အင်တာနက်ပေါ်၌ ဘာသာရေးနှင့် ပတ်သက်ပြီး အမုန်းတရား ပွားများလာစေရန်
လှုံ့ဆော်နေသူများကို လူ့ကျင့်ဝတ်ဖြင့် ထိန်းသိမ်းသည့် နည်းလမ်းအပြင်
ဥပဒေပြဋ္ဌာန်းပြီး ဖော်ထုတ် အရေးယူမှုများ ပြုလုပ်ရန် အကြံပြုချက်များ
ရှိနေကြောင်း သိရှိရပါသည်။
လက်ရှိအချိန်တွင် လူမှုကွန်ရက် ၀က်ဘ်ဆိုက်ဖြစ်သော Facebook တွင်
ဘာသာရေးနှင့် ပတ်သက်သော အမုန်းတရားများ ပွားများလာစေရန် Hate Speech များ
ရေးသားပြီး လှုံ့ဆော်သူများမှာ ပိုမိုများပြားလာကာ ထိန်းချုပ်ရန် ခက်ခဲသည့်
အခြေအနေ တစ်ရပ်သို့ ရောက်ရှိနေကြောင်း သိရပါသည်။ ထိုကဲ့သို့ ဘာသာရေးနှင့်
ပတ်သက်ပြီး အမုန်းတရားပွားစေရန် လုပ်ဆောင်သူ အများစုမှာ Facebook Account
အတုများဖြင့် ရေးသားနေသူများဖြစ်ကာ အမည်ရင်း၊ Facebook Account အစစ်၊
Profile အမှန်တို့ဖြင့် ရေးသားနေသူများလည်း ရှိကြောင်း သိရှိရပါသည်။
''ကျွန်တော်တို့ Hate Speech နဲ့ ပတ်သက်ပြီး ဧပြီလတုန်းက
အလုပ်ရုံဆွေးနွေးပွဲ တစ်ခုလုပ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ Social Media မှာ
လိုက်နာကျင့်သုံးရမဲ့ Ethic ရှိပြီးသားပါ၊ လိုက်နာကျင့်သုံးမှု မရှိကြတာပါ။
Hate Speech ကို ပထမက လူ့ကျင့်ဝတ်နဲ့ ထိမ်းသိမ်းရမယ်။ နောက်တစ်ချက်က
ဥပဒေနဲ့ ထိမ်းသိမ်းရမယ်။ Facebook ကို သုံးသူတွေရဲ့ ၂၂ ရာခိုင်နှုန်းက
Facebook ကို တစ်ခုလုံးကို ဗြောင်းဆန်အောင် လုပ်နေတာကို တွေ့ရတယ်။
အဲဒီ့လူတွေကို ဥပဒေနဲ့ ထိမ်းသိမ်းဖို့ လိုပါတယ်။ ကျွန်တော်တို့လည်း
စိတ်ပူတယ်၊၂၀၁၃ ကနေ ၂၀၁၆ အထိကို ဖုန်းက ၃၉ သန်း ချမယ်ဆိုတော့
ပိုပြီးဆိုးလာဖို့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ သေချာထိမ်းသိမ်းဖို့
လိုလာတယ်။ Facebook ပေါ်မှာကိုပဲ ကိုယ်နဲ့တူတဲ့ အစုလေးတွေ ဖွဲ့ပြီးတော့ Hate
Speech တွေကို လက်မခံတာမျိုးတွေ၊ ကိုယ့်အုပ်စုထဲမှာပဲ အချင်းချင်း
ထိမ်းသိမ်းတာမျိုးတွေ လုပ်သင့်ပါတယ်'' ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်
ပွင့်လင်းလူ့ အဖွဲ့အစည်းမှ ဦးဂျင်မီက ပြောကြားသည်။
အမုန်းတရား ပွားများလာစေရန် ရည်ရွယ်သည့် လှုံ့ဆော်မှုများကို ဥပဒေအရ
ကာကွယ်သင့်၊ မသင့် ဆွေးနွေးပွဲ တစ်ရပ်ကို အမေရိကန်သံရုံး၏ စီစဉ်မှုဖြင့်
ဇွန် ၂၈ ရက်က ရန်ကုန်မြို့၌ ပြုလုပ်ခဲ့ပါသည်။ ထိုဆွေးနွေးပွဲတွင်
အေပီသတင်းဌာန၏ အတိုင်ပင်ခံဟောင်း Richard Winfield က အမုန်းတရား
တိုးပွားအောင် ပြုလုပ်သည့် လှုံ့ဆော်မှုများမှ ကာကွယ်ရန် ဥရောပနိုင်ငံ
အချို့တွင် ဥပဒေဖြင့် အကာအကွယ် ပေးထားသော်လည်း အခြားမလိုအပ်သည့်
ဘေးထွက်ဆိုးကျိုးများ ရှိသောကြောင့် ကောင်းကျိုး၊ ဆိုးကျိုးကို
ချင့်ချိန်ဆွေးနွေးရန် ပြောကြားခဲ့ပါသည်။
''အမေရိကားမှာတော့ Hate Speech အတွက် သီးသန့် ဥပဒေတော့ မရှိဘူး။ ဒါပေမဲ့
ဥပဒေကို ချိုးဖောက်တာတစ်ခုခု၊ အသက်မပြည့်သေးတဲ့ ကလေးတွေအပေါ် မတော်မလျော်
ပြုလုပ်တာမျိုး ဆိုရင်တော့ FBI တို့ CIA တို့လို အဖွဲ့တွေက ချက်ချင်း
လာဖမ်းသွားမှာပဲ။ မြန်မာနိုင်ငံမှာ အဲလိုအဖွဲ့တွေ မရှိတော့ Hate Speech
ပတ်သက်ပြီး ဥပဒေ ထုတ်ပြန်သင့်ပါတယ်'' ဟု နိုင်ငံရေး တက်ကြွလှုပ်ရှားသူ
ဦးမြင့်မောင်ဋ္ဌေးက ပြောကြားပါသည်။
''သင်ခဲ့ရတဲ့ သင်ခန်းစာ တစ်ခုထဲမှာ discrimination ကနေ တစ်ဖြည်းဖြည်း
Hate Speech ဖြစ်လာရင် Genocide ဖြစ်ဖို့ နီးလာပြီ။ ဒါကြောင့် မီးဆိုတာ
မလောင်ခင်တားတာ ကောင်းပါတယ်။ Hate Speech တွေ မပြန့်နှံ့အောင် ဥပဒေတစ်ရပ်
ထုတ်သင့်ပါတယ်'' ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင်
ဦးခင်မောင်ကြည်က ပြောကြားသည်။
အမုန်းတရား ပွားစေသာ လှုံ့ဆော်မှုများကို ဥပဒေထုတ်ပြန်၍ တားမြစ်ခြင်းများ၊
ဖော်ထုတ် အရေးယူခြင်းများ ပြုလုပ်ရန် အကြံပြုချက်များ ရှိသည့်နည်းတူ
ဆွေးနွေး အဖြေရှာသည့် ပုံစံဖြင့် ချဉ်းကပ်သင့်ကြောင်း အကြံပြုချက်များလည်း
ရှိပါသည်။
''Facebook ပေါ်မှာရေးနေတဲ့ အမုန်းတရားနဲ့ ပတ်သက်တဲ့ လှုံဆော်မှုတွေကို
တွေ့တိုင်း ချိုသာတဲ့ စကားလုံးတွေနဲ့ ပြန်ပြီး ရှင်းပြပေးသင့်တယ်။
တစ်ဖက်နဲ့တစ်ဖက် ရန်ဖြစ်နေတာကိုတွေ့ရင် Facebook ပေါ်မှာပဲ
ဆွေးနွေးညှိနှိုင်းပြီး ငြိမ်းငြိမ်းချမ်းချမ်း အဖြေရှာတဲ့ အလေ့အထမျိုး
ရှိစေချင်ပါတယ်။ ဒီလိုဆွေးနွေး အဖြေရှာတဲ့ ပုံစံမျိုးကို Social Society
တွေအနေနဲ့လည်း ပါဝင်သင့်ပါတယ်။ ဥပဒေတစ်ခုထုတ်ဖို့ ဆိုတာကိုတော့ ဥပဒေပညာရှင်
တစ်ယောက်အနေနဲ့ မထိရောက်ဘူးလို့ မြင်ပါတယ်'' ဟု ရန်ကုန်တိုင်း ဒေသကြီး
လွှတ်တော်အမတ် ဒေါ်ညိုညိုသင်းက ပြောကြားသည်။
''Electronic Transaction Law ထဲမှာဆိုရင် Facebook ပေါ်က လူမျိုးရေး
ဘာသာရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်မှုတွေကို သွယ်ဝိုက်ပြီး အရေးယူနိုင်တဲ့
ပုဒ်မ ၃၃ တော့ရှိတယ်။ မြန်မာနိုင်ငံမှာက Facebook မှာ ပြစ်မှုကျူးလွန်တာနဲ့
ပတ်သက်ပြီး အရေးယူနိုင်တဲ့ ဥပဒေတော့ မရှိသေးဘူး'' ဟု Purple Equity Law
Firm မှ အတိုင်ပင်ခံ ဥပဒေပညာရှင် ဦးဖိုးဖြူက ပြောကြားခဲ့သည်။
ဘာသာရေး အကြောင်းပြုပြီး အစွန်းရောက်သူများ၏ ရေးသားပြောဆိုမှုများကို
အရေးယူနိုင်သည့် ဥပဒေမှာ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ အချို့တွင်
ပြဌာန်းထားပြီး ရာဇသတ်ကြီး အခန်း ၂၂၊ ရာဇ၀တ်မကင်းသော ခြောက်လှန့်မှု၊
စော်ကားမှုနှင့် စိတ်ငြိုငြင်စေမှုများ အခန်းပါ ပုဒ်မ ၅၀၅ (ဂ) တွင် မည်သူမဆို
ဖော်ပြချက်ကိုဖြစ်စေ၊ ကောလာဟလကိုဖြစ်စေ၊ သတင်းကိုဖြစ်စေ ပြုရာတွင်
သို့တည်းမဟုတ် ထုတ်ပြန်ကြေညာရာတွင် သို့တည်းမဟုတ် ဖြန့်ချိရာတွင်
လူအမျိုးအစား အချင်းချင်းဖြစ်စေ၊ လူမျိုးစု အချင်းချင်းဖြစ်စေ၊
တဖက်နှင့်တဖက် ပြစ်မှုကျူးလွန်အောင် လှုံ့ဆော်ရန်အကြံရှိလျှင် သို့တည်းမဟုတ်
လှုံ့ဆော်ခြင်းကိုဖြစ်စေ၊ အဆိုပါ လှုံ့ဆော်ခြင်းကို ဖြစ်စေတန်ရာသည့်
အကြောင်းရှိလျှင် ထိုသူကို နှစ်နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ၊
ငွေဒဏ် ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဖြစ်ကြောင်း
ပြဌာန်းထားပါသည်။
ထို့ပြင် ကိုးကွယ်ဝတ်ပြုသော နေရာကို ဖျက်ဆီးခြင်း၊ ယုတ်ညံ့စေခြင်း၊
လူတစ်စား ကိုးကွယ်သည့်ဘာသာ၊ သာသနာကိုဖြစ်စေ၊ ဘာသာ သာသနာရေး
ယုံကြည်မှုကိုဖြစ်စေ စော်ကားခြင်းဖြင့် ထိုလူတစား၏ ကိုးကွယ်ရာ ဘာသာရေး
စိတ်ဓာတ်ကို နာကျည်းစေရန် ကြံရွယ်၍ မသမာစိတ်ဖြင့် တမင်ကျူးလွန်သော
ပြုလုပ်ခြင်းများ ပြုလုပ်ပါက ရာဇသတ်ကြီး အခန်း-၁၅၊ ဘာသာသာသနာဆိုင်ရာ
ပြစ်မှုများအခန်း ပုဒ်မ-၂၉၅ နှင့် ၂၉၅(က)အရ ထောင်ဒဏ် ချမှတ်ခံရနိုင်ကြောင်း
သိရသည်။
အင်တာနက်ပေါ်တွင် ဘာသာရေးနှင့် ပတ်သက်သော အမုန်းတရား ပွားများစေရန်
လှုံ့ဆော်နေသူများတွင် စင်ကာပူနှင့် မလေးရှားနိုင်ငံများသို့
ရောက်ရှိနေသူများလည်း ပါဝင်နေပြီး ထိုသူများကိုလည်း ဥပဒေအရ အရေးယူနိုင်သည့်
နည်းလမ်းများ ရှိကြောင်း သိရှိရပါသည်။
သို့သော် လူ့အခွင့်အရေး ကြေညာစာတမ်းပါ အပိုဒ် ၁၉ နှင့် ၂၀ တွင်
လူတစ်ဦးချင်း၏ လွတ်လပ်ခွင့်ကို ကျင့်သုံးရာ၌ အများစု၏ လွတ်လပ်ခွင့်ကို
မထိပါးစေရန်၊ လူအများ အခွင့်အရေးကို လေးစားရန်နှင့် လူမျိုးရေး ဘာသာရေး
မထိခိုက်စေရန် လိုအပ်ပါက ဥပဒေပြု တားမြစ်နိုင်ကြောင်း အခိုင်အမာ
ပြဌာန်းထားသော်လည်း အရာရာတိုင်းကို ဥပဒေဖြင့် လိုက်ပိတ်ရန် မလွယ်ကူကြောင်း
ဇွန် ၂၈ ရက်က ပြုလုပ်ခဲ့သော အမုန်းတရား ပွားများလာစေရန် ရည်ရွယ်သည့်
လှုံ့ဆော်မှုများကို ဥပဒေအရ ကာကွယ်သင့်၊ မသင့် ဆွေးနွေးပွဲတွင် ဦးရဲထွဋ်က
ပြောကြားခဲ့ပါသည်။

No comments :
Post a Comment