မိတ္ထီလာ မတ် ၁၁
မိတ္ထီလာမြို့ ပြည်သာယာတောင်ရပ်ကွက် (၃)
လမ်းတွင်နေထိုင်သည့် လူနေအိမ်ဝင်း တစ်ခုသို့ မတ် ၁၀ ရက် နံနက် ၁၁ နာရီ ၄၅
မိနစ်ခန့်က ခြိမ်းခြောက်စာပစ်၍ ငွေကျပ် သိန်း ၅၀
တောင်းယူမှုတစ်ခုဖြစ်ပွားကြောင်း သိရသည်။
ဖြစ်စဉ်မှာ အိမ်အမှတ် ၁၉
(က)/၁၅၆နှင့် ၁၉(က)/၁၅၇ တွင် နေထိုင်သည့် ဦးကြည်ဝင်း (၅၀)နှစ်နှင့်
ဇနီးဒေါ်မြင့်မြင့်စိုး (၄၇)နှစ်တို့၏ နေအိမ်ဝင်းအတွင်းသို့ ဆိုင်ကယ်
(စိစစ်ဆဲ) အနက်ရောင်အင်္ကျီဝတ်ဆင် ထားကြသော အမည်မသိအမျိုးသား သုံးဦးမှ
"စောင့်နေမယ်၊ မလာရင် သတ်ပစ်မယ်" ဟူသော အနီရောင် စာလုံးများဖြင့်
ရေးသားထားသည့် ဗလာစာရွက် ကျောကပ် တစ်ရွက်အား ပစ်ချသွားခဲ့ရာ
ဒေါ်မြင့်မြင့်စိုးသည် ထိုစာကိုယူ၍ အမှတ်(၃)ရဲစခန်း သို့သွားစဉ် ဒုတိယအကြိမ်
ထပ်မံ၍ " ဒီနေ့ မလာရင် သတ်ပစ်မယ်" ဟူသော စာတစ်စောင်ကို အဆိုပါ အမည်မသိသူ
သုံးဦးမှ ထပ်မံပစ်ချကာ ဆိုင်ကယ်ဖြင့် ပြန်လည် ထွက်သွားသည်။
၎င်းစာကိုတွေ့ရှိသည့် သမီးဖြစ်သူ ဝေနှင်းဖြူ (၁၁) နှစ်က တွေ့ရှိသဖြင့် အမှတ်
(၃) ရဲစခန်းသို့ ထပ်မံပေးပို့ခဲ့သည်။ ဒေါ်မြင့်မြင့်စိုးက
အမှတ်(၃)ရဲစခန်းသို့ လာရောက် အကြောင်းကြားမှုကြောင့် ၎င်းအား
ခရိုင်ရဲတပ်ဖွဲ့မှူး ဦးစဝ်နေလင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးမောင်ရွှေ တို့က
မေးမြန်းရာတွင် မတ် ၆ ရက် နံနက် ၈ နာရီခန့်က နေအိမ်ရှိ ဖုန်းသို့ "
ငွေကျပ်သိန်း ၅၀ လာပေးပါ၊ မပေးရင် သတ်ပစ်မယ်၊ ကန်ပတ်လမ်းက စောင့်နေမယ်"
ဟုပြောပြီး ဖုန်းချသွားကြောင်း၊ မတ် ၇ ရက် နံနက် ၉ နာရီခန့်က ဖုန်းလာသဖြင့်
ကိုင်ခဲ့ရာ ပထမနေ့အတိုင်း "ကျပ်သိန်း ၅၀ လာပေးပါ၊ မပေးရင် သတ်ပစ်မယ်" ဟု
ခြိမ်းခြောက်ပြောဆိုကြောင်း၊ မတ် ၁၀ ရက် နံနက် ၁၁ နာရီခန့်တွင်
ဖုန်းလာ၍ကိုင်ခဲ့ပြန်ရာ ထပ်မံ၍ " ကျပ်သိန်း ၅၀ ပေးလှည့်၊ မိသားစု
အားလုံးကို သိတယ်၊ ရဲတိုင်ရင် သတ်ပစ်မယ်၊ ယခုစာလာချမယ်" ဟု ပြော၍
ဖုန်းချသွားခဲ့ပြီး ခြိမ်းခြောက်စာ နှစ်စောင်ကို လာရောက်ပစ်ချခြင်း
ဖြစ်ကြောင်း ပြောသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူများက စုံစမ်း ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

No comments :
Post a Comment