Blogger Widgets

Wednesday, 3 July 2013

ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ရေထွက်ကုန်ပစ္စည်း တင်ပို့မှု လျော့နည်း

aquariexport-july3
ရေထွက်ကုန်ပစ္စည်း တင်ပို့သော လုပ်ငန်းခွင် တစ်ခုကို တွေ့ရစဉ်
ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ကုန်သွယ်ရေး စခန်းများဖြစ်သည့် မောင်တောနှင့် စစ်တွေမှ ရေထွက်ကုန်ပစ္စည်း တင်ပို့မှုပမာဏ လျော့နည်းနေကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်တွင် မိုးဦးကာလသို့ ရောက်ရှိလာပြီဖြစ်ပြီး ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးနေသဖြင့် ငါးဖမ်းလှေများ ထွက်ရှိမှု မရှိသည့်အပြင် ပုစွန်ပို့ကုန်များလည်း ကုန်စည်ဒိုင်သို့ အ၀င်နည်းနေခြင်းဖြစ်ကြောင်း သိရသည်။
"ငါးခြောက်ရာသီလည်း ကုန်ပြီဖြစ်လို့ နယ်စပ်ကို ငါးခြောက်ကုန် အ၀င်မရှိတော့ဘူး။ နောက်ရေငန်နဲ့ ရေချိုပုစွန် တင်ပို့မှုမှာလည်း စစ်တွေကနေ မောင်တောကို ကုန်အ၀င် ပမာဏနဲ့ ဆိုင်တယ်။ အခုက ရာသီဥတုဆိုးတော့ စစ်တွေက ကုန်အထွက် နည်းနေတယ်။ မောင်တောကို တစ်နေ့ပုစွန်ပုံး ၁၅ ပုံးကနေ ၃၀ အထိတော့ ၀င်တယ်။ ဒါပေမဲ့ ဒေသထွက်ကုန်တွေကို အရင်က ဘင်္ဂလားဒေ့ရှ် ဈေးကွက်တစ်ခုတည်းကို တင်ပို့ခဲ့ရပေမယ့် အခုက ဥရောပဈေးကွက်လည်း ပွင့်လာပြီဖြစ်လို့ ရန်ကုန်ကို တင်ပို့တာတွေ ရှိလာပါပြီ။ ဒီအတွက် ဘင်္ဂလားဒေ့ရှ်ကို ရေထွက်ကုန် တင်ပို့မှု လျော့နည်းလာတာ ဖြစ်ပါတယ်" ဟု မောင်တောအခြေစိုက် ရေထွက်ကုန်ပစ္စည်း တင်ပို့သူတစ်ဦးက ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ် အတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခ အခြေအနေများကြောင့် နယ်စပ်ကုန်သွယ်မှု ပမာဏ လျော့နည်းခဲ့ရပြီး မောင်တောနယ်စပ် ကုန်သွယ်ရေး စခန်းမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွင်း ပို့ကုန်ငါးသန်းကျော်၊ သွင်းကုန်ငါးသိန်းကျော်၊ စုစုပေါင်းကုန်သွယ်မှု ပမာဏ ခြောက်သန်းနီးပါးသာ ကုန်သွယ်နိုင်ခဲ့ကြောင်း သိရသည်။ ယင်းအပြင် စစ်တွေနယ်စပ် ကုန်သွယ်ရေး စခန်းမှလည်း ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်အတွက် ကုန်သွယ်မှုပမာဏ ထက်ဝက်အထိ လျော့နည်းခဲ့ရကြောင်းလည်း သိရသည်။
ပို့ကုန်ပိုင်းတွင် ခုနစ်သန်းနီးပါး၊ သွင်းကုန်ပိုင်းတွင် လေးသိန်းကျော် စုစုပေါင်း ကုန်သွယ်မှု ခုနစ်သန်းကျော်သာ ဆောင်ရွက်နိုင်ခဲ့ပြီး ယခင် ၂၀၁၁ - ၂၀၁၂ ဘဏ္ဍာ နှစ်၏ ကုန်သွယ်မှုတန်ဖိုး ၁၅ သန်းကျော် ရရှိခဲ့သဖြင့် ထက်ဝက်ခန့် လျော့နည်းခဲ့ခြင်း ဖြစ်ကြောင်းလည်း နယ်စပ်ကုန်သွယ်ရေး စခန်းများမှ ရရှိသည့် စာရင်းဇယားများအရ သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top