Blogger Widgets

Wednesday, 3 July 2013

ရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် အလုပ်သမားရေးရာ ကိစ္စရပ်များကို အချိန်ပြည့် ကူညီဆောင်ရွက်ပေးမည့် Complaint Mechanism ဖွင့်လှစ်

ရွှေ့ပြောင်းအလုပ်သမားများ အပါအ၀င် အလုပ်သမားရေးရာ ကိစ္စရပ်များကို အချိန်ပြည့် ကူညီဆောင်ရွက်ပေးမည့် Complaint Mechanism ကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ဌာနကို နေပြည်တော်၊ ရုံးအမှတ် ၅၁ တွင် ဇွန် ၂၇ ရက်က ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဌာနက ပြည်သူလူထု ဗဟိုပြု ၀န်ဆောင်မှုပေးသည့် ကိစ္စများ၊ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်း ဆိုင်ရာများ၊ အလုပ်ရှင်နှင့် အလုပ်သမားတို့၏ အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ၊ ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားရေးရာ ကိစ္စရပ်များ အားလုံးနှင့် ပတ်သက်၍ အချိန်ပြည့် ဖြေရှင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ ကိစ္စများနှင့် ပတ်သက်၍ စုံစမ်းမေးမြန်း တိုင်ကြားလိုပါက ဖုန်း ၀၆၇-၄၃၀၁၈၄ နှင့် ၀၆၇-၄၃၀၂၈၄ တို့သို့ လည်းကောင်း၊ အီးမေးလ်လိပ်စာ complaint.moles@gmail.com သို့ လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း သိရသည်။
အဆိုပါဌာနကို မလေးရှားရှိ မြန်မာအလုပ်သမားများ ပြဿနာဖြစ်ပွားအပြီး နောက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖြစ်ပွားသော အလုပ်သမား ပြဿနာ အများစုမှာ အချိန်ပို အလုပ်ချိန် များသော်လည်း အချိန်ပိုလစာအတွက် လုပ်ခအပြည့်အ၀ မရရှိခြင်း၊ ခိုင်လုံသော အခြေခံလစာ မရှိခြင်း၊ အလုပ်ရှင်များမှ အလုပ်သမားများအပေါ် ဖိနှိပ်ဆက်ဆံခြင်း၊ နေ့စားအလုပ်သမား အဖြစ်မှ လခစား အလုပ်သမား အဖြစ်သို့ ပြောင်းလဲချင်သော်လည်း အလုပ်ရှင်ဘက်မှ အာမခံချက် မရှိခြင်း၊ စက်ရုံအများစုမှာ အလုပ်သမား ဥပဒေပါ အချက်အလက်များကို မလိုက်နာခြင်းတို့ အပါအ၀င် အလုပ်သမား အဖွဲ့အစည်းများ၊ သမဂ္ဂများကို အလုပ်ရှင်များဘက်မှ အသိအမှတ်ပြု ဆွေးနွေးမှုများ မရှိခြင်းတို့ကြောင့် ဆန္ဒထုတ်ဖော်မှုများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း အလုပ်သမား အဖွဲ့အစည်းများထံမှ သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top