Blogger Widgets

Wednesday, 26 June 2013

တန်းမြင့်ပေါင်းဆန်များ ပြည်ပပိုမို တင်ပို့နိုင်ရန် ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပေါင်းဆန်စက်များ ထပ်မံတည်ဆောက်

paungsan-june26
မြောင်းမြမြို့ရှိ ဆန်စက်တစ်ခုတွင် ပေါင်းဆန်စက် တည်ဆောက်နေသည်ကို တွေ့ရစဉ်
ဧရာဝတီတိုင်း ဒေသကြီးအတွင်း ပေါင်းဆန်စက်ရုံများ ထပ်မံတည်ဆောက်နေပြီး အရည်အသွေးမြင့် ပေါင်းဆန်များ ပြည်ပသို့ ပိုမိုတင်ပို့ နိုင်ရန်အတွက် ဧရာဝတီတိုင်း ဒေသကြီးတွင် ပေါင်းဆန်စက်ရုံများ ထပ်မံတိုးချဲ့ တည်ဆောက်လျက် ရှိသည်။
ဧရာဝတီတိုင်း ဒေသကြီးအတွင်းတွင် တည်ဆောက်ပြီး လည်ပတ်လျက်ရှိသော တန် ၅၀ ပေါင်းဆန်စက် သုံးလုံးရှိပြီး ထပ်မံ၍ ကျိုက်လတ်မြို့တွင် တန် ၂၀၀ ပေါင်းဆန်စက် တစ်လုံး၊ ဘိုကလေးမြို့တွင် တန် ၅၀ ပေါင်းဆန်စက်နှစ်လုံး၊ မော်ကျွန်းမြို့တွင် တန် ၅၀ ပေါင်းဆန်စက်တစ်လုံး၊ ဖျာပုံမြို့တွင် တန် ၅၀ ပေါင်းဆန်စက် တစ်လုံး၊ ရေကြည်မြို့တွင် တန် ၅၀ ပေါင်းဆန်စက် တစ်လုံး၊ ပုသိမ်မြို့တွင် တည်ဆောက်လျက်ရှိသော တန် ၂၀၀ ပေါင်းဆန်စက် တစ်လုံးအပြင် တန် ၅၀ ပေါင်းဆန်စက် သုံးလုံး၊ မြောင်းမြမြို့တွင် တန် ၅၀ ပေါင်းဆန်စက်သုံးလုံး ထပ်မံတိုးချဲ့ တည်ဆောက်မည်ဖြစ်ကြောင်း သိရသည်။
"ပေါင်းဆန်က အကျိုးအကြေ နည်းတယ်၊ ပြည်ပပို့ကုန်မှာ ဈေးကွက်ရတယ်၊ အခု ဦးတို့စက်မှာ ပေါင်းဆန်စက် တည်ဆောက်နေတာက အိန္ဒိယ နည်းပညာနဲ့ပါ။ လိုအပ်တဲ့ ကုန်ကြမ်းဖြစ်တဲ့ မျိုးကောင်းမျိုးသန့် စပါးတွေကို ရဖို့အတွက်လည်း လယ်သမားတွေကို စိုက်စရိတ်ကြိုပေးပြီး စပါးပြန်ယူတဲ့စနစ် သုံးနေတယ်၊ ဒီမှာ ဆောက်နေတဲ့ စက်ကတော့ အောက်တိုဘာလလောက်မှာ ပြီးမယ်၊ ပြီးတာနဲ့ တန်းမြင့်ပေါင်းဆန်တွေ ထုတ်လုပ်သွားမှာပါ" ဟု မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် အဓိပတိ လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး လီမိတက် တန် ၂၅၀ ဆန်စက်မှ စက်ရုံမှူးက ပြောကြားသည်။ ယခုအချိန်တွင် မြန်မာနိုင်ငံမှ ပြည်ပသို့ လစဉ်တန်းမြင့်ပေါင်းဆန် တန်ချိန် ၁၀၀၀ နှင့် ၁၅၀၀ ကြားသာ တင်ပို့နေပြီး ပေါင်းဆန်စက်များ တည်ဆောက်ပြီးစီးပါက လစဉ်တန်းမြင့်ပေါင်းဆန် တန်ချိန်တစ်သောင်းမှ တစ်သောင်းခွဲထိ တင်ပို့နိုင်မည်ဖြစ်ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top