လွှတ်တော်ကိုယ်စားလှယ်များအား အမျိုးသားလွှတ်တော် ခန်းမ၌ တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
လွှတ်တော်သက်တမ်း တစ်ဝက်ရှိလာပြီ ဖြစ်သည့်အတွက် အမျိုးသားလွှတ်တော်တွင်
ဖွဲ့စည်းထားသည့် ကော်မတီများအား ပြင်ဆင်ဖွဲ့စည်းမည်ဟု အမျိုးသားလွှတ်တော်
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ဇူလိုင် ၅ ရက်တွင် ပြုလုပ်သော အမျိုးသားလွှတ်တော်
အစည်းအဝေး၌ ပြောကြားသည်။
''ပြင်ဆင်ဖွဲ့စည်းမယ့် ကော်မတီတွေကို ဆက်လက်ဖွဲ့သင့်၊ မသင့်။ ဆက်လက်
လိုအပ်ခြင်း ရှိ၊ မရှိ။ နောက်ပြီးတော့ တခြား ထပ်မံဖွဲ့စည်းသင့်တဲ့ ကော်မတီ
ရှိပါက အကြံဥာဏ် ပေးစေလိုပါတယ်။ အကြံပြုချက်တွေကိုလည်း တနင်္လာနေ့မှာ
ပေးပို့စေလိုပါတယ်''ဟု အမျိုးသားလွှတ်တော် ဥက္ကဋ္ဌက ပြောကြားသည်။
ပြင်ဆင်ဖွဲ့စည်းမည့် ကော်မတီများအဖြစ် လွှတ်တော်အုပ်ချုပ်မှုနှင့်
ရေးရာကော်မတီများ လုပ်ငန်းအဖွဲ့၊ တိုင်းရင်းသားရေးရာ ကော်မတီ၊
နိုင်ငံသားများ၏ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ
ကော်မတီ၊ အမျိုးသားစီမံကိန်းနှင့် နိုင်ငံတော် အထူးစီမံကိန်းကြီးများ
ဆိုင်ရာကော်မတီ၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ ကော်မတီ၊
အပြည်ပြည်ဆိုင်ရာ လွှတ်တော်လုပ်ငန်းများ လေ့လာရေးနှင့် လွှတ်တော်ချင်း
ချစ်ကြည်ရေး ကော်မတီ၊ ပြည်တွင်းပြည်ပ အလုပ်သမားများရေးရာ ကော်မတီ၊
သတ္တုနှင့် သယံဇာတရေးရာ ကော်မတီ၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်မှု
ကော်မတီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ဆိုင်ရာ ကော်မတီ၊ နိုင်ငံတကာ
ဆက်ဆံရေးနှင့် ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများနှင့် ဆက်ဆံရေး ကော်မတီ၊
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ချရေး ကော်မတီ၊ သဘာဝ ဘေးအန္တရာယ်
ကယ်ဆယ်ရေးနှင့် ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေး ကော်မတီ၊
ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ ပြေလျော့ရေး ကော်မတီ၊ ပြည်သူတို့၏
တိုင်ကြားစာဆိုင်ရာ ကော်မတီ၊ အစိုးရမဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ
ဆိုင်ရာကော်မတီ၊ တောင်သူလယ်သမားရေးရာ ကော်မတီ၊ သုတေသနနှင့် စာတမ်းဖတ်ပွဲ၊
အလုပ်ရုံဆွေးနွေးပွဲ ကော်မတီတို့ဖြစ်ပြီး ဘဏ္ဍာရေးနှင့် ဥပဒေရေးရာ
ကော်မရှင်မှာ မူလအတိုင်း ရှိမည်ဖြစ်ကြောင်း ဥက္ကဋ္ဌက ပြောကြားသည်။
ပြင်ဆင်ဖွဲ့စည်းရန် လျာထားသည့် ကော်မတီများကို လွှတ်တော်ကိုယ်စားလှယ်များ
အနေဖြင့် ဆက်လက်ထားရှိ သင့်၊ မသင့်၊ မလိုအပ်ရင်လည်း အကြံပြုနိုင်ကြောင်း၊
တိုင်တိုင်ပင်ပင် လုပ်ချင်သည့်အတွက် အကြံဥာဏ် တောင်းခံခြင်း ဖြစ်ကြောင်း၊
ယခင်က ဥက္ကဋ္ဌ လုပ်ပိုင်ခွင့်အရ ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း၊ ပေးပို့လာသည့်
အကြံဉာဏ်များပေါ် မူတည်ပြီး ဆက်လက်ဆောင်ရွက်မည် ဖြစ်ကြောင်း
ဥက္ကဋ္ဌဦးခင်အောင်မြင့်က ပြောကြားသည်။

No comments :
Post a Comment