Blogger Widgets

Wednesday, 26 June 2013

ယခုနှစ်ကုန်ပိုင်း ခရီးသွားရောက်ရှိမှု မြင့်တက်နိုင်၍ လေဆိပ်ဝန်ဆောင်မှု၊ ဟိုတယ်စသည့် အခြေခံ အဆောက်အအုံပိုင်း ပြင်ဆင်နေ

ယခုနှစ် နှစ်ကုန်ပိုင်း၌ မြန်မာနိုင်ငံသို့ ခရီးသွားရောက်ရှိမှု မြင့်တက်နိုင်သည့်အတွက် လေဆိပ်သို့ ခရီးသွားဝင်ရောက်စဉ် ၀န်ဆောင်မှု၊ ဟိုတယ်စသည့် အခြေခံ အဆောက်အအုံပိုင်း ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သတင်းရရှိသည်။
မြန်မာနိုင်ငံသို့ ပြီးခဲ့သည့်နှစ်က ရန်ကုန်လေဆိပ် ၀င်ပေါက်အပါအ၀င် ၀င်ပေါက်အသီးသီးမှ ခရီးသွားဧည့်သည် ၀င်ရောက်မှုသည် တစ်သန်းကျော် ရှိခဲ့သည်။
"လက်ရှိအချိန်ကတော့ ပွင့်လင်းရာသီအတွက် ကြိုတင်ပြင်ဆင်နေတဲ့ ကာလဖြစ်ပါတယ်။ ခရီးစဉ် ကြိုတင်မှာတာကတော့ ၂၀၁၂ တုန်းကလိုပဲ တက်လာပါတယ်" ဟု Myanmar Polestar ခရီးသွား ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးကျော်မင်းထင်က ပြောကြားသည်။
မြန်မာနိုင်ငံသို့ ခရီးသွား ၀င်ရောက်မှုသည် ယခုနှစ်များအတွင်း နှစ်စဉ် ရာခိုင်နှုန်း ၂၀ ၀န်းကျင် တိုးတက်လာပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် ရည်မှန်းထားသည့် နှစ်စဉ်ခရီးသွား ရာခိုင်နှုန်း ၂၀  တိုးတက်မှုအတွက် ပြင်ဆင်ထားကြောင်း၊ လေယာဉ်သို့ ခရီးသည် တက်ရောက်ရန် စာရင်းပေးရာ ကောင်တာများနှင့် ဂိတ်ပေါက်နေရာများကို ကမ္ဘာ့လေကြောင်းလိုင်း နည်းပညာ ကုမ္ပဏီဖြစ်သည့် SITA ၏ ပံ့ပိုးမှုဖြင့် ဆောင်ရွက်လျက်ရှိကြောင်း မြန်မာခရီးသွားဈေးကွက် မြှင့်တင်ရေး ကော်မတီမှ သိရသည်။  
၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် နိုင်ငံအတွင်း အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပွဲတော် အတွက်လည်း ခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက် လာနိုင်မှုအပေါ် ယင်းသို့ဆောင်ရွက်မှု ရှိလာခြင်း ဖြစ်သည်ဟု သိရသည်။
"မြန်မာနိုင်ငံဟာ အာရှရဲ့ အနာဂတ် လေကြောင်းဈေးကွက်ကြီးတစ်ခု ဖြစ်လာဖို့ အဆင်သင့် ဖြစ်နေပါပြီ။ လေဆိပ်ရဲ့ အများသုံး စနစ်သစ်ဟာ လက်ရှိရှိနေတဲ့ အခြေခံ အဆောက်အအုံကို တိုးချဲ့ကျယ်ပြန့် လာစေပြီး နိုင်ငံတကာ လေကြောင်းလိုင်းတွေကို ကမ္ဘာ့အဆင့် ၀န်ဆောင်မှု ပေးနိုင်မှာ ဖြစ်ပါတယ်" ဟု အာရှပစိဖိတ်ရေးရာ SITA ၏ ဥက္ကဋ္ဌ Ilya Gutlin က ပြောကြားခဲ့သည်ဟု မြန်မာခရီးသွားဈေးကွက် မြှင့်တင်ရေး ကော်မတီ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
"၂၀၁၅ ခုနှစ် မတိုင်မီမှာ နှစ်စဉ်ခရီးသည် ငါးသန်းကျော်ကို ကိုင်တွယ်သွားဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်က လေဆိပ်ဟာ လေကြောင်းလိုင်း ၁၄ ခုကနေ ၂၂ ခုအထိ တိုးပွားလာပါတယ်" ဟု ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ် အထွေထွေမန်နေဂျာ ဦးဝင်းကိုက ပြောကြားခဲ့သည်။
ခရီးသွားအ၀င် မြင့်တက်မှုကြောင့် ရန်ကုန်၊ မန္တလေး အပါအ၀င် အဓိက ခရီးစဉ် ဒေသများ၌ ဟိုတယ်အခန်း လိုအပ်ချက် မြင့်တက်မှုကို ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်းမှ လက်ရှိအချိန်အထိ ကြုံတွေ့လျက်ရှိပြီး ဟိုတယ်ကဏ္ဍသည် ခရီးသွား တိုးတက်မှု၌ အဓိက ပြင်ဆင်ရမည့် လိုအပ်ချက် တစ်ရပ်လည်း ဖြစ်လာသည်။
"လက်ရှိ ငွေဆောင်ဇုန်မှာ အခန်း ၈၀၀ ကျော် ရှိပါတယ်။ လောလောဆယ် ဟိုတယ်နှစ်လုံးကို အခန်းတွေ ပြန်ထပ်တိုးဆောက်တာတော့ ရှိပါတယ်။ တစ်ခုက ရွှေတောင်ကုမ္ပဏီက အခန်း ၆၀ လောက် ရှိမယ်။ နောက်တစ်ခုက ACE က အခန်း ၄၀ ကျော်လောက်ကို ဒီရာသီကုန်လောက် အပြီးတည်ဆောက် ဖြစ်မယ်။ ဒီဟိုတယ်တွေကလည်း အရင်ဟိုတယ်တွေကို ပြန်ဝယ်ပြီး အခန်းတိုးဆောက် တာပါပဲ။ နောက်ပြီး ဟိုတယ်ဝန်ထမ်းတွေကို မွမ်းမံသင်တန်း စက်တင်ဘာလမှာ ဖွင့်ဖို့ရှိတယ်။ ငွေဆောင်ဇုန်မှာတော့ မီးမရှိတာကလွဲလို့ ဆီးဂိမ်းစ်အတွက် အဆင်သင့်ပါပဲ" ဟု ငွေဆောင်ဇုန် ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များ အသင်းမှ အတွင်းရေးမှူး ဒေါ်နွေအေးအေးဝေက ပြောကြားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top