Blogger Widgets

Wednesday, 26 June 2013

မြန်မာအစိုးရက သဘာဝရင်းမြစ်များ ရောင်းချရေး သဘောတူ စာချုပ်များကို ပြန်လည်ဆွေးနွေးရန် စီစဉ်နေကြောင်း အမေရိကန်အခြေစိုက် ပညာရှင်အဖွဲ့ ပြောကြား

မြန်မာအစိုးရ အနေဖြင့် ဒေါ်လာဘီလျံများစွာ တန်ဖိုးရှိ သဘာဝရင်းမြစ်များ ရောင်းချရေး သဘောတူ စာချုပ်များကို ပြန်လည်ဆွေးနွေးရန် စီစဉ်နေကြောင်း အမေရိကန် အခြေစိုက် ပညာရှင်အဖွဲ့ဖြစ်သည့် Asia Society က ဇွန် ၂၄ ရက်တွင် ထုတ်ပြန်ကြေညာလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားချက်အရ သိရသည်။
ပိုမိုတင်းကျပ်သော သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စံနှုန်းများ သတ်မှတ်ပြီး အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်နေစဉ် မြန်မာအစိုးရက ယခုကဲ့သို့ စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့ ပြန်လည်သုံးသပ်မှုကို လုပ်ဆောင်ပါက မြန်မာနိုင်ငံ စစ်တပ်နှင့် တရုတ်ကုမ္ပဏီများ အနေဖြင့် ထိခိုက်နစ်နာမှု အများဆုံး ကြုံတွေ့ရနိုင်ပြီး ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး စနစ်ကိုလည်း ပြောင်းလဲသွားစေနိုင်မည်ဖြစ်ကြောင်း Asia Society ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ အနေဖြင့် ရေနံ၊ သံဖြူ၊ သစ်နှင့် အဖိုးတန် ကျောက်မျက်ရတနာများကဲ့သို့ သဘာဝရင်းမြစ် အမြောက်အမြား ပိုင်ဆိုင်ထားသော်လည်း အကျင့်ပျက် ခြစားမှုများနှင့် ခရိုနီ အရင်းရှင် စီးပွားရေးသမားများက လက်ဝါးကြီးအုပ် လုပ်ကိုင်လျက် ရှိသည်။
Asia Society သည် လက်ရှိအစိုးရသစ်နှင့် သာမက ယခင်စစ်အစိုးရနှင့်လည်း နီးစပ်မှု ရှိခဲ့သည့် အဖွဲ့တစ်ဖွဲ့ ဖြစ်သည်။
"တရုတ် ကုမ္ပဏီတွေက မြန်မာနိုင်ငံရဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို လွှမ်းမိုးထားလို့ သူတို့အနေနဲ့ အထိနာနိုင်ပါတယ်။ လက်ရှိ အစိုးရ အနေနဲ့ မူဝါဒ အသစ်တွေကို ပြဋ္ဌာန်းထားသလို နိုင်ငံတကာ စံနှုန်းတွေနဲ့ ပတ်သက်လို့လည်း လက်မှတ်ထိုးထားတဲ့အတွက် အရင်အစိုးရ လက်ထက်က ညှိနှိုင်းခဲ့တဲ့ စာချုပ်တွေကို ပြန်လည်သုံးသပ်ဖို့ လိုနေတဲ့အတွက် ဘယ်သူမှ လွှဲရှောင်နိုင်မယ်လို့ မထင်ပါဘူး" ဟု Asia Society ၏ ဒုတိယဥက္ကဋ္ဌနှင့် အစီရင်ခံစာကို ရေးသားသူ DiMaggio က AFP သို့ ပြောကြားသည်။
ပြန်လည်ဆွေးနွေးမည့် သဘောတူ စာချုပ်များ၏ တန်ဖိုးမှာ မြန်မာနိုင်ငံရေးရာ အခြားကျွမ်းကျင်သူများ၏ ခန့်မှန်းချက်အရ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ဘီလျံများစွာ ရှိနိုင်ကြောင်း DiMaggio က ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ်က ရပ်ဆိုင်းခဲ့သည့် တရုတ်နိုင်ငံနှင့် လုပ်ဆောင်သည့် ကချင်ပြည်နယ်၊ မြစ်ဆုံဆည် တည်ဆောက်ရေး စီမံကိန်းသည် သဘောတူ စာချုပ်များ ပြန်လည်ညှိနှိုင်းရေးကို ဖြစ်စေသည့် ပထမဆုံး အကြောင်းအရာဖြစ်ကြောင်း DiMaggio က ပြောကြားခဲ့သည်။
မြန်မာအစိုးရ အနေဖြင့် သဘာဝရင်းမြစ်မှ ရရှိသော အကျိုးအမြတ်များကို ထိထိရောက်ရောက် သုံးစွဲရေးအတွက် ဒေသခံ လူထုနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း Asia Society က တိုက်တွန်းထားသည်။
နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတွင် စစ်တပ်၏ လွှမ်းမိုးမှုကို လျှော့ချရန် အစိုးရက လုပ်ဆောင်ရမည်ဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
သမ္မတ ဦးသိန်းစိန်၏ ပြုပြင်ပြောင်းလဲရေး အစိုးရ ကြုံတွေ့နေရသော အခက်အခဲ ၁၀ ခုကို ဖော်ပြထားသည့် ယင်းအစီရင်ခံစာတွင် နိုင်ငံ၌ အမြစ်တွယ်နေသည့် အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေးကိုလည်း မဖြစ်မနေ လုပ်ဆောင်ရန် ဖော်ပြထားသည်။
အစိုးရ၏ အကျင့်ပျက် ခြစားမှု တိုက်ဖျက်ရေး ကော်မတီကို ဖွဲ့စည်းရေးသည် ပထမဆုံး အရေးကြီးသည့် ခြေလှမ်းဖြစ်ကြောင်း DiMaggio က ပြောကြားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top