Blogger Widgets

Wednesday, 3 July 2013

အစိုးရနှင့် လွှတ်တော်ကြား သဘောထားမတူခြင်းမှာ သဘာဝပင်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ပြောကြား

အစိုးရနှင့် လွှတ်တော်ကြား သဘောထားမတူခြင်းမှာ သဘာဝပင်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇူလိုင် ၂ ရက်တွင် သတင်းထောက်များကို ပြောကြားသည်။
"ဒီခေတ်ဖွဲ့စည်းပုံ အခြေခံဥပဒေက အာဏာကြီးသုံးရပ် ရှိပါတယ်။ အာဏာကြီးသုံးရပ်က ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေးအာဏာ ဒီအာဏာသုံးရပ်ကို တတ်နိုင်သမျှ ပိုင်းခြားပြီး ခွဲခြားအုပ်ချုပ်ရမယ်။ တတ်နိုင်သမျှ ပိုင်းခြားပြီး တာဝန်ယူရမယ်။ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းရမယ်။ ဒါကြောင့်မို့ ဥပဒေပြု အဖွဲ့အစည်းသည် ဥပဒေပြုတဲ့လုပ်ငန်းကို လုပ်ကြတယ်။ အုပ်ချုပ်ရေးအဖွဲ့သည် အုပ်ချုပ်တဲ့လုပ်ငန်းကို လုပ်တယ်။ တကယ်လို့သာ ဥပဒေပြုရေးနဲ့ အုပ်ချုပ်ရေးသည် တစ်ထပ်တည်း ရှိတယ်ဆိုရင် အာဏာသုံးရပ် ပိုင်းခြားတယ်ဆိုတာ မဖြစ်နိုင်ဘူး။ ဒါကြောင့်မို့ ဒီနေ့လုပ်နေတာက အစိုးရနဲ့ လွှတ်တော်ပဋိပက္ခ အသွင်ဆောင်နေတာ မဟုတ်ဘူး။ သဘောထားချင်းတော့ တူချင်မှတူမယ်။ ဒါသဘာဝပဲ။ လူနှစ်ယောက်ရှိရင် တစ်ယောက်ရဲ့ သဘောထားနဲ့ တစ်ယောက်ရဲ့ သဘောထား တစ်ထပ်တည်း မတူနိုင်ဘူး။ ဒါပေမဲ့လို့ ညှိရတဲ့သဘော ရှိပါတယ်။ ညှိရတဲ့အခါမှာ လွှတ်တော်က ပြည်သူ့ဆန္ဒ၊ ပြည်သူ့သဘောထားကို အဓိကထားကြည့်တယ်။ အဲလိုလုပ်ဆောင်တဲ့ အခါမှာ အစိုးရကလည်း တကယ်တမ်းကျတော့ ပြည်သူ့ရဲ့ ဆန္ဒအတိုင်း၊ ပြည်သူ့ရဲ့ သဘောထားအတိုင်း လိုက်ပါဆောင်ရွက်ခြင်းဖြစ်တယ်။ ဒီကြားထဲမှာ သဘောထားမတူတာ တစ်ထပ်တည်းမကျတာ ရှိနိုင်ပါတယ်။ သဘာဝပါပဲ" ဟု သတင်းထောက်များ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက "တချို့က သမ္မတနဲ့ လွှတ်တော်အကြား ရန်ဖြစ်နေသလားဆိုတဲ့ မေးခွန်းမျိုးတွေ အမေးခံရခြင်း ကာ/လုံကို မှန်မှန်မလုပ်နိုင်တဲ့အပေါ် မူတည်ပြီး ပြောကြသလား ဆိုပြီးတော့ စဉ်းစားရမယ့်ကိစ္စ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ကာ/လုံကို အချိန်မှန်မှန် လုပ်ပါမယ်။ အဲဒီအတိုင်းပဲ သမ္မတနဲ့ လွှတ်တော်ဥက္ကဋ္ဌ အကြားလည်း ရန်ဖြစ်ခြင်း မရှိပါဘူး" ဟု သတင်းထောက်များကို ပြောကြားသည်။
ထို့ပြင် လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ တာဝန်ပြန်လည် ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေအချက်အလက်များသည် ခေတ်စနစ်နှင့် မလျော်ညီတော့သဖြင့် လွှတ်တော်တွင်း ဆွေးနွေးမှုများ ခေတ္တရပ်ဆိုင်းနေရခြင်းဖြစ်ကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top