ပြည်သူလူထုဗဟိုပြု ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချရေး
လုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်
ဆောင်ရွက်လျက်ရှိရာ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ
ဝန်ကြီးဌာနသည် သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ် တောများအတွင်း
ခွင့်ပြုချက်မရှိဘဲ နှစ်ကာလအတန်ကြာ အခြေချနေထိုင်လျက်ရှိသည့်
ဒေသခံပြည်သူများ၏ ဘဝရပ်တည်မှုနှင့် လူမှုစီးပွားရေးဘဝ ဖွံ့ဖြိုးတိုးတက်စေရန်
ရည်ရွယ်၍ ပထမအဆင့် အနေဖြင့် ပြည်ထဲရေး ဝန်ကြီးဌာန အမည်ပေါက်
စာရင်းဝင်ကျေးရွာ ၁၂၁၃ ရွာအား ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့်
သစ်တောမြေအဖြစ်မှ ပယ်ဖျက်ပေးမည် ဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ဆောင်ရွက်ခွင့်ပြုရာတွင် ကျေးရွာမြေ ဧရိယာ ၂၄၄၄၇ ဒသမ ၄၄ ဧက၊ လယ်မြေဧရိယာ ၂၉၅၃၁၉ ဒသမ ၇၇ ဧကနှင့် စာသင်ကျောင်း၊ ကျေးလက် ကျန်းမာရေး ဆေးပေးခန်း စသည့် အများပိုင်မြေနှင့် သာသနာ့နယ်မြေများ ၂၆၁၂၁ ဒသမ ၉၂ ဧက စုစုပေါင်း ဧရိယာ ၃၄၅၈၈၉ ဒသမ ၁၃ ဧကအား သစ်တောကြိုးဝိုင်းနှင့် ကြိုးပြင်ကာကွယ်တော အဖြစ်မှ ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စွန့်လွှတ်ပယ်ဖျက်ပြီး ဒေသခံပြည်သူများအား တရားဝင် နေထိုင် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်သည်။
အထက်ပါ ကျေးရွာများတွင် ဒေသခံပြည်သူများ လုပ်ကိုင်လျက်ရှိသည့် ယာမြေများကို သီးနှံ သစ်တော ရောနှောစိုက်ပျိုးနည်း စနစ်ဖြင့် ဒေသခံပြည်သူ အစုအဖွဲ့ပိုင် သစ်တောများ တည်ထောင်ပြီး ဆက်လက် လုပ်ကိုင်ခွင့်ပြုမည် ဖြစ်သည်။ နိုင်ငံတော်အစိုးရသည် ကျေးလက်နေ ပြည်သူလူထု၏ အခြေခံ စားဝတ်နေရေး လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်သည့် အနေဖြင့် နှစ်ကာလအတန်ကြာ အခြေချ နေထိုင်လျက်ရှိသော အိမ်ခြေ ၅ဝ နှင့်အထက် ကျေးရွာများအား ဆက်လက် ခွင့်ပြုပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်လျက် ရှိသည်။
သို့သော်လည်း ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် သစ်တောနယ်မြေများ (ကြိုးဝိုင်း/ ကြိုးပြင် ကာကွယ်တောများ) အတွင်း တရားမဝင် ထပ်မံကျူးကျော် ဝင်ရောက်ပါက တည်ဆဲဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
ထို့အပြင် သစ်တောသယံဇာတနှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေး၊ သဘာဝပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိနှင့် အနာဂတ်ကာလ အတွက်ပါ ရည်ရွယ်၍ သစ်တောကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများကို မူဝါဒ၊ ရည်မှန်းချက်များနှင့်အညီ ထပ်မံတိုးချဲ့ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ရာ ဒေသခံပြည်သူများ၏ ဆန္ဒနှင့် လိုလားချက်များအား အလေးထား၍ လူမှုစီးပွားရေးနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကို ဟန်ချက်ညီ စီမံဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :
Post a Comment