Blogger Widgets

Monday, 17 June 2013

ပုဒ်မ ၁၈ ဖြင့် အရေးယူမှု၊ ထောင်ချမှု များပြားလာပြီးနောက်ပိုင်း ယင်းပုဒ်မအပေါ် ဝေဖန်မှုများလာ၊ ပုဒ်မ ၁၈ ကို ပယ်ဖျက်ရန် လွှတ်တော်သို့ အဆိုတင်ထား

AddThis Social Bookmark Button
6.16.7
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံများ ၂၀၁၃ ခုနှစ် မတ်လအတွင်းက ဆန္ဒဖော်ထုတ်နေစဉ် (ဓာတ်ပုံ-ဟိန်းမင်းထက်-မုံရွာ)
အစိုးရက ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ-၁၈ ဖြင့် အရေးယူမှု၊ ထောင်ဒဏ်ချမှတ် အရေးယူမှု များပြားလာပြီးနောက်ပိုင်း ယင်းဥပဒေ ပုဒ်မအပေါ် ဥပဒေ ပညာရှင်များက ဝေဖန်မှုများ ရှိလာကြောင်း ဥပဒေပညာရှင် အသိုင်းအ၀ိုင်းမှ သိရသည်။
ထို့ပြင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ပုဒ်မ-၁၈ ကို ပယ်ဖျက်ပေးရန် လွှတ်တော်သို့ အဆိုတင်ထားကြောင်း ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ထံမှ သိရသည်။
ပြည်သူ့လွှတ်တော် တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ အတွင်းရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်က''ကျွန်တော်ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ပုဒ်မ-၁၈ ကို ပယ်ဖျက်ပေးဖို့ လွှတ်တော်ကို အဆိုတင်ထားပါတယ်။ လွတ်လပ်စွာ စီတန်းလှည့်လည်ခွင့် ပေးမယ်လို့ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပါပါတယ်။ အဲဒါကြောင့် ဒီဥပဒေက ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ဆန့်ကျင်တဲ့အတွက် ပယ်ဖျက်ပေးဖို့ အဆိုတင်ထားတာပါ'' ဟု သုံးသပ်သည်။
လက်ရှိပြဋ္ဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေမှာ နိုင်ငံတကာတွင် ပြဋ္ဌာန်းထားသည့် ငြိမ်းချမ်းစွာ စုဝေးခွင့်ဆိုင်ရာ ဥပဒေပါ အနှစ်သာရများနှင့် များစွာကွဲပြား လျက်ရှိကြောင်းလည်း ဥပဒေပညာရှင်များက ဆိုပါသည်။
''အခုဖြစ်နေတဲ့ ပြဿနာတွေအရ လက်ရှိဥပဒေတွေဟာ ပြည်သူ့အတွက်လား၊ သူတို့အတွက်လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာတယ်။ ဒါတွေက ပြည်သူတွေအပေါ်ထားတဲ့ စေတနာအပေါ် မူတည်တယ်။ ဒီမှာက ပြည်သူတွေအပေါ် စေတနာနည်းတယ်။ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့် ဥပဒေဟာ တခြားနိုင်ငံမှာလည်း ရှိတယ်။ ပြည်သူတွေက စီတန်းလှည့်လည်ခွင့် တင်တယ်ဆိုရင် အစိုးရက ခွင့်ပြုတယ်။ စီတန်းလှည့်လည်နေတဲ့ သူတွေကိုတောင် ရဲတွေက ကာကွယ်စောင့်ရှောက် ပေးတာရှိတယ်။ ဒီမှာကတော့ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်တင်ရင် အဲဒီတင်တဲ့ ကိစ္စဟာ အုပ်ချုပ်သူနဲ့ သူတို့နဲ့ ပတ်သက်နေတဲ့ ခရိုနီတွေနဲ့ ပတ်သက်ရင် ခွင့်မပြုတော့ဘူး။ တခြားနိုင်ငံတွေမှာ မိမိဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတယ်။ ဒီမှာက ဘောင်ခတ်ထားတယ်။ ဥပဒေကတော့ ပြဋ္ဌာန်းထားပါရဲ့။ ဒါပေမဲ့ သူတို့နဲ့ပတ်သက် လာရင်တော့ ခွင့်မပြုဘူးဆိုတာ ပေးကားပေး၏ မရဖြစ်နေတာပေါ့'' ဟု တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က ပြောကြားသည်။
နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်ရှိကြောင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ-၃၅၄ တွင် ပြဋ္ဌာန်းထားသည်။

ဒီမှာကတော့ ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်တင်ရင် အဲဒီတင်တဲ့ ကိစ္စဟာ အုပ်ချုပ်သူနဲ့ သူတို့နဲ့ ပတ်သက်နေတဲ့ ခရိုနီတွေနဲ့ ပတ်သက်ရင် ခွင့်မပြုတော့ဘူး။ တခြားနိုင်ငံတွေမှာ မိမိဆန္ဒကို လွတ်လပ်စွာ ဖော်ထုတ်ခွင့်ရှိတယ်။ ဒီမှာက ဘောင်ခတ်ထားတယ်။ ဥပဒေကတော့ ပြဋ္ဌာန်းထားပါရဲ့...

''ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် ဆိုင်ရာဥပဒေ ပုဒ်မ-၁၈ က အဲဒီအခွင့်အရေးကို မပေးချင်လို့ ကန့်သတ်တဲ့ ဥပဒေပဲ။ တရားဥပဒေ စိုးမိုးရေး၊ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်နဲ့ ရပ်ရွာအေးချမ်းသာယာရေး ဒါတွေကို ထိခိုက်ရင် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် မပေးဘူး။ နောက် တစ်ချက်က ပေးမယ်၊ မပေးဘူးဆိုတဲ့ အာဏာကို ရဲတပ်ဖွဲ့ကို ပေးထားတာပဲ။ ရဲတပ်ဖွဲ့ဆိုတာ ဥပဒေပညာရှင်တွေ မဟုတ်ဘူး'' ဟု တရားလွှတ်တော်ရှေ့နေ ဦးသန်းစိုး(ထွန်း)က ဆိုသည်။
ဆန္ဒပြလိုသူများသည် ဆန္ဒပြ ရန် သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ လျောက်လွှာတင်၍ ခွင့်ပြုမိန့်တောင်းရန် လိုအပ်ကြောင်းနှင့် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ခွင့်ပြုမိန့် ထုတ်ပေးရန် သက်ဆိုင်ရာက ငြင်းပယ်ခြင်း မပြုရကြောင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေ ပုဒ်မ-၄ နှင့် ၅ တို့အရ သိရသည်။
သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့မှူးသည် နိုင်ငံသားတစ်ဦးက ဖြစ်စေ၊ နိုင်ငံသားများက ဖြစ်စေ၊ အဖွဲ့အစည်း တစ်ရပ်ရပ်က ဖြစ်စေ၊ ခွင့်ပြုမိန့်ရရှိရန် သတ်မှတ်ချက်များနှင့်အညီ တင်ပြလျှောက်ထားချက်ကို လက်ခံရရှိသည့်အခါ သက်ဆိုင်ရာ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ အုပ်ချုပ်ရေးမှူး၏ အတည်ပြုချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးခြင်း၊ သို့မဟုတ် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း ပြုနိုင်ကြောင်း သို့ရာတွင် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့် မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်း မပြုရကြောင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ ၅ အရ သိရသည်။
''ဥပဒေကို သားရေကြိုးလို လုပ်ချင်လို့လို့ မြင်တယ်။ တကယ်လို့ ပုဒ်မ-၃၅၄ ဟာ ယေဘုယျ ဆန်တယ်ပဲ ဆိုရင် ပုဒ်မ-၁၈ အရ စီတန်းလှည့်လည်ခွင့် ပေးမယ်၊ မပေးဘူး ဆိုတာကိုတော့ ရဲတပ်ဖွဲ့က မဆုံးဖြတ်သင့်ဘူး။ ဆုံးဖြတ်ပိုင်ခွင့် အာဏာကို ရဲကိုမပေးသင့်ဘူး။ တရားသူကြီးတွေ၊ ဥပဒေပညာရှင်တွေပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ပေးသင့်ပါတယ်'' ဟု ၎င်းက ဆိုသည်။
မည်သူမဆို ခွင့်ပြုမိန့်မရရှိဘဲ ငြိမ်းချမ်းစွာ စုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျင် ထိုသူကို တစ်နှစ်ထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည် ဖြစ်ကြောင်း ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၈ အရ သိရသည်။
မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် ၂၉ လမ်း၊ ၈၄ လမ်းနှင့် ၈၅ လမ်းကြားရှိ ကိုင်းတန်းဈေး တရားဝင် ရောင်းချခွင့်ပြုရန် ဈေးသူ၊ ဈေးသားများမှ မြို့တော်ဝန်ထံ တောင်းဆိုမှုပြုရာတွင် ပါဝင်ပတ်သက်သူ ဦးအေးသိန်း၊ ဦးဝင်းဆွေမြင့်၊ ဦးစိန်အောင်၊ ဦးညီညီကျော်၊ ဒေါ်နီနီအောင်၊ ဒေါ်နွယ်နွယ်ဦးနှင့် ဒေါ်သဲသဲတို့ကို မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ် တရားရုံးမှ ဇွန် ၁၂ ရက်က ထောင်ဒဏ်ချမှတ်လိုက်ကြောင်း သိရသည်။
ဦးအေးသိန်း၊ ဦးဝင်းဆွေမြင့်နှင့် ဦးစိန်အောင်တို့ကို ပုဒ်မ(၅၀၅)ခ၊ ပုဒ်မ (၁၈)တို့ဖြင့် ထောင်ဒဏ် တစ်နှစ်သုံးလ ချမှတ်ကာ ကျန်လေးဦးအား ထောင်ဒဏ် သုံးလစီ ချမှတ်ခဲ့ကြောင်း သိရသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ''ပုဒ်မ ၁၈ အရ ထောင်ချ အရေးယူတာမျိုးက ပြင်းထန်လွန်းပါတယ်။ ဥပဒေက ပြဋ္ဌာန်းပြီး ဖြစ်တဲ့အတွက် မလိုက်နာလို့တော့ မရပါဘူး။ သို့သော် ပထမအကြိမ် ကျူးလွန်တာဆိုရင် ထောင်ဒဏ်အစား ငွေဒဏ်လောက်ပဲ ချမှတ်သင့်ပါတယ်'' ဟု ပြောကြားသည်။
ဒေါ်နော်အုန်းလှသည် မေ ၂၃ ရက်က နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမေရိကန် ခရီးစဉ်အတွင်း ပြောကြားခဲ့သည့် လက်ပံတောင်းတောင် ဆန္ဒပြသူများသည် အခကြေးငွေဖြင့် ပြသခြင်း ဖြစ်သည်ဟု ပြောကြားခဲ့ခြင်းနှင့် ပတ်သက်ပြီး ခွင့်ပြုချက် မတင်ဘဲ ဆန္ဒပြခဲ့သည့် အတွက် ပုဒ်မ ၁၈ ဖြင့် တရားစွဲဆို ခံထားရသူ ဖြစ်သည်။
လက်ရှိအချိန်တွင် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေး အမျိုးသမီးအဖွဲ့တွင် ဒေါ်နော်အုန်းလှ အပါအ၀င် အဖွဲ့ဝင် အမျိုးသမီးငါးဦးမှာ မြို့နယ်ပေါင်းစုံမှ ပုဒ်မ ၁၈ ဖြင့် စုစုပေါင်း ၂၆ မှု စွဲဆိုခံထားရကြောင်း သိရသည်။
တော်ဝင်သစ်အချောထည် စက်ရုံတွင် ဖြစ်ပွားခဲ့သော အလုပ်ရှင် အလုပ်သမား ပဋိပက္ခများနှင့် ပတ်သက်၍ တော်ဝင်အလုပ်သမား သမဂ္ဂမှ ကိုနေလင်းဦး၊ ကိုဇင်မျိုးကိုကို၊ ကိုဘိုဘိုမင်း၊ မသီတာအောင်၊ မအိဇာဖြူဖြူနှင့် ကိုထက်ကိုကိုတို့ အပါအ၀င် အလုပ်သမားများအရေး ဆောင်ရွက်နေသော Action Labour Dream မှ ကိုကျော်မင်းတို့ကို ခွင့်ပြုမိန့် မရှိဘဲ ဆန္ဒပြမှုကြောင့် ပုဒ်မ ၁၈ ဖြင့် စမ်းချောင်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်နှင့် ရွှေပြည်သာမြို့နယ် တို့တွင် တရားစွဲဆိုထားသည်။
စစ်ပွဲများ ရပ်ဆိုင်းရန် ကေအိုင်အေ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့သို့ ရန်ကုန်မြို့မှ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ကြသူ ငါးဦးအား ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့် ဆိုင်ရာ ဥပဒေပုဒ်မ(၁၈) ဖြင့် မြို့နယ်ရဲစခန်း ရှစ်ခုမှ တရားစွဲဆို ထားသည်။
ပုဒ်မ ၁၈ ဖြင့် အရေးယူမှု၊ ထောင်ချမှုများအပေါ် အမြင်များ
''ပြည်သူတစ်ယောက်အနေနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို  အနှောင့်အယှက် မဖြစ်ဘူးဆိုရင် လွတ်လပ်စွာ ပြောဆိုခွင့် ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်လို့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းထားတယ်။ ဒါပေမဲ့ လက်တွေ့မှာတော့ ဒီလိုပြည်သူတွေရဲ့ နစ်နာချက်တွေကို ဆန္ဒထုတ်ဖော်တဲ့ နေရာမှာတော့ နည်းဥပဒေတွေနဲ့ ကန့်သတ်ထားတယ်။ ရဲနဲ့ တရားရုံးကတော့ ဒီလိုတရားစွဲဆိုတာတွေဟာ ဥပဒေအတိုင်းပါလို့ ပြောပေမယ့် အဲဒီဥပဒေမှာကိုက အားနည်းချက်တွေ ရှိနေတာ''
ဒေါ်ခင်စန္ဒာညွန့် (ကချင်ငြိမ်းချမ်းရေးကွန်ရက်)
''ကျွန်တော်တို့ လိုင်ဇာကို ဖြတ်သန်းသွားတဲ့ မြို့နယ်တွေမှာ နေပြည်တော် အပါအ၀င် ဘယ်မြို့နယ်ကမှ တရားစွဲဆိုတာတွေ မလုပ်ပါဘူး။ ရန်ကုန်က မြို့နယ်ရှစ်မြို့နယ်က ပဲလုပ်တာပါ။ အဲဒီတော့ ဒီပုဒ်မ (၁၈) ဆိုတဲ့ ဥပဒေဟာ နေရာဒေသ ကွဲလွဲပြီးတော့ တရားစွဲဆိုတာလားလို့ မေးခွန်းထုတ်စရာလည်း ရှိနေပါတယ်''
ကိုဇင်ကို (ရန်ကုန်မြို့မှ လိုင်ဇာမြို့သို့ ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်သူ)
''၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (ဂ) မှာ နိုင်ငံသား တစ်ယောက်ရဲ့ ရပိုင်ခွင့်အနေနဲ့ လက်နက်ကိုင်ဆောင်ခြင်း မပြုဘဲ လွတ်လပ်စွာစီတန်း လှည့်လည်ခွင့်ဆိုတာ ပါတယ်။ အခုက စီတန်းလှည့်လည် မယ်ဆိုရင် ခွင့်ပြုချက် တင်ရမယ်။ တင်တော့လည်း ကန့်သတ်ချက်တွေ၊ ချုပ်ချယ်တာတွေရှိတယ်။ ခွင့်မပြုတာတွေလည်းရှိတယ်။ တခြားနိုင်ငံ တွေမှာလည်း ခွင့်ပြုမိန့် တင်ရတယ်ဆိုတာ မှန်တယ်။ ခွင့်ပြုမိန့်ပဲ တင် ရတာ။ ချုပ်ချယ်တာ၊ ကန့်သတ်တာ၊ ခွင့်မပြုတာတို့ မရှိပါဘူး''
ဒေါ်နော်အုန်းလှ (ပုဒ်မ ၁၈ ဖြင့် တရားစွဲဆိုခံထားရသူ)
''အမှန်ကတော့ ဒီပုဒ်မ ၁၈ ဆိုတာ အခြေခံဥပဒေက ပေးထားတဲ့ လူတွေဟာ လွတ်လပ်စွာ ဆန္ဒထုတ်ဖော်ခွင့် ရှိတယ်ဆိုတာကို ထပ်ပြီးတော့မှ ရဲဆီမှာ ခွင့်တောင်းရမယ်ဆိုပြီး ကန့်သတ်လိုက်တယ်။ ပြည်သူတွေရဲ့ ရပိုင်ခွင့်ကို ခွင့်ပြုထားလိုက်ပြီး ဒါကိုပြန်ပြီး ချုပ်ကိုင်တာပေါ့။ ရဲဆီခွင့်တောင်းတော့ တစ်ခါ ရဲကထပ်ပြီး ပြည်သူလူထု မလိုက်နာနိုင်အောင် ခွင့်ပြုချက်တွေ မပေးတာတို့၊ ကန့်သတ်ချက်တွေ အမျိုးမျိုးရှိတာတို့၊ ကြွေးကြော်သံတွေ စတာကို ကန့်သတ်တယ်။ လူတွေက မလိုက်နာတဲ့ အခါကျတော့၊ သူတို့ကန့်သတ်တာနဲ့ မညီညွတ်တဲ့ အခါကျတော့ တရားစွဲတယ်ပေါ့။ နောက်တစ်ခု ပြောချင်တာက သမ္မတက ၄၀၁ နဲ့ ပတ်သက်ပြီး စကားပြောတဲ့ အခါမှာ နိုင်ငံရေးနဲ့ ပတ်သက်ပြီး လက်စားမချေတာမျိုးတွေ မလုပ်ဘူး။ အရေးယူတာတို့ ဘာတို့ ပြောပြီး အခုပြည်သူတွေက သူတို့ရဲ့ဆန္ဒဖော်ထုတ်တာကို အရေးယူ အပြစ်ပေးတယ် ဆိုရင်တော့ သမ္မတပြောထားတဲ့ သဘောတရား ပျက်တာပဲလို့ ပြောချင်တယ်''                                   
ဦးဝင်းတင် (သတင်းစာဆရာ)
''ခွင့်ပြုချက်မရဘဲ ဆန္ဒထုတ်ဖော်တဲ့ အခါမှ ပုဒ်မ ၁၈ နဲ့ အရေးယူ တယ်ပေါ့။ ကျွန်မတို့ ရှမ်းပြည်နယ်မှာတော့ ဒဏ်ငွေပဲ ရိုက်ပါတယ်။ သူတို့ရဲ့ တောင်းဆိုမှုတွေသည် ဥပဒေနဲ့ ညီညွတ်မှုရှိ၊ မရှိဆိုတာတော့ သိဖို့လိုပါတယ်။ ဥပဒေနဲ့ မဆန့်ကျင်တဲ့ ကိစ္စကို တောင်းဆိုတာဆိုရင် ခွင့်ပြုပေးသင့်တယ်။ ခွင့်မပြုလို့ စိတ်မရှည်ဘူး။ သည်းမခံနိုင်တော့လို့ ထပြီး ဆန္ဒပြတဲ့သူကို ၀ါးရင်းတုတ်နဲ့ မရိုက်သင့်ပါဘူး။ ဒီလူတွေက ရာဇ၀တ်မှု လုပ်ခဲ့တာ မဟုတ်ဘူး''     
ဒေါ်ခင်မိုးမိုး (တရားလွှတ်တော်ရှေ့နေ)
''ပုဒ်မ ၁၈ နဲ့ ထပ်ပြီး ထောင်ချတယ်ဆိုတော့ နိုင်ငံရေး အကျဉ်းသားတွေ တိုးလာတာပေါ့။ နိုင်ငံရေး အကျဉ်းသားတွေ တိုးလာတော့ နိုင်ငံတကာနဲ့ စကားပြောရတာ ခက်ခဲပါတယ်။ ဒါကြောင့် ဘာပြစ်မှုမှ ကျူးလွန်ခဲ့တာလဲ မဟုတ်ဘဲနဲ့ ထောင်တွေချ၊ ဘာတွေချ ဆိုတာက ကြားရတာလဲ ကြားလို့မကောင်းဘူး။            
ဦးရောဘတ်စန်းအောင် (တရားလွှတ်တော်ရှေ့နေ)

No comments :

Post a Comment

Blogger Widgets
Back to Top