Blogger Widgets

Saturday, 15 June 2013

စည်းကမ်းမဲ့ကားများအား မြို့ပြတည်ဆဲဥပဒေနှင့်အညီ အရေးယူသွားမည်

ပြည်တွင်းပြည်ပ ဆောက်လုပ်ရေး ကုမ္ပဏီသုံး အဖုံးအကာမဲ့ မြေသယ်၊ ကျောက်သယ်ကားများနှင့် ခံနိုင်ဝန်ထက် ကျော်လွန်သော ကားများကြောင့် လမ်းများညစ်ပေ ပျက်စီးမှုများ ရှိလာ၍ သတ်မှတ်စည်းကမ်းနှင့် မညီသော ကားများကို တည်ဆဲမြို့ပြ စည်ပင်သာယာ ဥပဒေအတိုင်း ထိရောက်စွာ အရေးယူမည့်အပြင် လုပ်ငန်းလိုင်စင် ပိတ်သိမ်းသည်အထိ အရေးယူဆောင်ရွက်တော့မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် ဆောက်လုပ်ရေး ကုမ္ပဏီများ တွေ့ဆုံဆွေးနွေးပွဲမှ သိရသည်။
အဆိုပါ အစည်းအဝေးတွေ့ဆုံပွဲတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ကော်မတီဝင် ဦးညီညီက ယခုလို အသိပေး ပြောကြားရခြင်းမှာ ရန်ကုန်မြို့တော်ကြီးအား နိုင်ငံတကာမြို့တော်များကဲ့သို့ အဆင့်မြှင့်တင်နိုင်ရန်အတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး မြို့တော်သူ မြို့တော်သားများ၏ အခွန်အခ ဘဏ္ဍာငွေများထဲမှ အသုံးပြု ဆောင်ရွက်ရခြင်းကြောင့် လေလွင့်ဆုံးရှုံးမှု မရှိအောင် မြို့တော်စည်ပင်သာယာမှ တာဝန်ရှိသည့်အတွက် မြို့တော်လမ်းများကို အချိန်နှင့်တစ်ပြေးညီ ကြိုးပမ်းအားထုတ်မှုများ၌ ဆောက်လုပ်ရေးကုမ္ပဏီများ အနေဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်လိုကြောင်း၊
အချို့သော ဆောက်လုပ်ရေးပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် ဝန်ထမ်းများကို စနစ်တကျ ထိန်းကျောင်းခြင်းများ အားနည်းမှုတို့ကြောင့် မြို့ပြအဆင့်မြှင့် ပြုပြင်ထားသော လမ်းများပေါ်၌ မြေကြီးများ၊ ကျောက်များ၊ ဘိလပ်မြေများ လွင့်စဉ်ကျရောက်ပြီး လေတွင်ပျံ့လွင့်မှုတို့သည် ပြည်သူများကို တိုက်ရိုက်ထိတွေ့ ခံစားရမှုရှိလာသည့်အပြင် မြို့ပြသဘာဝပတ်ဝန်းကျင် အလှတရားများကိုပါ ထိခိုက်လာသဖြင့် ယခုလို တာဝန်ရှိသော ကုမ္ပဏီများကို တွေ့ဆုံဆွေးနွေး အသိပေးရခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top