ပထမအကြိမ် အမျိုးသားလွှတ်တော်မှ ဆဋ္ဌမအကြိမ်အထိ အစိုးရမှ ဆောင်ရွက်ရန်
ကျန်ရှိနေသော မေးခွန်းပေါင်း ၃၃၈ ခု၊ အဆို ၄၇ ခုနှင့်ပတ်သက်၍ အစိုးရ၏
အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီနှင့် အစိုးရ
ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ ဇူလိုင် ၂ ရက်တွင်
တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ကော်မတီဥက္ကဋ္ဌ ဦးအောင်ထွန်းက "လွှတ်တော်မှာ
မေးမြန်းခဲ့တဲ့ အဆိုတွေ၊ မေးခွန်းတွေအပေါ် ၀န်ကြီးဌာနတွေက လုပ်ဆောင်တာတွေနဲ့
ပတ်သက်ပြီး ဆွေးနွေးကြတာပါ။ ပထမအကြိမ်ကနေ ဆဋ္ဌမအကြိမ်အထိ ကတိဖြစ်ပေါ်ခဲ့တဲ့
အဆိုတွေ၊ မေးခွန်းတွေ ကျန်နေပါသေးတယ်။ ဒါတွေကိုလည်း ၀န်ကြီးဌာနတွေ အနေနဲ့
အောက်ခြေအထိဆင်းပြီး ပြီးစီးမှုတွေကို ကျွန်တော်တို့ ကော်မတီ၊ ဒါမှမဟုတ်ရင်
အမျိုးသားလွှတ်တော် ဥက္ကဋ္ဌထံကို ပေးပို့သင့်ပါတယ်။ ဒါမှသာ ပြည်သူတွေကို
လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ ပြန်လည်ပြောပြနိုင်မှာပါ။ ကတိဖြစ်ပေါ်ခဲ့တဲ့
မေးခွန်းတွေ၊ အဆိုတွေကို အမြန်ဆုံး လုပ်ဆောင်ပေးစေ လိုပါတယ်" ဟု
ပြောကြားသည်။
အစိုးရမှ ဆောင်ရွက်ရန် ကျန်နေသည့် မေးခွန်းများမှာ ပထမအကြိမ်တွင် ၇၂
ပုဒ်၊ အဆို ၁၉ ပုဒ်၊ ဒုတိယ အကြိမ်တွင် မေးခွန်းပေါင်း ၉၃ ပုဒ်၊ အဆို ၁၀
ပုဒ်၊ တတိယ အကြိမ်တွင် မေးခွန်းပေါင်း ၇၁ ပုဒ်၊ အဆိုငါးပုဒ် ကျန်ရှိပြီး
ဆဋ္ဌမအကြိမ်တွင်မူ မေးခွန်းပေါင်း ၁၀၂ ခု၊ အဆို ၁၃ ခု ဆောင်ရွက်ရန်
ကျန်နေသေးကြောင်း ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
ဆဋ္ဌမအကြိမ်တွင် ကတိဖြစ်ခဲ့ပြီး အစိုးရမှ ဆောင်ရွက်ရန် ကျန်နေသည့်
မေးခွန်းများတွင် ပညာရေးဝန်ကြီးဌာန ၁၇ ခု၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၁၈ ခု၊
ကျန်းမာရေးဝန်ကြီး ဌာန ၁၆ ခုဖြင့် အများဆုံး ကျန်ရှိနေပြီး အဆိုတွင်မူ
ပို့ဆောင်ရေးဝန်ကြီးဌာန သုံးခု၊ ပညာရေးဝန်ကြီးဌာန နှစ်ခုဖြင့် အများဆုံး
ကျန်ရှိနေကာ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက
မေးခွန်းရှစ်ခု၊ အဆိုတစ်ခု ကျန်ရှိနေကြောင်း သိရသည်။
"ကတိဖြစ်ခဲ့တာတွေကို ပြန်ကြားခြင်း မရှိဘူးဆိုရင် အစိုးရအနေနဲ့ ကတိက၀တ်
မရှိတာမျိုး ဖြစ်မယ်။ ၀န်ကြီးက ကတိပေးတာတစ်မျိုး၊ အောက်ခြေမှာ
တစ်မျိုးဆိုရင်လည်း ကျွန်တော်တို့ ကော်မတီအနေနဲ့ အခက်အခဲ ဖြစ်ပါတယ်။
ဒါကြောင့် အမြန်ဆုံး ပြန်ကြားပေးဖို့ လိုပါတယ်" ဟု ကော်မတီဥက္ကဋ္ဌ
ဦးအောင်ထွန်းက ပြောကြားသည်။

No comments :
Post a Comment