Blogger Widgets

Sunday, 9 June 2013

မန္တလေး Down Town ဧရိယာအတွင်း အပန်းဖြေဥယျာဉ် ပြုလုပ်ရန် မြေနေရာ ရှာဖွေ

mdykdg-june9
မန္တလေး ကန်တော်ကြီးဥယျာဉ် အတွင်းပိုင်း တစ်နေရာအား တွေ့ရစဉ်
မန္တလေးမြို့ down town ဧရိယာအတွင်း လူထုအခမဲ့ အနားယူရန် အပန်းဖြေ ဥယျာဉ်များ အကောင်အထည် ဖော်ရန်အတွက် မြေနေရာ ရှာဖွေလျက်ရှိကြောင်း သိရသည်။
ယခင်က မန္တလေးမြို့တွင် အပန်းဖြေ ဥယျာဉ်များ ရှိခဲ့သော်လည်း ပုဂ္ဂလိကသို့ လွှဲပြောင်းခြင်း၊ အဆောက်အဦများ ဆောက်လုပ်ခြင်းနှင့် ဖျက်သိမ်းပစ်ခဲ့ခြင်းနှင့် အခပေး ဂိမ်းကစားကွင်း အဖြစ်သို့ ပြောင်းလဲလိုက်ခြင်းတို့ကြောင့် လက်ရှိတွင် မန္တလေးမြို့၌ အခမဲ့ အပန်းဖြေနေရာ မရှိသဖြင့် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
"မြို့လယ်မှာ နေရာရရှိဖို့ အခက်အခဲကြောင့် အပန်းဖြေဥယျာဉ် လုပ်ဖို့မဖြစ်နိုင်ဘူး။ ဒါကြောင့် မြို့သစ်ပိုင်းနဲ့ ဆင်ခြေဖုံး ရပ်ကွက်တွေက နဂိုရှိပြီးသား ပန်းခြံဟောင်းတွေကို ပြုပြင်သွားမယ်။ အခုနေရာ ၄ နေရာ တွေ့ရှိထားပြီးပါပြီ" ဟု စည်ပင်သာယာရေး ကော်မတီဝင် (၁)က ပြောကြားခဲ့သည်။
အဆိုပါ တွေ့ရှိသည့် မြေနေရာများမှာ ယခင်က အပန်းဖြေ ဥယျာဉ်များဖြစ်ကြောင်း ရပ်ကွက်သူ ရပ်ကွက်သားများမှ တင်ပြခြင်းကြောင့် ယခုကဲ့သို့ အကောင်အထည် ဖော်မည်ဖြစ်သည်ဟု ကော်မတီဝင် (၁)က ဆိုသည်။
"အခု မြို့သစ်ဘက်မှာ အပန်းဖြေဥယျာဉ် အသေးတစ်ခု ဖော်ဆောင်နေပါတယ်။ နောက်မြို့လယ် ဧရိယာမှာလည်း အပန်းဖြေဥယျာဉ် တည်ဆောက်ဖို့အတွက် ၀န်ကြီးက မြေနေရာ ရှာခိုင်းထားတယ်" ဟု စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဌာနမှ တာဝန်ရှိ သူတစ်ဦးက ပြောကြားသည်။
မန္တလေးတွင် အများပြည်သူ အပန်းဖြေနိုင်သည့် ဥယျာဉ်ထက် လူတန်းစား တစ်ခုသာ အပန်းဖြေနိုင်သော ဂေါက်ကွင်းအရေ အတွက်မှာ များပြားနေခြင်းတို့ကြောင့် လူတန်းစားမရွေး လာရောက်နိုင်မည့် လူထုအပန်းဖြေ ဥယျာဉ်များ ဖော်ဆောင်ပေးရန် မျှော်လင့်နေကြကြောင်း မြို့ခံများက ဆိုသည်။
"မြို့ထဲမှာ အစိုးရပိုင် မြေကွက်အကျယ်ကြီးတွေကို ပုဂ္ဂလိကကို ငှားရမ်းမယ့်အစား အခမဲ့ အပန်းဖြေနိုင်မယ့် ဥယျာဉ်မျိုးတွေ ဖော်ဆောင်သင့်တယ်လို့ ထင်တယ်" ဟု မန္တလေး ဒေသခံ အစိုးရ ၀န်ထမ်းတစ်ဦးက ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top