ကြေးမုံသတင်းစာမှာ မလေးရှားကိစ္စနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်အဖွဲ့ကို
ခေါင်းဆောင်ပြီး မလေးရှားနိုင်ငံကို ထွက်ခွာမယ့် နိုင်ငံခြားရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးဇင်ယော်၊ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး
ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်ဝင်းမော်ထွန်းတို့နဲ့ တွေ့ဆုံ မေးမြန်းခန်းကို
ဖတ်လိုက်ရပါတယ်။
လတ်တလော မလေးရှားက အခြေအနေနဲ့ ပတ်သက်ပြီး မြန်မာ အသိုင်းအဝိုင်းမှာ ဖြစ်နေတဲ့ စိုးရိမ် ပူပန်မှုတွေ၊ တင်းမာမှုတွေကို ဒီကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ်က တစ်စိတ်တစ်ပိုင်းတော့ ဖြေလျှော့ ပေးနိုင်လိမ့်မယ် လို့တော့ တွေးမိပါတယ်။ တစ်ဆက်တည်းမှာပဲ တွေ့ဆုံ မေးမြန်းခန်းကို သေချာ ဖတ်ပြီး လက်ရှိ အစိုးရအဖွဲ့ဝင်တွေရဲ့ ခံယူချက်နဲ့ အရည်အသွေးကိုလည်း အကဲဖြတ်မိပါတယ်။

ဒုတိယဝန်ကြီး သေသေချာချာ ထည့်ပြောသွားတဲ့
နိုင်ငံတော် သမ္မတကြီးရဲ့ စေတနာနဲ့ မှာကြားချက်ကြောင့် ပြည်ပရောက်
မြန်မာလူမျိုးတိုင်းကို သံရုံးက တာဝန်ယူ စောင့်ရှောက်မယ်လို့ အနက်အဓိပ္ပာယ်
ထွက်တဲ့ စကားကို နားထောင်မိတဲ့အခါ အတော်လေး အံ့အားသင့်မိပါတယ်။
ဒီစကားကို အကျယ်ချဲ့ပြီး တောင်တောင်ဤဤ စဉ်းစားကြည့်လိုက်တဲ့ အခါ ဒီမိုကရေစီလို့ တစာစာ အော်ဟစ်နေတဲ့ အစိုးရ အုပ်ချုပ်ရေး ယန္တရားရဲ့ ခံယူချက်နဲ့ တာဝန်ဟာ မိမိနိုင်ငံရဲ့ နိုင်ငံသားတွေ .. တစ်နည်းအားဖြင့် ပြည်သူတွေကို ဗဟိုပြုပြီး စဉ်းစားတဲ့ စဉ်းစားပုံ စဉ်းစားနည်းလား၊ အထက်အရာရှိ သို့မဟုတ် အာဏာ ပိုင်စိုးသူရဲ့ နှုတ်ထွက် အမိန့်စကားကို ဘုရားဟော ဗျာဒိတ်သဖွယ် ဦးစားပေး အကောင်အထည် ဖော်တာလား ဆိုတာကို တွေးမိတာပါ။ နိုင်ငံသား တစ်ယောက်ရဲ့ မွေးရာပါ အခွင့်အရေးဟာ နိုင်ငံတော်သမ္မတ စေတနာကြောင့် သက်ဆိုင်တဲ့ အုပ်ချုပ်ရေး အာဏာပိုင် အဖွဲ့ အစည်းက အကောင်အထည် ဖော်ပေးခြင်း ခံရတယ်ဆိုတဲ့ အဖြစ်အပျက်မျိုး၊ အတွေးအခေါ်မျိုးဟာ ဒီကနေ့ခေတ်မှာ ဘယ်လောက်တောင် ခေတ်နောက်ကျတဲ့ အတွေးအခေါ် အယူအဆလဲ ဆိုတာ မေးခွန်းထုတ်မိ တာပါပဲ။
ဂျပန်နိုင်ငံမှာ ၂၀၁၁ ခုနှစ်က ကြီးမား ပြင်းထန်တဲ့ ငလျင်ကြီး လှုပ်ခတ်ခဲ့တယ်။ ငလျင်ကြီးရဲ့ နောက်ဆက်တွဲ အဖြစ် ဖူကူရှိမ နျူကလီးယား ဓာတ်အားပေး စက်ရုံမှာ ယိုစိမ့်မှုတွေ ဖြစ်ပျက်ခဲ့တယ်။ ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင် ရချိန်မှာ ငလျင်ဒဏ်နဲ့ ဆူနာမီ ရေလှိုင်းတွေရဲ့ ဖျက်ဆီးမှုဒဏ်ကို ခံစားခဲ့ရတဲ့ ဒေသတွေကို ဂျပန်နိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံခြား သံရုံးတွေအနက်.. ဗီယက်နမ်၊ ထိုင်း၊ အင်ဒိုနီးရှားနဲ့ တရုတ်သံရုံးတွေက တာဝန်ရှိသူတွေဟာ ငလျင်ကြီး လှုပ်ခတ်ပြီးလို့ ၄၈ နာရီကနေ နာရီပေါင်း ၆၀ အတွင်းမှာ အဲဒီ ဘေးဒဏ်သင့် ဒေသတွေကို ကိုယ်စားလှယ်တွေ စေလွှတ်ပြီး ဖြစ်နေပါပြီ။ ဘာဖြစ်လို့တုံးဆိုတော့ အဲဒီနိုင်ငံတွေက နိုင်ငံသားတွေဟာ ဘေးဒဏ်သင့် ဒေသတွေမှာ နေထိုင်အလုပ် လုပ်ကိုင်နေကြလို့ပါပဲ၊ သက်ဆိုင်ရာသံရုံး အသီးသီးဟာ လုပ်သင့် လုပ်ထိုက်တဲ့ လုပ်ငန်းကို အချိန်တို အတွင်းမှာ ထိထိရောက်ရောက် စီမံခန့်ခွဲနိုင်ခဲ့တဲ့ သက်သေ သာဓကပါပဲ။ မိမိနိုင်ငံသားတွေ အရေးပေါ် အခြေအနေ ရင်ဆိုင်နေရတယ်ဆိုတဲ့ စိတ်ခံစားချက်ဟာ မိမိနိုင်ငံသားကို တိုင်းတစ်ပါးမှာ အကူအညီနဲ့ အကာအကွယ်ပေးဖို့ မလွဲမသွေ တာဝန်ရှိတဲ့ အဖွဲ့အစည်းဖြစ်တဲ့ သံရုံးတွေအဖို့ မရှိမဖြစ်တဲ့ သဘာဝကျကျ ခံစားချက် ဖြစ်နေဖို့ လိုအပ်ပါတယ်။
ဒီရက်ပိုင်း မလေးရှားမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို လေ့လာကြည့်တဲ့အခါမှာ ပြည်ပရောက် ကိုယ့်နိုင်ငံသားတွေရဲ့ အခက်အခဲကို ပူးပေါင်း ကူညီ ဖြေရှင်းပေးဖို့ လုပ်ဆောင်တဲ့နေရာမှာ သံရုံးရဲ့ ဆုံးဖြတ်ပိုင်ခွင့်နဲ့ လုပ်ရည်ကိုင်ရည်ဟာ များစွာ အကန့်အသတ် ရှိနေတယ်ဆိုတာ ဘယ်လိုမှ ငြင်းချက် ထုတ်လို့ မရအောင် ပေါ်ပေါက်လာတာပါပဲ။ တုံ့ပြန်ဆောင်ရွက်မှု နှေးကွေးတယ် ဆိုတာထက် ပိုပြီးဆိုးဝါးတဲ့ အခြေအနေ တစ်ခုကတော့ တာဝန်ရှိသူ အသီးသီးရဲ့ ဖြစ်လာတဲ့ အခြေအနေအပေါ်မှာ တစ်မုဟုတ်ချင်း တုံ့ပြန်ပုံ အားနည်းချက်တွေကို ရည်ညွှန်း လိုပါတယ်။ အများပြည်သူကို လေးလေးစားစားနဲ့ အခြေအနေတစ်ရပ် အပေါ်မှာ တုံ့ပြန်တဲ့ နေရာမှာ ရိုးသားမှုနဲ့ တာဝန်သိတတ်မှု တွေကို အရင်းခံပြီး တုံ့ပြန်တဲ့ပုံစံမျိုး ဖြစ်မလာတဲ့အတွက် အားမလိုအားမရ ဖြစ်မိခြင်းပါ။ အစစအရာရာ ပြောင်းလဲဖို့ အားထုတ် ကြိုးပမ်းနေတယ်ဆိုတဲ့ ဦးသိန်းစိန် အစိုးရရဲ့ ပြုပြင် ပြောင်းလဲရေး ဖြစ်စဉ်တွေမှာ အစိုးရ အုပ်ချုပ်ရေး ယန္တရားရဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာန အသီးသီးရဲ့ စွမ်းဆောင်ရည်နဲ့ အနှစ်သာရပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲဖို့ အားထုတ်တာတွေ ကိုလည်း မြင်တွေ့နေ ရပါတယ်။ ဒီလိုပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ ဘယ်အဖွဲ့အစည်းတွေ၊ ဘယ်ဝန်ကြီးဌာနတွေဟာ ဘယ်လောက် လက်တွေ့ကျကျ အားထုတ်နေသလဲဆိုတာ ထင်သာမြင်သာပါတယ်။

"နိုင်ငံသားတစ်ယောက်ရဲ့ မွေးရာပါ
အခွင့်အရေးဟာ နိုင်ငံတော်သမ္မတ စေတနာကြောင့် သက်ဆိုင်တဲ့ အုပ်ချုပ်ရေး
အာဏာပိုင် အဖွဲ့အစည်းက အကောင်အထည် ဖော်ပေးခြင်း ခံရတယ်ဆိုတဲ့
အဖြစ်အပျက်မျိုး၊ အတွေးအခေါ်မျိုးဟာ ဒီကနေ့ခေတ်မှာ ဘယ်လောက်တောင်
ခေတ်နောက်ကျတဲ့ အတွေးအခေါ် အယူအဆလဲဆိုတာ မေးခွန်း ထုတ်မိတာပါပဲ..."
လက်တွေ့မှာတော့ မလေးရှား အဖြစ်အပျက်နဲ့
ပြည်တွင်းက ဆူပူ အကြမ်းဖက်မှု အဖြစ်အပျက်တွေကို ချိန်ထိုး လေ့လာကြည့်တဲ့အခါ
အစိုးရဌာန အသီးသီးရဲ့ ရှုမြင်ပုံ တုံ့ပြန်ပုံတွေက ပြုပြင်
ပြောင်းလဲနေပါပြီလို့ ဆိုတဲ့ ဦးသိန်းစိန် အစိုးရအဖွဲ့ရဲ့အရည်အသွေးနဲ့
သရုပ်မှန်ကို မှတ်ကျောက်တင်ခြင်းလို့ ယေဘုယျ ဆိုနိုင်မှာပါ။ ၂၀၀၈
ဖွဲ့စည်းပုံ အခြေခံဥပဒေအရ နိုင်ငံတော်နဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့
အထွတ်အထိပ်လို့ ဆိုရမယ့် နိုင်ငံတော်သမ္မတရဲ့ ညွှန်ကြားချက်နဲ့
ပြောဆိုမှုတွေကို လက်တွေ့လိုက်နာ အကောင်အထည်ဖော်ဖို့ ပျက်ကွက်တဲ့
ဝန်ကြီးဌာနတွေ မြင်တွေ့လာရတာပါပဲ။ ဒါတွေကို အသေးစိတ် နည်းနည်းလေးချဲ့ပြီး
လေ့လာကြည့်မယ်ဆိုရင် အဓိက လက်သည် တရားခံဟာ ဆယ်စုနှစ်နဲ့ချီပြီး
ပျက်စီးယိုယွင်းခဲ့တဲ့ အုပ်ချုပ်ရေး ယန္တရား၊ ဗျူရိုကရေစီ ယန္တရား
တည်ဆောက်ပုံနဲ့ ပုံစံမကျတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ မြစ်ဖျားခံပါတယ်။
ဆယ်စုနှစ်နဲ့ချီပြီး ပျက်စီးခဲ့ရတဲ့ ဗျူရိုကရေစီ ယန္တရားလို့ ဆိုတဲ့နေရာမှာ အုပ်ချုပ်ရေး အဖွဲ့အစည်းရဲ့ ဝန်ကြီးဌာန အသီးသီးမှာ ဆီလျော် အပ်စပ်ခြင်း မရှိတဲ့ လူတန်းစားများကို စီမံအုပ်ချုပ်သူ နေရာမှာ နေရာချထားခြင်းနဲ့ အဓိက ပတ်သက်ပါတယ်။ လုံးဝကွဲပြား ခြားနားတဲ့ သဘော သဘာဝကိုသာ အသေအချာ လေ့ကျင့်သင်ကြားပေးခြင်း ခံထားရတဲ့ အရာရှိကြီးငယ်တွေကို အရပ်ဘက် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှု အဆောက်အဦးတွေမှာ ဖြန့်ကြက် နေရာချလိုက်တဲ့အခါ ကြီးမားတဲ့ ဘေးထွက် ဆိုးကျိုးတွေ ဖြစ်ပေါ်လာခဲ့တာပါပဲ၊ အနီးစပ်ဆုံး ဥပမာအနေနဲ့ ဥပမာပြချင်တာကတော့ စောစောက နိုင်ငံခြားရေး ဒုတိယဝန်ကြီးရဲ့ သဘောထားမျိုးပါ။

မိမိဌာန၊ မိမိတာဝန်ထမ်းဆောင် နေတဲ့ ရာထူးကနေ
ဆင်းသက်လာတဲ့ မလွဲမသွေ ဆောက်ရွက်ရမယ့် တာဝန်ဝတ္တရား၊ အပြည်ပြည်ဆိုင်ရာနဲ့
မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေ အရပ်ရပ်ကနေ ပေးအပ်တဲ့ အခွင့်အရေးနဲ့
တာဝန်ဆိုတာထက် အထက်ညွှန်ကြားချက်နဲ့ အထက်အရာရှိရဲ့ အမိန့်သြဇာကို
လိုက်နာဖို့က ပိုမို အရေးကြီးတယ်ဆိုတဲ့ အတွေးအခေါ်ဟာ မြန်မာ့အုပ်ချုပ်ရေး
ယန္တရား တစ်နည်းအားဖြင့် ဗျူရိုကရေစီစနစ် တစ်ခုလုံးကို ဖျက်ဆီးလိုက်တဲ့
အခြေခံ အကြောင်းတရား တစ်ခုပါ။ ဒီအတွေးအခေါ်နဲ့ အရိုးစွဲနေတဲ့
ခံယူချက်တွေကြောင့် အစိုးရ ယန္တရား အတွင်းက ကြိုးနီစနစ်ဟာ အခိုင်အမာ
အားကောင်းနေခဲ့တာလို့ ယူဆမိပါတယ်။ တစ်ဆက်တည်းမှာ ကျွဲကူးရေပါ ဆိုသလို
ပေါ်ပေါက်လာတဲ့ ဆိုးဝါးတဲ့ အကျိုးဆက်တွေကတော့ သက်ဆိုင်ရာဌာန
အသီးသီးမှာရှိတဲ့ လုပ်သက်ရင့် အရပ်သား ဝန်ထမ်းတွေရဲ့ ယုံကြည်မှု၊ တာဝန်ခံမှု၊
ကျွမ်းကျင်မှုနဲ့ မျှော်လင့်ချက်တွေကို အချိန်တန်ရင် မိုးပေါ်ကကျကျ လာတတ်တဲ့
စီမံခန့်ခွဲသူတွေက ရိုက်ချိုးလိုက်တာပါပဲ။
ကုန်လွန်ခဲ့တဲ့ နှစ်ပေါင်း လေးဆယ်ကျော်
ငါးဆယ်နီးပါးကို ပြန်ပြောင်းစေ့ငု ကြည့်တဲ့အခါ နိုင်ငံခြားရေးလို အရေးပါတဲ့
ဝန်ကြီးဌာနတစ်ခုဟာ သာမန် အရပ်သားပြည်သူတွေနဲ့ အလွန်တရာ အလှမ်းကွာဝေးပြီး
မြန်မာ့တပ်မတော်က အရာရှိ ကြီးငယ်တွေနဲ့ နီးစပ်သူ အသိုင်းအဝိုင်းတွေရဲ့
သီးသန့် ဌာနတစ်ခုလို ဖြစ်နေခဲ့တာဟာ အခုလက်ရှိ မျက်ဝါးထင်ထင် မြင်တွေ့ရတဲ့
စီမံခန့်ခွဲမှု အားနည်းချက်တွေ၊ အတွေးအခေါ် ပိုင်းဆိုင်ရာ စံလွဲမှုတွေရဲ့
အရင်းအမြစ်တစ်ခု ဖြစ်နိုင်ဖွယ်ရာ ရှိပါတယ်။ အထက် အဆင့်ဆင့်ရဲ့
ခွင့်ပြုမိန့်ကို စောင့်ဆိုင်းပြီးမှ အကောင်အထည် ဖော်ရဲတဲ့ စိတ်ဓာတ်မျိုးဟာ
အမိန့်ပေး အမိန့်ခံ လူ့အဖွဲ့အစည်းတစ်ခုရဲ့ သမားရိုးကျ အခြေခံ အတွေးအခေါ်
ဖြစ်လို့ပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ် ပြည်တွင်းပြည်ပမှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တိုင်းမှာ မြန်မာ့ လူ့အဖွဲ့အစည်းဝင် အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ ရပ်တည်ချက်နဲ့ ကြိုးပမ်းအားထုတ်မှုတွေ အားကောင်း လာတာကိုတော့ သတိပြုမိပြီး အထူးတလည် အသိအမှတ်ပြုရမှာ ဖြစ်ပါတယ်။ ဖွံ့ဖြိုးပြီး ဖွံ့ဖြိုးဆဲ ဒီမိုကရေစီ တိုင်းပြည်တွေရဲ့ စံနမူနာနဲ့ ကိုက်ညီစွာ နိုင်ငံရေး အယူဝါဒနဲ့ အုပ်ချုပ်ရေး ယန္တရားရဲ့ သြဇာလွှမ်းမိုးမှု ကင်းရှင်းတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေက မြန်မာပြည်ရဲ့ အနာဂတ်မှာ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးနဲ့ ဖွံ့ဖြိုး တိုးတက်ရေးတွေအတွက် အထူးတလည် အထောက်အကူ ပေးနိုင်မယ်လို့ ယုံကြည်မိပါတယ်။ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ နိုင်ငံရေး သြဇာ လွှမ်းမိုးမှုကင်းတဲ့ အရပ်ဘက် လူ့အဖွဲ့အစည်းတွေ အားကောင်းလာနိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်းဖြင့် ...။

No comments :
Post a Comment