတင်အချ ပြုလုပ်နေစဉ် (ဓာတ်ပုံ-MAPCO)
ဂျပန်နိုင်ငံမှ မြန်မာ့ဒေသမျိုးရင်း ဆန်စပါးများဖြစ်သော ဆင်းသွယ်လတ်၊
မှော်ဘီ-၂၊ အင်းမရဲဘော် ဆန်များကို တိုးမြှင့်ဝယ်ယူမည်ဖြစ်ကြောင်း
ဂျပန်နိုင်ငံသို့ ဆန်များတင်ပို့နေသည့် မြန်မာ့လယ်ယာ စီးပွားအများပိုင်
ကော်ပိုရေးရှင်းထံမှ သတင်းရရှိသည်။
ဂျပန်နိုင်ငံသို့ ၄၅ နှစ်အတွင်း ပထမဦးဆုံး ပြန်လည်တင်ပို့
ရောင်းချသည့် မြန်မာ့တန်းမြင့်ဆန်(ဆင်းသွယ်လတ်) တန်ချိန် ၅၀၀၀
ဂျပန်နိုင်ငံသို့ ရောက်ရှိခဲ့ပြီးနောက် မြန်မာဆန်သည် ရုပ်ပိုင်းဆိုင်ရာ
အသွင်အပြင် ကောင်းမွန်ခြင်း၊ အရသာကောင်းမွန်ခြင်းနှင့် ဓာတုဗေဒဓာတ်ကြွင်း
ကင်းစင်ခြင်းကြောင့် ပိုမိုတိုးမြှင့် ၀ယ်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး
ဦးဝင်းမြင့်ကလည်း လာမည့်ရာသီတွင် တန်ချိန် ၅၀၀၀၀ အထိ တန်းမြင့်ဆန်
တိုးမြှင့်ဝယ်ယူရန် ဂျပန်နိုင်ငံသို့ မေတ္တာရပ်ခံထားကြောင်း သိရသည်။
ဂျပန်နိုင်ငံသည် ဆန်စပါး ၀ယ်ယူရာတွင် ဇီဝဗီဇပြုပြင်မှု နည်းအသုံးပြုခြင်း
မဟုတ်သော မျိုးဖြစ်ကြောင်း စစ်ဆေးခြင်း၊ ဓာတုဆေးဝါးနှင့်
ပိုးသတ်ဆေးဓာတ်ကြွင်း စစ်ဆေးခြင်းစသည့် စစ်ဆေးမှု အမျိုးအမည်ပေါင်း ၂၅၇
မျိုး စစ်ဆေးခြင်းဖြစ်သည်။
ထိုသို့ အရည်အသွေး စစ်ဆေးမှု တင်းကျပ်သော ဂျပန်နိုင်ငံသို့
တင်ပို့နိုင်ခြင်းသည် ဥရောပ ဈေးကွက်သို့ ထိုးဖောက်နိုင်ရန်အတွက်
အထောက်အပံ့ ဖြစ်ကြောင်းနှင့် ဥရောပနှင့် ဂျပန်ဈေးကွက်သို့
တန်းမြင့်ဆန်များ ပိုမိုတင်ပို့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း
သိရသည်။

No comments :
Post a Comment