ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း မီဒီယာများ၏ မေးခွန်းများကို ဖြေကြားစဉ် (ဓာတ်ပုံ-ငြိမ်းဇော်လင်း)
ဇူလိုင် ၁ ရက်တွင် ပြုလုပ်ခဲ့သည့် အမျိုးသား ကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီ အစည်းအဝေးသည် ငြိမ်းချမ်းရေး ကိစ္စများအတွက်
အကျိုးရှိခဲ့ပြီး ကာ/လုံ အစည်းအဝေးများကို လွှတ်တော်ကာလများအတွင်း အနည်းဆုံး
တစ်ပတ်လျှင်တစ်ကြိမ် ပြုလုပ်သွားမည်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက
ဇူလိုင် ၂ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။
နိုင်ငံတော် သမ္မတထံသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၏ အမျိုးသား ကာကွယ်ရေးနှင့်
လုံခြုံရေးကောင်စီ အစည်းအဝေး အမြန်ဆုံး ခေါ်ယူပေးရန် သ၀ဏ်လွှာ ပေးပို့ချက်အရ
ဇူလိုင် ၁ ရက်၊ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည့် ကာ/လုံ အစည်းအဝေးတွင်
နိုင်ငံတော် အစိုးရအနေဖြင့် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင်
အောင်မြင်မှုများ ရရှိခဲ့သော်လည်း အချို့သော ကိစ္စရပ်များတွင် မလိုလားအပ်သော
ကိစ္စရပ်များဖြင့် ဘေးထွက်ဆိုးကျိုးများ ဖြစ်ပေါ်လာနေသည့် ကိစ္စများအား
ဆွေးနွေးနိုင်ခဲ့ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။
အဆိုပါ ဆွေးနွေးချက်များအပေါ် မူတည်ပြီး သက်ဆိုင်ရာ တာဝန်ရှိ
ပုဂ္ဂိုလ်အဖွဲ့ အစည်းများက မည်သို့မည်ပုံ ဖြေရှင်းပေးနေသည်ကို
ကြားသိခဲ့ရပြီး ငြိမ်းချမ်းရေး ရရှိအောင် မဖြစ်မနေ ကြိုးစားလုပ်ဆောင်ရန်
ဆုံးဖြတ်ခဲ့ကြကြောင်း၊ နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ
အစည်းအဝေးသည် နိုင်ငံအတွက်၊ ပြည်သူအတွက်၊ ငြိမ်းချမ်းရေးအတွက်၊
နိုင်ငံနှင့် နိုင်ငံသားများအတွက် အင်မတန် အကျိုးရှိသည့်
ဆွေးနွေးမှုတစ်ခုဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "ကာ/လုံ ဆွေးနွေးမှုက
လွှတ်တော်ကာလများ အတွင်းမှာ အနည်းဆုံး တစ်ပတ်ကိုတစ်ကြိမ် လုပ်မယ်လို့
ဆုံးဖြတ်ထားပါတယ်။ မနေ့က ပြုလုပ်ခဲ့တဲ့ ကာ/လုံ အစည်းအဝေးအပေါ် ကျေနပ်အားရမှု
ရှိပါတယ်။ နိုင်ငံတော်သမ္မတ အပါအ၀င် ကာ/လုံ အဖွဲ့ဝင်အားလုံး ကျေနပ်ကြပါတယ်။
မနေ့က အစည်းအဝေးက အောင်မြင်ပါတယ်။ အဆင်ပြေပါတယ်။ ကာ/လုံ
အစည်းအဝေးလုပ်ခဲ့တဲ့ အရေအတွက်ကိုတော့ မမှတ်မိတော့ပါဘူး။ အစိုးရ
အပြောင်းအလဲကာလ အစပိုင်းမှာ တစ်ပတ်ကိုသုံးကြိမ်အထိ ထိုင်ခဲ့တယ်။
အခုမထိုင်ဖြစ်တာ တော်တော်ကြာသွားပြီ" ဟု ပြောကြားသည်။
အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို နိုင်ငံတော်သမ္မတ၊
ဒုတိယသမ္မတနှစ်ဦး၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်
ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေး
ဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေး ၀န်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး
ဝန်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးစသည်ဖြင့်
ဖွဲ့စည်းထားသည်။

No comments :
Post a Comment