အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရယူထားတဲ့
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချူပ်ကြီး
ယွက်ဆစ် ဦးဆောင်တဲ့ အဖွဲ့ဝင် ၂၀ ခန့်ဟာ နေပြည်တော်မှာ သမ္မတ
ဦးသိန်းစိန် နဲ့ ဒီကနေ့ တွေ့ဆုံဖို့အတွက် နေပြည်တော်ကို
ရောက်ရှိနေပြီ ဖြစ်ပါတယ်။
ဒီခရီးစဉ်ဟာ ငြိမ်းချမ်းရေး ကိစ္စဆွေးနွေးဖို့အဓိကမဟုတ်ပဲ ချစ်ကြည်ရေး ခရီးစဉ်သာ ဖြစ်တယ်လို့ SSA ရှမ်းပြည် တပ်မတော်တောင်ပိုင်း တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောင်ဆိုင်း က အခုလို ပြောပါတယ်။
ဒီ ခရီးစဉ် မှာတော့ ကျနော်တို့ ဆွေးနွေးဖို့အတွက် အဓိကထားပြီးတော့ လာတဲ့ခရီးစဉ် မဟုတ်ပါဘူး၊ ကျနော်တို့ ချစ်ကြည်ရေး ခရီးစဉ် နောက်ပြီးတော့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေး ကိစ္စတွေကို ဦးစားပေးပြီးတော့ လာတဲ့ ခရီးစဉ်ပဲ ဖြစ်ပါတယ်။ အစိုးရကနေ ဖော်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကို ကျနော်တို့ အနေနဲ့ ဘယ်လို ဘယ်အပိုင်း ကဏ္ဍာ ကနေ ဦးစားပေးနိုင်မလဲ ဆိုတာကို သမ္မတ နဲ့ သွားပြီးတော့ တင်ပြမှာ ဖြစ်ပါတယ်၊
သမ္မတ ဦးသိန်းစိန် နဲ့တွေ့ဆုံမည့်ဒီခရီးစဉ်မှာ RCSS ဥက္ကဌ ဒုတိယ ဗိုလ်ချူပ်ကြီး ယွက်ဆစ် ဦးဆောင်ပြီး ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်မှူးချူပ် ပေါင်ခေး အပါအ၀င် ဗဟို်ကော်မတီဝင် တွေလည်းလိုက်ပါသွားကြသလို ဆက်ဆံရေးရုံးတာဝန်ခံတွေလည်း လိုက်သွားကြတယ်လို့ သိရပါတယ်။
သမ္မတ နဲ့ တွေ့ဆုံခဲ့ရင် ပြည်တောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ နဲ့ SSA ရှမ်းပြည်တောင်ပိုင်းတပ်မတော်တို့ အပြစ်အခတ်ရပ်စဲရေးအပါအ၀င် ငြိမ်းချမ်းရေး သဘောတူညီထားချက်တွေ အကောင်အထည်မဖော်နိုင်တဲ့ အခြေအနေတွေနဲ့ SSA အဖွဲ့က လိုလားချက်တွေကို တောင်းဆိုတင်ပြသွားဖို့ရှိတယ်လို့လည်း ဗိုလ်မှူး စိုင်းလောင်ဆိုင်း က ဆက်ပြောပါတယ်။
အခုလို သမ္မတ ဦးသိန်းစိန် နဲ့ သွားရောက်မတွေ့ဆုံခင် ရှမ်းပြည်တွင်းမှာရှိတဲ့ နိုင်ငံရေးပါတီတွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ လူထုအခြေပြု လူမှုအဖွဲ့အစည်းတွေ ပါဝင်တဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ၂ ရက်ကြာ ကျင်းပခဲ့ပြီး သဘောထား ကောက်ယူမှုတွေကို SSA က ပြုလုပ်ခဲ့ပါသေးတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS/SSA ရှမ်းပြည်တပ်မတော် တောင်ပိုင်းတပ်ဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်နေ့ကမှ ပထမဆုံးအကြိမ် အစိုးနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်ကြောင်း ရေဒီယို သြစတေးလျ သတင်းထောက် သန်းကျော်စိုး က သတင်းပေးပို့ထားပါတယ်။

No comments :
Post a Comment