မန္တလေးမြို့နှင့် မိုင် ၂၀ ခန့် ကွာဝေးသည့် မြို့သာစက်မှုဇုန်အတွင်း
ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ တည်ဆောက်ရန် အတွက်ဟုဆိုကာ ဖြစ်နိုင်ခြေ
အကြိုလေ့လာမှုများ ပြုလုပ်ပြီးသွားပြီဖြစ်ကြောင်း မန္တလေး ဒေသခံများထံမှ
သိရသည်။
"မြို့သာစက်မှုဇုန် အတွင်းမှာ ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ
တည်ဆောက်ဖို့ဆိုပြီး စီမံကိန်းဖြစ်နိုင်ခြေ အကြိုလေ့လာမှုတွေ ပြီးသွားပြီ။
လာလုပ်မယ့် ကုမ္ပဏီက မလေးရှားက မိုရာဂျာရာ ကုမ္ပဏီလို့တော့ ကျွန်တော်တို့
ကြားထားတယ်။ သိထားတယ်" ဟုလည်း မန္တလေးမြို့မှ ဒေသခံတစ်ဦးက ပြောကြားခဲ့သည်။
"ကျွန်တော်တို့ သိချင်တာက ဒီကျောက်မီးသွေးရဲ့ transporation ကရော
လမ်းကြောင်းတစ်လျှောက် ဘယ်လိုသွားမှာလဲ။ ကျောက်မီးသွေးက
ကျွန်တော်တို့နိုင်ငံက ကျောက်မီးသွေးသုံးလို့ မရဘူးလို့လည်း ကြားနေတယ်။
စက်ရုံရဲ့ standard ကရော ဘယ်လောက်အဆင့်အတန်းရှိတဲ့ စက်ရုံလုပ်မှာလဲ။
ကျွန်တော်တို့ မသိရဘူး။ မသိရဘဲနဲ့ သိခွင့်ရှိတာကို သိခွင့်မရတဲ့ အနေအထားမှာ
ဆောက်လာတဲ့ စက်ရုံအနေအထားဟာ ဘယ်လောက် affective ဖြစ်လဲ။ ဒါက
ကျောက်မီးသွေးစက်ရုံနဲ့ ပတ်သက်ရင် ကျွန်တော်တို့ မန္တလေးမှာ
မကြုံဖူးသေးတဲ့အတွက် ခဏခဏ ပြောဖြစ်တာပါ။ ကျွန်တော်တို့ ကိုယ်တိုင်က
သိချင်နေတာပါ" ဟုလည်း စိမ်းရောင်စို activities (မန္တလေး)မှ
ကိုမောင်မောင်ဦးက ပြောကြားခဲ့သည်။
မြို့သာစက်မှုဇုန်အတွင်း ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ
တည်ဆောက်ရေးအတွက် ဖြစ်နိုင်ခြေ အကြိုလေ့လာမှု ပြုလုပ်ခြင်းများကို
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက် သို့မဟုတ်
မန္တလေးတိုင်းဒေသကြီး အစိုးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည်လား
စသည်ဖြင့် မည်သည့်ခွင့်ပြုချက်ဖြင့် ဆောင်ရွက်သည်ကိုမူ ရှင်းရှင်းလင်းလင်း
မသိရကြောင်းလည်း ဒေသခံများက ဆိုသည်။
မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို အကြောင်းပြု၍
လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်ရန် စီစဉ်ဆောင်ရွက် နေသည်များကို
သမ္မတကြီး အနေဖြင့် ပြည်သူများ၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစားကာ
ဆောက်လုပ်ရန် သင့်မသင့် ပြန်လည်ချင့်ချိန် သုံးသပ်ပေးရန်အတွက်
သမ္မတကြီးထံသို့ ပြည်သူများမှ ပန်ကြားလွှာ ပေးပို့သွားမည်ဖြစ်ကြောင်း ဇွန် ၂၉
ရက်က ရန်ကုန်မြို့ရှိ Park Royal Hotel တွင် ကျင်းပပြုလုပ်သည့်
"သန့်ရှင်းသောလေ" လူထုတွေ့ဆုံပွဲ အခမ်းအနားမှ သိရှိရသည်။

No comments :
Post a Comment