ကျပ် ၁၅၀၀ တန် ဂျီအက်စ်အင်မ်ကွန်ရက်အတွက် အရေးပါသော ပုပ္ပားတောင်မှ ဆက်သွယ်ရေးစခန်းကို တွေ့ရစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
Digicel ပူးပေါင်းအဖွဲ့သည် ၂၀၁၃ ခု နှစ် ဒီဇင်ဘာတွင် 4G
မိုဘိုင်းကွန်ရက် စတင်နိုင်ရန် ပြင်ဆင်နေပြီး သုံးနှစ်အတွင်း
မြန်မာလူဦးရေ၏ ၉၆ ရာခိုင်နှုန်း အသုံးပြုနိုင်ရန် ကတိပြုကြောင်း Digicel က
သတင်းထုတ်ပြန်ခဲ့သည်။
Digicel ပူးပေါင်းအဖွဲ့ကို Digicel၊ YSH Finance Limited(First Myanmar
Investment Co., Ltd နှင့် Yoma Strategic Holdings Limited
အကျိုးတူပူးပေါင်း ထားသည့်အဖွဲ့)နှင့် Quantum Strategic Partners Limited
တို့ဖြင့် အကျိုးတူပူး ပေါင်းဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ယင်းအဖွဲ့သည်
မိုဘိုင်းဆက်သွယ်ရေး လိုင်စင်ရရှိပါက မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၆
ဒသမ ၆ ဘီလျံကျော် တိုက်ရိုက်မြှုပ်နှံရန် စီစဉ်ထားကြောင်း သိရသည်။
Digicel အုပ်စု တည်ထောင်သူနှင့် ဥက္ကဋ္ဌဖြစ်သူ Mr. Denis O' Brein က "FMI/
Yoma၊ Quantum Strategic Partners တို့နဲ့အတူ ကျွန်တော်တို့ရဲ့
ပူးပေါင်းအဖွဲ့အနေနဲ့ ကမ္ဘာ့အဆင့်ရှိ တယ်လီကွန်း ဆက်သွယ်ရေးဝန်ဆောင်မှုကို
မြန်မာပြည်သူတွေဆီ ပေးစွမ်းနိုင်ဖို့ ပြိုင်ဘက်ကင်းတဲ့ ကျွမ်းကျင်မှု၊
ဒေသခံအတွေ့အကြုံနဲ့ လူ့စွမ်းအား အရင်းအမြစ်တွေကို ယူဆောင်လာပါပြီ'' ဟု
ပြောကြားသည်။
FMI/ Yoma ဥက္ကဋ္ဌ Mr. Serge Pun (ဦးသိမ်းဝေ)က ''မြန်မာနိုင်ငံသား
တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အနေနဲ့ Digicel ရဲ့ ကမ္ဘာ့အဆင့်ရှိတဲ့
ဝန်ဆောင်မှုပေးစွမ်းမယ့် အရေးအတွက် အလွန်ပဲ စိတ်လှုပ်ရှားနေပါတယ်။ Digicel
အနေနဲ့ ဖွံ့ဖြိုးဆဲ ဈေးကွက်တွေမှာ ဘယ်လိုများ လုပ်ငန်းလည်ပတ်နေတယ်
ဆိုတဲ့အပြင် တယ်လီကွန်း ဆက်သွယ်ရေးကို လူတွေအားလုံး အထူးသဖြင့်
ကျေးလက်ဒေသတွေမှာ ဈေးသက်သက်သာသာနဲ့ သုံးစွဲနိုင်အောင်
ဘယ်လိုလုပ်ဆောင်ပေးပြီး အကျိုးအမြတ် ဖြစ်ထွန်းစေခဲ့တယ် ဆိုတာကို ကျွန်တော့်
အနေနဲ့ မူလကတည်းက တွေ့မြင်ထားခဲ့ပြီး ဖြစ်ပါတယ်'' ဟု ပြောကြားသည်။
Digicel သည် မြန်မာနိုင်ငံတွင် ဆက်သွယ်ရေး လိုင်စင်ရရှိပါက 4G
မိုဘိုင်းကွန်ရက် တပ်ဆင်သွားမည်ဖြစ်ပြီး ၂၀၁၃ ခုနှစ်အတွင်း မြန်မာနိုင်ငံ၏
လူဦးရေ ၅၂ ရာခိုင်နှုန်းကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင်
၉၆ ရာခိုင်နှုန်းအထိ ၀န်ဆောင်မှု ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မိုဘိုင်းဖုန်းကွန်ရက် ဖြန့်ကြက်ရာတွင် နေရောင်ခြည်မှရသော
စွမ်းအင်တစ်ခုတည်းဖြင့်သာ ဆောင်ရွက်ရန် စီစဉ်နေကြောင်းသိရပြီး
နေရောင်ခြည်စွမ်းအင် ရယူမည့် တည်နေရာ ၇၂၇၇ ခု ရှိမည်ဖြစ်ကြောင်း သိရသည်။
ထို့အတူ တစ်နိုင်ငံလုံးကို ဖြန့်ကြက်မည့် ဖိုင်ဘာအော့ပ်တစ် ကြိုးအရှည်
ကီလိုမီတာပေါင်း ၇၀၀၀ နှင့် Wi-Fi Hotspots ၀န်ဆောင်မှုပေါင်း ၂၃၀၀၀ ကို
ဝန်ဆောင်မှုပေးသွားမည် ဖြစ်ကြောင်း Digicel က ထုတ်ပြန်ကြေညာထားသည်။

No comments :
Post a Comment