ဒေါက်တာဆိတ်ဖွား စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌဦးမြညိမ်း အစီရင်ခံစာ ဖတ်ကြားစဉ်
အင်တာနက်ပေါ်တွင် ဒေါက်တာဆိတ်ဖွား ဆိုသူ၏ Voice of Myanmar ဘလော့တွင်
ရေးသားခဲ့သော Above the Law ဆောင်းပါး ခေါင်းစဉ်ပါ ဝေဖန်ချက်နှင့်
ပတ်သက်ပြီး လွှတ်တော်မှ စုံစမ်းရေး ကော်မရှင်ဖွဲ့၍ စစ်ဆေးခဲ့သော်လည်း
ပရော်ဖက်ဆာ ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါ ဆိုသည်ကို တိတိကျကျ
ဖော်ထုတ်နိုင်ခဲ့ခြင်း မရှိကြောင်း သိရသည်။
ဒေါက်တာဆိတ်ဖွား၏ Above the Law ဆောင်းပါးပါ ဝေဖန်ချက်နှင့် ပတ်သက်၍
စုံစမ်းရေး ကော်မရှင်၏ အစီအရင်ခံစာနှင့် ပြည်ထောင်စုလွှတ်တော် နာယက၏
သုံးသပ်ချက်ကို ဇူလိုင် ၁ ရက်တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော်၌
တင်ပြဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဒေါက်တာဆိတ်ဖွား မည်သူမည်ဝါ
ဆိုသည်ကို တိတိကျကျ ဖော်ထုတ်ခဲ့ခြင်း မရှိဘဲ နောက်နောင်တွင်
ထပ်မံမပြုလုပ်ရန် သတိပေးမှုဖြင့်သာ အဆုံးသတ်ခဲ့ခြင်း ဖြစ်ပါသည်။
ဒေါက်တာဆိတ်ဖွား၏ ရေးသားမှုကို စုံစမ်းဖော်ထုတ်ရေးနှင့် စပ်လျဉ်းသော
စုံစမ်းရေးကော်မရှင်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ဖွဲ့စည်းလိုက်ပြီး
စုံစမ်းရေး ကော်မရှင်မှ အချိန်ငါးလကြာ စုံစမ်းစစ်ဆေးမှုများ
ပြုလုပ်ခဲ့ပြီးနောက် ဇူလိုင် ၁ ရက် ပြည်ထောင်စုလွှတ်တော်တွင် အစီရင်ခံစာ
ဖတ်ကြားခဲ့ခြင်း ဖြစ်ပါသည်။
စုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြညိမ်းက အစီရင်ခံစာကို
ဖတ်ကြားတင်သွင်းခဲ့ပြီး ကော်မရှင်၏ လုပ်ဆောင်ပုံ အဆင့်ဆင့်၊ မီဒီယာနှင့်
ပြန်ကြားရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူများ အပါအ၀င် လူပုဂ္ဂိုလ် ၁၄ ဦးကို
ခေါ်ယူမေးမြန်းခဲ့သည့် အကြောင်းအရာနှင့် ပြန်လည်ဖြေကြားချက်
အကျဉ်းချုပ်များကို ဖတ်ကြားခဲ့ပါသည်။
စုံစမ်းရေးကော်မရှင် အနေနှင့် ဒေါက်တာဆိတ်ဖွား ဆောင်းပါးကို ဂျာနယ်၌
ဖော်ပြခဲ့ဖူးသော Smart News ဂျာနယ် အယ်ဒီတာချုပ် ဦးခင်မောင်ညို (ဘောဂဗေဒ)
ဒေါက်တာ ခင်မောင်ညို၊ Eleven Media Group မှ ဒေါက်တာသိန်းမြင့်၊
ကိုဝေဖြိုးနှင့် ကိုနေထွန်းနိုင်၊ Smart News ဂျာနယ်၌ စာပြင်ဆရာ
လုပ်ကိုင်ခဲ့သူ ဦးသိမ်းတင်သား၊ The Voice ဂျာနယ် အယ်ဒီတာချုပ်
ဦးကျော်မင်းဆွေ၊ နိုင်ငံတော်သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးတို့နှင့်
ပြန်ကြားရေးဝန်ကြီးဌာနတွင် တာဝန်ထမ်းဆောင်နေဆဲနှင့် တာဝန်ထမ်းဆောင်
ခဲ့ဖူးသူများဖြစ်သည့် ဦးရဲထွဋ်၊ ဦးတင့်ဆွေ၊ ဦးဇော်မင်းဦး၊
ဦးသိန်းအောင်၊ ဦးဇေယျာတို့ကိုလည်း ခေါ်ယူမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း
သိရသည်။
ထိုသို့ တင်ပြရာတွင် Eleven Media Group မှ ဒေါက်တာသိန်းမြင့်၊
ကိုဝေဖြိုးနှင့် ကိုနေထွန်းနိုင်တို့က ဒေါက်တာဆိတ်ဖွား
စုံစမ်းရေးကော်မရှင်သို့ ပြောကြားခဲ့ရာတွင် ဒေါက်တာဆိတ်ဖွား၏
ရေးသားချက်များသည် သမ္မတ၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ပြန်ကြားရေး ဒုတိယ၀န်ကြီး
ဦးရဲထွဋ်ဟု ထင်မြင်စရာအကြောင်း ရှိသည်များနှင့် ဒေါက်တာဆိတ်ဖွား၊
ပိတောက်မြေ၀က်ဘ်ဆိုက်၊ စစ်အောင် Facebook တို့၏ ဆက်စပ်မှုများကို
အချက်အလက်များ၊ ဆက်စပ်ဖြစ်စဉ်များဖြင့် ရှင်းပြခဲ့ကြောင်း သိရသည်။
ထို့ပြင် ''...ဆိတ်ဖွားအမည်ဖြင့် မီဒီယာများအကြောင်း ဆောင်းပါးတစ်ပုဒ်
ဦးခင်မောင်ညို (ဘောဂဗေဒ) အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည့် Smart News
ဂျာနယ်တွင် ပါရှိခဲ့ပါကြောင်း၊ ဤဆောင်းပါးကို ရေးသားသူသည် မီဒီယာနှင့်
ပတ်သက်၍ ထဲထဲဝင်ဝင် ကျယ်ကျယ်ပြန့်ပြန့် သိထားသူတစ်ယောက် ဖြစ်သည်ကို
ဆောင်းပါးပါ အသုံးအနှုန်းများ အရ ကောက်ချက်ချနိုင်ပါကြောင်း၊ ဆောင်းပါး၏
အစတွင်လည်း နိုင်ငံတော် သမ္မတကြီးဟု အစချီ သုံးနှုန်းထားပါကြောင်း၊
များသောအားဖြင့် ထောက်ပြဝေဖန်သူများသည် စကားလုံး သုံးစွဲမှုများတွင်
သတိထားပြီး ဆင်ခြင်သုံးစွဲလေ့ မရှိပါကြောင်း၊ စစ်အောင် Facebook
နှင့်ပတ်သက်၍ တင်ပြလိုသည်မှာ ဦးရဲထွဋ် ခရီးတစ်ခုခု သွားသည်များရှိလာလျှင်
စစ်အောင်ကလည်း ကချင်ပြည်နယ် သွားလိုက်ဦးမယ်၊ ရခိုင်သွားလိုက်ဦးမယ် ဆိုတာ
တွေ့ရှိရပါကြောင်း၊ အံ့သြစရာ ကောင်းသည်မှာ လွှတ်တော်မှ စုံစမ်းရေး ကော်မရှင်
ဖွဲ့စည်းပြီးသည့်အခါ စစ်အောင် Facebook Account သည်
ဖျက်သိမ်းသွားပါကြောင်း၊ စစ်အောင်ဆိုက်တွင် တင်ထားသည့် ဓာတ်ပုံနှင့်
စပ်လျဉ်း၍ ဦးရဲထွဋ်၏ ဥရောပခရီးစဉ်တွင် ရိုက်ကူးထားသော ဓာတ်ပုံဖြစ်၍
ယင်းဓာတ်ပုံကို အလွယ်တကူရရှိရန် ခဲယဉ်းပါကြောင်း...'' စသည်ဖြင့်
ကိုဝေဖြိုးက ကော်မရှင်သို့ ပြောကြားခဲ့ကြောင်း သိရသည်။ ထို့ပြင် ''...
ပိတောက်မြေ ၀က်ဘ်ဆိုက်ကို ပိတ်လိုက်သော အချိန်တွင် Voice of Myanmar
ဝက်ဘ်ဆိုက်တွင် ဆိတ်ဖွား၏ ဖော်ပြချက်များ ပို၍ တက်လာပါကြောင်း၊
စစ်အောင်ဆိုက်ပေါ်မှ ဓာတ်ပုံနှင့် စပ်လျဉ်းသည့် ဦးရဲထွဋ်က
ငြင်းဆိုပါကြောင်း၊ သို့သော် အွန်လိုင်းပေါ်က ဓာတ်ပုံတစ်ပုံကို ထိုအတိုင်း
ဆွဲယူသုံးထားသည်ဆိုတာ မဖြစ်နိုင်ပါကြောင်း၊ စစ်အောင်ရေးသားထားသည့်
ဆောင်းပါးများနှင့် ဦးရဲထွဋ်၏ ဆောင်းပါးများသည် အရေးအသား တူညီမှု
ရှိပါကြောင်း...'' တို့ကို ကိုနေထွန်းနိုင်က အချက်အလက်များဖြင့်
ရှင်းပြခဲ့ကြောင်း သိရသည်။
သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေး ဒုတိယ၀န်ကြီး ဦးရဲထွဋ်က ၎င်းသည်
ဒေါက်တာဆိတ်ဖွား မဟုတ်ကြောင်း ငြင်းဆိုခဲ့ပြီး ဒေါက်တာဆိတ်ဖွား ကလောင်ရှင်
ရေးသားသည့် ဆောင်းပါးကို ပြန်ကြားရေး ၀န်ကြီးဌာနက ရေးသားရန် ညွှန်ကြားချက်
လုံးဝမရှိပါကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။ ထို့ပြင် ဦးခင်မောင်ညို
(ဘောဂဗေဒ)က ၎င်း၏ ဂျာနယ်တွင် ဖော်ပြခဲ့သော ဒေါက်တာဆိတ်ဖွား ဆောင်းပါးသည်
အင်တာနက်မှ တစ်ဆင့် ၎င်း၏ကိုယ်ပိုင်မေးလ်ဖြင့် ပြန်လည်ရယူ
အသုံးပြုခဲ့ခြင်းဖြစ်ကြောင်း၊ ထည့်သွင်းဖော်ပြခဲ့သော ဆောင်းပါးနှင့်
ပတ်သက်၍ မိမိတွင်သာ တာဝန်ရှိပါကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။
ဒေါက်တာဆိတ်ဖွား ဘလော့ကို ဒေါက်တာစိုးရင် အဆိုတင်မှ သိရှိရပါကြောင်း၊
မီဒီယာများမှမေး၍ ဒေါက်တာဆိတ်ဖွား ဘယ်သူလဲ ဆိုသည်ကို ဦးရဲထွဋ်ကိုသာ
မေးကြည့်ပါဟု ပြောခဲ့ရခြင်းမှာ ယခင်က သမ္မတရုံးနှင့် မီဒီယာအကြား၊
ဆက်ဆံရေးအပိုင်း တာဝန်ယူခဲ့သော်လည်း ၈-၁-၂၀၁၃ မှစ၍ တရားဝင် ပြောရေးဆိုခွင့်
ရှိသူမှာ ဦးရဲထွဋ်ဖြစ်၍ ညွှန်းဆိုခြင်း ဖြစ်ပါကြောင်း၊ စစ်အောင်ကို မိမိ
မသိပါကြောင်း သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောကြားခဲ့သည်ဟု
သိရသည်။
ပြည်ထောင်စု လွှတ်တော်သို့ စုံစမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဦးမြညိမ်း၏
တင်ပြချက်များအပေါ် ပြည်ထောင်စုလွှတ်တော် နာယကမှ ဆုံးဖြတ်ချက်
ပေးခဲ့ခြင်းဖြစ်သည်။
လွှတ်တော်နာယက၏ ဆုံးဖြတ်ချက် အပိုဒ်(၆)တွင် ကော်မရှင်၏ အစီရင်ခံစာပါ
အချက်အလက်များကို လေ့လာခြင်းအားဖြင့် ဒေါက်တာဆိတ်ဖွားသည်
ဝါဒဖြန့်ချိရေးအုပ်စု တစ်စုဝင် ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ကြောင်း၊ ယင်း၏
ရေးသားချက်မှာလည်း ဥပဒေ အကိုးအကားနှင့် လွှတ်တော်၏ လုပ်ငန်းများကို
တည့်မတ်ပေးလိုသော စေတနာမှန်ဖြင့် ဝေဖန်ထောက်ပြ ပေးခြင်းမျိုး မဟုတ်ဘဲ
အဂတိတရား တစ်ပါးပါးကို အဓိပတိထား၍ စိတ်လိုက်မာန်ပါ ရေးသားပုတ်ခတ်ခြင်းသာ
ဖြစ်ကြောင်း ပေါ်လွင်ပါသည်။
အပိုဒ် (၇) မူလက ဒေါက်တာဆိတ်ဖွား ဆိုသူကို ဖော်ထုတ်၍ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ လွှတ်တော်အသီးသီးဆိုင်ရာ ဥပဒေ၊
နည်းဥပဒေ၊ ဓလေ့ထုံးတမ်းများနှင့် စနစ်တကျ ရှင်းပြရန် နာယကက
ရည်သန်ခဲ့သော်လည်း ဒေါက်တာဆိတ်ဖွား ဆိုသူသည် မိမိရေးသားချက်၏ အမှန်တရားကို
တာဝန်ယူ၍ ရင်ဆိုင်ဖြေရှင်းရဲသူ မဟုတ်သည့်အပြင် လွှတ်တော်မှာ လာရောက်
ဖြေကြားသူ တစ်ဦး၏ အသုံးအနှုန်းအရ ဆိုရပါက အမှောင်ထဲမှ ခဲနှင့်ထုသူသာ
ဖြစ်နေသောကြောင့် လွှတ်တော်က ပြန်လည်ရှင်းလင်းပြရန် လိုအပ်ခြင်း မရှိကြောင်း
တွေ့ရှိရသည်ဟု မှတ်ချက်ပေးထားသည်။
ထို့ပြင် ဒေါက်တာဆိတ်ဖွားဆိုက်တွင် ၂၀-၁-၂၀၁၃ တွင် တင်ထားသော
တောင်းပန်ခြင်းကို လက်ခံသော်လည်း စာနယ်ဇင်းသမားဟူသည် အမှန်ကို အမှန်အတိုင်း
ရေးရမည်၊ ရေးရဲသည်ကိုလည်း အထောက်အထား ခိုင်ခိုင်လုံလုံဖြင့်
မှန်ကန်ကြောင်း တာဝန်ယူရမည်ဖြစ်၍ နောက်နောင်တွင် ဤကဲ့သို့ လုံးဝမပြုရန်
ပြည်ထောင်စုလွှတ်တော် နာယက အနေဖြင့် သတိပေးလိုက်သည်ဟု ပြည်ထောင်စု
လွှတ်တော်နာယက ဦးခင်အောင်မြင့်က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

No comments :
Post a Comment