အစိုးရသစ် လက်ထက်တွင် ဘဏ်တိုးနှုန်းများအား တတိယ အကြိမ်မြောက်အဖြစ်
ဆက်လက်လျှော့ချရန် ဆွေးနွေးမှုများ ပြုလုပ်နေပြီးဖြစ်ကြောင်း ဗဟိုဘဏ်မှ
သတ်မှတ်ထားသည့် ဘဏ်တိုးနှုန်း လျှော့ချနိုင်ရန် ဆွေးနွေးနေကြောင်း
ပြည်သူ့လွှတ်တော် အမတ်များထံက သိရှိရပါသည်။
မြန်မာနိုင်ငံတွင် လက်ရှိ ဗဟိုဘဏ်မှ သတ်မှတ်ထားသော ဘဏ်တိုးနှုန်းမှာ ၁၀
ရာခိုင်နှုန်းဖြစ်ပြီး အပ်ငွေအပေါ် အတိုးနှုန်း ၈ ရာခိုင်နှုန်းနှင့်
ချေးငွေအပေါ် အတိုးနှုန်းမှာ ၁၃ ရာခိုင်နှုန်း ဖြစ်ကြောင်း သိရသည်။
လက်ရှိလျှော့ချရန် ပြင်ဆင်နေသည့် ဘဏ်တိုးနှုန်းမှာ ဗဟိုဘဏ်၏ လက်ရှိ
သတ်မှတ်ချက်ဖြစ်သည့် ၁၀ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းသို့
ပြင်ဆင်သတ်မှတ်ဖွယ် ရှိကြောင်းလည်း သိရှိရပါသည်။
"ဘဏ်အပ်ငွေ အတိုးနှုန်းက ၈ ကျပ်ကနေ ၄ ကျပ်အထိ ချလိမ့်မယ်။ စီးပွာရေး
သမားတွေ အနေနဲ့ အတိုးနှုန်း သက်သာမှ နိုင်ငံတကာနဲ့ ယှဉ်ပြိုင်နိုင်စွမ်းက
ရှိလာမှာ။ ရေရှည်အားဖြင့် သွားမယ်ဆိုရင် နိုင်ငံတကာနဲ့ အညီက သွားရမှာပဲ။
တံခါးဖွင့်တာနဲ့အမျှ ရေကမြင့်ရာကနေ နိမ့်ရာကို စီးသွားသလို
ကိုယ်မလုပ်လည်းဘဲ သူ့ဟာသူ အတိုးနှုန်း ကျသွားလိမ့်မယ်။ ဘဏ်တိုးနှုန်းက
ကမ္ဘာမှာ ၂ ဒသမ ၅ ရာခိုင်နှုန်း အများဆုံး ၃ လောက်ပဲ အတိုးနှုန်းက ရှိတာပါ။
ဘဏ်တိုးနှုန်း လျော့ကျသွားဖို့ကို စီးပွားရေးနဲ့ ပတ်သက်တဲ့
လွှတ်တော်ကော်မတီတွေ လောက်ပဲ ဒါကိုစိတ်ဝင်စားမှု ရှိတယ်။ အဲဒီကော်မတီတွေ
အထဲမှာမှ အများစုက အထူးသဖြင့် စီးပွားရေးနဲ့ ကုန်သွယ်ရေး ဖွံဖြိုးတိုးတက်မှု
ကော်မတီမှာကတော့ လိုလားမှု ရှိကြတယ်။ ဘဏ်တိုးနှုန်း နည်းသွားပေမယ့် တစ်ဖက်က
ကုန်ဈေးနှုန်း ကျအောင်ချပေး ရလိမ့်မယ်။ အဲ့ဒီ ဆက်သွယ်မှုကိုလည်း ကော်မတီက
စဉ်းစားနေတယ်" ဟု ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် (လသာ) က
ပြောပါသည်။
လက်ရှိ အစိုးရ လက်ထက်တွင် အပ်ငွေအပေါ် အတိုးနှုန်းနှင့် ချေးငွေအပေါ်
အတိုးနှုန်းအား ၂၀၁၁ ခုနှစ် စက်တင်ဘာ ၁ ရက်နေ့တွင် တစ်ကြိမ်နှင့် ၂၀၁၂
ခုနှစ် ဇန်န၀ါရီ ၁ ရက်နေ့တွင် တစ်ကြိမ်၊ နှစ်ကြိမ် လျှော့ချပေးခဲ့
ကြောင်းလည်း သိရှိရပါသည်။
ဘဏ်တိုးနှုန်းအား ပြောင်းလဲခြင်း ပြုလုပ်လေ့ရှိသည့် ကာလများမှာ
ငွေဖောင်းပွမှု လျော့ကျချိန်နှင့် စီးပွားရေး ကျဆင်းနေချိန်တွင် စီးပွားရေး
ပြန်လည်မြှင့်တင်နိုင်ရန် အတိုးနှုန်း လျှော့ချလေ့ ရှိပြီး၊ စီးပွားရေး
အရှိန်မြင့်နေချိန်နှင့် ငွေကြေးဖောင်းပွမှု မြင့်မားနေချိန်တွင် အတိုးနှုန်း
မြှင့်တင်လေ့ရှိကာ ထိုသို့ အတိုးနှုန်း ပြောင်းလဲမှုသည်
ရင်းနှီးမြှုပ်နှံမှု၊ အလုပ်အကိုင် ရရှိမှု၊ အမျိုးသား ၀င်ငွေအပေါ် များစွာ
အကျိုးသက်ရောက်မှု စသည့်ပြောင်းလဲမှုများ ရှိနေကြောင်းလည်း သိရှိရပါသည်။
အလားတူပင် မြန်မာနိုင်ငံသည် ဘဏ်တိုးနှုန်း မြင့်မားသဖြင့် စင်ကာပူ၊
ထိုင်းစသည့် နိုင်ငံများမှာ လုပ်ငန်းရှင်များ အနေဖြင့် ယင်းတို့၏
သက်ဆိုင်ရာ နိုင်ငံမှ ငွေများချေးယူ၍ မြန်မာနိုင်ငံ ဘဏ်များတွင် အပ်နှံကာ
ဘဏ်တိုးနှုန်းအား အမြတ်အစွန်းယူ ဈေးကစားမှုများ ပြုလုပ်လေ့ ရှိကြောင်းလည်း
သိရှိရပါသည်။
"မြန်မာနိုင်ငံထက် ဘဏ်တိုးနှုန်းနိမ့်တဲ့ နိုင်ငံကလာတဲ့
လုပ်ငန်းရှင်တွေဆိုရင် သူ့နိုင်ငံကနေ ငွေချေးပြီး မြန်မာနိုင်ငံမှာ
ငွေအပ်၊ ပြီးရင် နိုင်ငံနှစ်ခုကြားက ကွာခြားချက်ဖြစ်တဲ့ ဘဏ်တိုးနှုန်းနဲ့
ထိုင်စားပြီး အမြတ်ထုတ်ကြတယ်။ ဒီလို ဖြစ်နေတာက မြန်မာနိုင်ငံ ဒီမိုကရေစီ
မရခင် ကတည်းကဆိုတော့ အခုဆို ၁၀ နှစ်၊ ၁၅ နှစ်လောက် ရှိနေပြီ။
မြန်မာနိုင်ငံရဲ့ ဘဏ်တိုးနှုန်းက အိမ်နီးချင်း နိုင်ငံတွေထက် မြင့်နေတာပဲ။
အတိုးနှုန်းကို ရဲရဲဝံ့ဝံ့ ချပေါ့။ ဘာလို့ တခြားနိုင်ငံသားကို ပေးစားမလဲ" ဟု
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကြံပေး -၂ ဦးသန်းလွင်က ပြောဆိုမှုများ
ရှိခဲ့ပါသည်။
ထိုသို့ ဘဏ်အပ်ငွေ အတိုးနှုန်းအပေါ် အမြတ်ထုတ်နိုင်ခြင်း၊
မြန်မာနိုင်ငံအတွင်း လုပ်ငန်းများ လာရောက်မြှုပ်နှံစဉ်
မြန်မာလုပ်ငန်းရှင်များ ရရှိမထားသည့် ကာလရှည် အခွန်ကင်းလွတ်ခွင့်
ရရှိထားခြင်း၊ အခြေခံ အဆောက်အအုံများနှင့် ကုန်ထုတ်လုပ်မှု အပိုင်းတွင်
အသာစီး ရနေသည့်အပြင် ပြည်ပလုပ်ငန်းရှင်များ၏ ထုတ်ကုန်မှာ နိုင်ငံတကာ
ဈေးကွက်တွင် ထိုးဖောက်နိုင်ခြင်း စသည့် ပြည်ပလုပ်ငန်းရှင်များ၏
အားသာချက်များမှာ မြန်မာနိုင်ငံရှိ စက်မှုကုန်ထုတ် လုပ်ငန်းများ
ပြိုလဲစေနိုင်သည့် အားသာချက် ဖြစ်လာနိုင်ကြောင်းလည်း ဘဏ်လုပ်ငန်းဆိုင်ရာ
အကြံပေး ပညာရှင်များက ပြောပါသည်။
အာဆီယံ စီးပွားရေး အသိုက်အ၀န်း စတင်ချိန်တွင် အာဆီယံ နိုင်ငံများနှင့်
ယှဉ်ပြိုင်ရမည့် မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား လုပ်ငန်းများ
အနေဖြင့် ဘဏ်တိုးနှုန်း မြင့်မားမှု ပြဿနာနှင့် ရင်ဆိုင်နေရချိန်တွင်
ဘဏ်တိုးနှုန်းများ လျှော့ချလိုက်သည့်အတွက် ချေးငွေများနှင့်
ကုန်ထုတ်လုပ်မှုများ တိုးတက်လာနိုင်မည် ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၀၉၊ ၂၀၁၀ နှစ်များတွင် ၁၀
ဂဏန်းအထက် ရှိခဲ့သော်လည်း ၂၀၁၁ ခုနှစ်တွင် ၈ ဒသမ ၂ ရာခိုင်နှုန်းအထိ
ကျဆင်းခဲ့ပြီး ၂၀၁၂ ခုနှစ် ပထမနှစ်ဝက်တွင် ငွေကြေးဖောင်းပွမှု
ကျုံ့ခြင်းကြောင့် ၂၀၁၂ ခုနှစ် နှစ်လယ်ပိုင်းတွင် ငွေကြေးဖောင်းပွမှုမှာ ၂
ဒသမ ၆ ရာခိုင်နှုန်းမျှသာ ရှိခဲ့ကြောင်း သိရသည်။
၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာပေါ်တွင် အစားအသောက် ဈေးနှုန်းကျဆင်း နေခြင်းနှင့်
စိုက်ပျိုးရေး ထွက်ကုန်များ အပိုပြနေခြင်းကြောင့် မြန်မာနိုင်ငံ၏
ငွေကြေးဖောင်းပွမှု ဖိအားမှာ လျော့နည်းနိုင်သည့် အလားအလာများ
ရှိနေကြောင်းလည်း စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု အခြေခံ
မူဘောင်တွင် ဖော်ပြထားကြောင်း သိရှိရပါသည်။
ထိုသို့ ဘဏ်တိုးနှုန်းများ လျှော့ချလိုက်ပါက ပြည်သူများ၏ အပ်ငွေများ
လျော့ကျနိုင်သဖြင့် အဆိုပါ အပ်ငွေလျော့ကျမှုနှင့် ပြည်တွင်းလည်ပတ်ငွေများ
လျော့ကျမသွားစေရန် ကုန်ဈေးနှုန်းများ လျှော့ချရန် လိုအပ်ပြီး ထိုသို့
ကုန်ဈေးနှုန်းများ လျှော့ချနိုင်ရန် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့်
ကုန်သွယ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့်လည်း
ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း ဦးကြည်မြင့် (လသာ) က
ဆက်လက်ပြောကြားသည်။
မြန်မာနိုင်ငံ၏ ငွေကြေးဆိုင်ရာ ကဏ္ဍအတွက် အတိုးနှုန်း သတ်မှတ်ပြောင်းလဲခဲ့မှု အဆင့်ဆင့် |
ကာလ | ဗဟိုဘဏ်အတိုးနှုန်း | အပ်ငွေအပေါ် အတိုးနှုန်း | ချေးငွေအပေါ် အတိုးနှုန်း |
၁.၉.၁၉၈၉ | ၁၁.၀၀% | ၈%ထက်မနည်း | ၁၇%ထက်မများ |
၁.၁.၁၉၉၅ | ၁၂.၅၀% | ၁၀.၀၀% | ၁၆.၅၀% |
၁.၄.၁၉၉၆ | ၁၅.၀၀% | ၁၂%ထက်မနည်း | ၂၁%ထက်မများ |
၁.၄.၁၉၉၉ | ၁၂.၀၀% | ၁၂%ထက်မများ | ၁၇%ထက်မများ |
၁.၄.၂၀၀၀ | ၁၀.၀၀% | ၁၀%ထက်မများ | ၁၅%ထက်မများ |
၁.၄.၂၀၀၆ | ၁၂.၀၀% | ၁၂%ထက်မများ | ၁၇%ထက်မများ |
၁.၉.၂၀၁၁ | ၁၂.၀၀% | ၁၀%ထက်မနည်း | ၁၅%ထက်မများ |
၁.၁.၂၁၀၁၂ | ၁၀.၀၀% | ၈%ထက်မနည်း | ၁၃%ထက်မများ |
ဇာစ်မြစ်။ ။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်
ကမ္ဘာ့နိုင်ငံ အချို့နှင့် မြန်မာနိုင်ငံ၏ အတိုးနှုန်း နှိုင်းယှဉ်ချက် |
နိုင်ငံ | ဗဟိုဘဏ်/ငွေကြေးအာဏာပိုင် | အပ်ငွေအတိုးနှုန်း (%) | ချေးငွေအတိုးနှုန်း |
အဖွဲ့၏ အတိုးနှုန်း (%) | |||
မလေးရှား | ၃.၀၀ | ၂.၉၇ | ၄.၇၇ |
စင်ကာပူ | ၀.၁၇ | ၀.၁၄ | ၅.၃၈ |
ဖိလစ်ပိုင် | ၄.၀၀ | ၃.၀၇ | ၅.၉၅ |
ထိုင်း | ၃.၀၀ | ၂.၆၃ | ၇.၁၃ |
အင်ဒိုနီးရှား | ၅.၇၅ | ၅.၈၉ | ၁၁.၇၈ |
ဗီယက်နမ် | ၁၃.၀၀ | ၁၂.၀၀ | ၁၄.၇၀ |
ကမ္တောဒီးယား | ၅.၂၅ | ၆.၁၀ | ၁၇.၀၀ |
လာအို | ၅.၀၀ | ၃.၀၀ | ၂၂.၀၀ |
ကိုရီးယား | ၁.၅၀ | ၄.၀၁ | ၅.၇၁ |
တရုတ် | ၆.၀၀ | ၃.၀၀ | ၆.၀၀ |
ဂျပန် | ၀.၃၀ | ၀.၄၉ | ၁.၄၂ |
ဘင်္ဂလားဒေရှ့် | ၅.၀၀ | ၁၀.၀၃ | ၁၃.၀၀ |
အိန္ဒိယ | ၉.၀၀ | ၈.၀၀-၉.၂၅ | ၁၀.၀၀-၁၀.၅၀ |
အမေရိကန် | ၀.၁၃ | - | ၃.၂၅ |
ဗြိတိန် | ၀.၅ | - | ၀.၅၀ |
ဥရေပဗဟိုဘဏ် | ၀.၇၅ | ၀.၀၀ | ၁.၅၀ |
ရုရှား | ၈.၀၀ | ၅.၂၀ | ၈.၉၀ |
မြန်မာ | ၁၀.၀၀ | ၈%ထက်မနည်း | ၁၃%ထက်မများ |

No comments :
Post a Comment