Blogger Widgets

Saturday 4 May 2013

ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့် ဆိုင်ခန်းများ ဖျက်ဆီးခံရ

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဆိုင်းတောင်တွင် ရှိသော မွတ်စလင်မ်
အိမ်နှင့် ဆိုင်ခန်းများကို ယနေ့ညနေ ၅-နာရီခန့်က အကြမ်းဖက်သမားများမှ
လာရောက် ဖျက်ဆီး သွားခဲ့ကြောင်း သတင်းရရှိသည်။
မွတ်စလင်များ၏ အိမ်နှင့် ဆိုင်များ တွဲနေသည့် အိမ် ၃-အိမ်အတွင်း
ဝင်ရောက်၍ ဆိုင်တွင်းရှိ ပစ္စည်းများကို ရိုက်ဖျက်ဆီးမှုကြောင့်
ဆိုင်ခန်းများ၊ အိမ်များအတွင်းရှိ ပစ္စည်းများ ပျက်ဆီးသွားခဲ့ရသည်။
ယင်းကဲ့သို့ အကြမ်းဖက်ခံရမှုကို ဆိုင်းတောင်မြို့ခံမှ မြစ်ကြီးနားသို့
ဆက်သွယ်၍ သတင်းပေးပို့ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ဆိုင်းတောင်နှင့်
ဖုန်းအဆက်အသွယ် ပြတ်တောက်နေကြောင်း မြစ်ကြီးနားမြို့မှ
သတင်းပေးပို့လာပါတယ်။

ဤဆိုင်းတောင်ဗလီသည် ယမန်နှစ် ၂၀၁၂-ခုနှစ် ဧပြီလအတွင်းက
မြန်မာနိုင်ငံနိုင်ငံအတွင်းရှိ ဗလီများကို ဖျက်ဆီးစဉ်က စတင်ဖျက်ဆီးခံရသော
ဗလီလည်းဖြစ်သည်။

ဆိုင်းတောင်တွင် မွတ်စလင်မ် အိမ်နှင့်ဆိုင်များ ဖျက်ဆီးခံရမှု နောက်ဆက်တွဲသတင်း

ဆိုင်းတောင် ။ ။ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိုင်းတောင်တွင် ယနေ့
ညနေ(၄)နာရီခန့်က ဖျက်ဆီးခံလိုက်ရသည့် မွတ်စလင်မ်အိမ်နှင့်
ဆိုင်များဖျက်ဆီးခံရမှုအပေါ် ဆက်သွယ်မေးမြန်းမှုအား ဖျက်ဆီးခံရသည့်
ဆိုင်ရှင်တစ်ဦးမှ ဖြေကြားထားတာ ဖြစ်ပါတယ်။

“ဟုတ်ကဲ့ ဖြစ်သွားပုံကို ကျွန်မပြောပြမယ်။ အရင်တုန်းက ဘာမှ
ရန်ငြိုးရန်စလည်း မရှိဘူး။ ဗြုန်းတိုင်းကြီး ထဖြစ်လာတာ။
ဘယ်လိုဖြစ်သွားလဲဆိုတော့ ဒီနေ့ နေ့လည်ပိုင်းလောက်မှာ တစ်ယောက်ပြီးတစ်ယောက်
ဆိုင်မပိတ်ဘူးလား၊ ဆိုင်မပိတ်ဘူးလား၊ ဒီလို ဒီလို ဗုဒ္ဓဘာသာဝင်တွေက
လူအုပ်စုနေတယ်၊ ဓါးတွေလည်း ၀ယ်နေတယ် လို့ လာလာပြောကြတယ်။ အဲ့ဒီအချိန်က
ကျမတို့လည်း ဘာမှ အစီအစဉ်မရှိသေးဘူးလေ။ ဘာမှလည်း ခေါင်းထဲမရှိဘူး။ ဘာမှ
မဟုတ်ဘူးပဲ ထင်နေတာ။ ညနေ ၃-နာရီ ၄-နာရီလောက်ကျတော့ အစ်ကိုတစ်ယောက်က
အပြင်ကပြန်လာပြီး ဆိုင်ပိတ်တော့ ပိတ်တော့ဆိုပြီး ပိတ်ခိုင်းတာ။
မြန်မြန်ပတ်လိုက်တာ ဆိုင်လည်းပိတ်ပြီး တံခါးလည်း ပိတ်လိုက်ရော လူ ၂၀-၃၀
လောက် တုတ်တွေ၊ ဓါးတွေ၊ ခဲတွေနဲ့ ရောက်လာတာ။ အဲဒါနဲ့ ကျမလည်း အပြင်ထွက်ပြီး
ဘေးအိမ်မှာ နေနေလိုက်တာ။ အစ်ကိုအစ်မတွေ ယောင်းမတွေကတော့ အိမ်အနောက်ပေါက်နေ
ထွက်သွားလိုက်တာ။ တူမလေးကတော့ သွေးသားနုနုဆိုတော့ အိမ်ရှေ့အိမ်ကို
ခဏပို့ထားလိုက်တာ။ သူ့ကိုတော့ ပြဿနာ စမဖြစ်ခင်လေးကပဲ ပို့လိုက်တာ။
သွေးလန့်သွားမှာစိုးလို့။ အဲဒါဆိုင်ပိတ်ပြီး ဖြစ်လာရင် ဘယ်လိုလုပ်ရမလဲ
စဉ်းစားနေတာ။ အဲဒီအချိန်မှာပဲ တံခါးတွေကို ခဲတွေနဲ့ပေါက်တယ်၊
တုတ်တွေနဲ့ရိုက်တယ်။ ကြေမွနေအောင်ပေါက်ပစ်လိုက်တာ။ အဲလိုလည်း မိနစ်
၂၀-လောက် အဲလိုလည်းလုပ်ပြီးရော သူတို့ ထွက်သွားကြတယ်။ အဲဒါနဲ့ ကျမလည်း
ကျမတူမလေး သွေးတက်နေမှာစိုးလို့ အိမ်ရှေ့အိမ်သွားလိုက်တယ်။ သွားပြီး
ရပ်စကားပြောနေတုန်းပဲရှိသေးတယ် နောက်ထပ် လူ ၅-ယောက်လောက် ဆိုင်ကယ် ၂-စီးနဲ့
ပြန်ရောက်လာတယ်။ တစ်ယောက်က ဓါးပါတယ်။ ဓါးရှည်ကြီးပါတယ်။ တုတ်တွေပါတယ်၊
နောက် ၂-ယောက်လောက်က ခဲတွေပါတယ်။ ပထမအဖွဲ့လုပ်သွားတုန်းက အိမ်တံခါး
မပွင့်ဘူး၊ မှန်တွေပဲ ကွဲသွားတာ။ ပထမလူအုပ်က ၀ုန်းဝုန်း ၀ုန်းဝုန်းနဲ့
မိနစ် ၂၀-လောက် လုပ်သွားကြတာ။

နောက် မိနစ် ၂၀-လောက်ကြာတဲ့အခါ နောက် ၅-ယောက်လာတဲ့အချိန်မှာကျတော့
တံခါးကို အတင်းဆွဲဖွင့်တယ်၊ တံခါးတွေကို ဖျက်တယ်။ တံခါးကိုဖျက်ပြီးတော့
ပစ္စည်းတွေကို အကုန်ဆွဲထုတ်တယ်။ တစ်ယောက်က ဓါးနဲ့ လမ်းလျှောက်နေတယ်
အရှေ့မှာ။ သူတို့က ပစ္စည်းတွေ အကုန်ဆွဲထုတ်ပြီးတော့ နောက်ထပ် လူတွေ
ရောက်ရောက်လာတယ် ဆိုင်ကယ်တွေနဲ့။ ဘယ်သူမှန်း ဘယ်ဝါမှန်းတော့ မသိဘူး။
သူတို့တွေက ပစ္စည်းတွေကို ထုတ်လာလိုက် အင်ဂျင်ဝိုင်ပုလင်းတွေထုတ်လာလိုက်
မ-သွားလိုက်၊ အမျိုးသမီး အလှပြင်ပစ္စည်းတွေ ထုတ်လာလိုက် မ-သွားလိုက်နဲ့။
အိမ်နဲ့ဝင်ပြီးမှ တကယ့် အနုကြမ်းစီးသလိုပဲ။ အဲလိုလုပ်နေတာ
နာရီဝက်လောက်ကြာသွားတယ်။ ပစ္စည်းတော်တော်များများ ပါသွားတယ်။ ခဏနေတော့
ရဲကားရောက်လာတယ်။ ရဲက အဲဒီယူသွားတဲ့လူတွေကိုလိုက်တယ်။ ပစ္စည်းယူသွားတဲ့
၂-ယောက်ကို ရဲက မိလိုက်တယ်၊ ကျန်တဲ့သူတွေက ထွက်ပြေးသွားတယ်။ အဲဒီ ဖမ်းမိတဲ့
၂-ယောက်က ဖျက်တဲ့ ၂-ယောက်မဟုတ်ဘူး။ သူတို့က လမ်းသွားရင်းနဲ့ သူများတွေ
ပစ္စည်းယူနေတာတွေ့လို့ သူတို့က ၀င်လိုက်ယူတာ။ ကျန်တဲ့လူတွေက
လူလည်တွေဆိုတော့ပြေးတာ။ မိသွားတဲ့ ၂-ယောက်က လုပ်တဲ့သူတွေ မဟုတ်ဘူး။

ရဲတွေက အချိန် ၁-နာရီခွဲလောက် အရှေ့မှာ ရပ်နေတယ်။ သူတို့က
စစ်ချက်တွေယူတယ်။ ၁၀-မိနစ် ၁၅-မိနစ်လောက်နေတော့ ဘုန်းကြီးကား
၃-စီးလောက်လာတယ်။ ဘုန်းကြီးတွေနဲ့ ရဲတွေ ၁၀-မိနစ်လောက် စကားပြောပြီးတော့မှ
ဘုန်းကြီးတွေ ပြန်သွားတယ်။

အခုလောလောဆယ်တော့ ကျမတို့အိမ်ပါတယ်။ ဟုတ်ပါတယ် ၃-အိမ်ပါ။ ကမ္ဘာကျော်ရယ်၊
မလိခရယ်၊ ၀င်းမေတ္တာရယ် အဲဒီ ၃-ဆိုင် ဖျက်ဆီးခံလိုက်ရတယ်။ ဟုတ်ပါတယ်
အိမ်နဲ့တွဲလျက်ရှိတာပါ။

လူအသေအပျောက် ထိခိုက်ဒဏ်ရာ ရတာတော့ မရှိပါဘူး။ ဟုတ်ကဲ့
သူတို့လုပ်လို့တော့ ဒဏ်ရာမရပါဘူး။ လူတွေက တတ်နိုင်သလောက်ပြေးလွှားရတော့
တစ်ခြားအရာတွေနဲ့ ထိခိုက်မိလို့ ပွန်းပဲ့ဒဏ်ရာရတာတော့ရှိတယ်။ သူတို့က
လူကိုတွေ့ရင်တော့ လုပ်မယ့်အနေအထားရှိတယ်။ အခုက လူကို မတွေ့လို့လေ။ သတ်မယ်
သတ်မယ်၊ ခေါင်းဖြတ်မယ်၊ သတ်မယ် ဆိုပြီး အော်နေကြတာလေ။ တံခါးတွေကို
ရိုက်နေရင်းနဲ့ ရိုက် ရိုက် ရိုက် ဆိုပြီးအော်နေကြတာ။ ကျမတို့ကတော့
လွတ်အောင် ရှောင်လိုက်တာပါ။ လူရှိရင်တော့ သူတို့ လုပ်မှာပါ။

ဗလီကိုတော့မဖျက်ပါဘူး။ ဗလီကတော့ မနှစ်ကတည်းက ပါသွားပြီးသား။ ဗလီ
မရှိတော့ဘူး။ အခုပြောတဲ့ ဗလီဆိုတာက ဂျမအသ်ခါနာ(၀တ်ပြုဆောင်)လည်းမက ဗလီလည်း
မကျပါဘူး။ ဆိုင်းတောင်က လူတွေကတော့ ဟိုးအရင်ကတည်းက အဲဒါကို
ဗလီလို့ခေါ်ကြတာပါ။

အခုဖြစ်တဲ့အပေါ်မှာ တာဝန်ရှိသူတွေက ဘာပြောလဲဆိုတော့ သူတို့ တစ်ညလုံးစောင့်ပေးမယ်။ စိတ်မပူနဲ့ ဆိုတဲ့အကြောင်းပြောတယ်။ ရ.ယ.က ကို
သူတို့ပြောနေသံကိုကြားတယ်။ ရဲမှူးက မှာနေတယ်။ ရယကကို ခင်ဗျားတို့
ကြက်ခြေနီတို့ ဘာတို့ရော ဒီတစ်ညတော့ မအိပ်နဲ့ ဒုက္ခခံပြီး စောင့်ပါလို့
မှာနေတယ်။ လူချထားလား မချထားလားတော့ ကျမလည်း ထွက်မကြည့်ရဲဘူး။ အခု ကျမလည်း
အိမ်မှာ မအိပ်ရဲဘူး။ တစ်ခြားအိမ်မှာ အိပ်နေတာ။” ဆိုင်းတောင်မှ ဒေသခံမှ
M-Media သို့ အကြမ်းဖက်ဖျက်ဆီးခံရမှု အခြေအနေကို ပြောပြချက်ဖြစ်တယ်

No comments :

Post a Comment

Blogger Widgets
Back to Top