လွှတ်တော်နှင့် အစိုးရအဖွဲ့တို့၏ကြားတွင် သဘောထားကွဲလွဲမှုနှင့်
ပဋိပက္ခများ ဖြစ်ပေါ်နေသည်ဆိုသော ထင်ကြေးပေး ပြောဆိုမှုများ၊ ကောလာဟလများမှာ
မဟုတ်မှန်ဟု ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ဇွန် ၂၇ ရက်တွင် ကျင်းပသော
ပြည်သူ့လွှတ်တော် အစည်းအဝေး တတိယမြောက်နေ့တွင် ပြောကြားသည်။
လွှတ်တော်နှင့် အစိုးရတို့သည် ဖွဲ့စည်း ပုံအခြေခံဥပဒေအရ
မိမိတို့လုပ်ငန်းတာဝန်များကို လုပ်ဆောင်နေပြီး အပြန်အလှန်
ထိန်းကျောင်းခြင်းများကိုသာ လုပ်ဆောင်နေကြခြင်းသာ ဖြစ်ကြောင်း
သူရဦးရွှေမန်းက လွှတ်တော်နှင့် အစိုးရအဖွဲ့ ပဋိပက္ခများ ဖြစ်ပွားနေသည်ဆိုသော
ကောလာဟလများအပေါ် ပြန်လည်ရှင်းလင်းသည်။
''ကျွန်တော်တို့ လွှတ်တော်နဲ့ အမြင်ချင်းမတူ၊ သဘောထား ကွဲလွဲနေတဲ့
ပဋိပက္ခများ ဖြစ်နေတယ် ဆိုပြီးတော့ ဘေးမှာ ကောလာဟလ ပြောဆိုမှုတွေ ရှိနေပါတယ်။
တကယ်တမ်းကျတော့ လွှတ်တော်ဟာ လွှတ်တော်ရဲ့ လုပ်ငန်းကို လုပ်နေပါတယ်။
အုပ်ချုပ်ရေး အစိုးရအဖွဲ့အစည်းက အုပ်ချုပ်ရေး လုပ်ငန်းကို လုပ်နေပါတယ်။
အဲဒီလို လုပ်ဆောင်တဲ့ နေရာမှာ အချင်းချင်း အပြန်အလှန် ထိန်းညှိ
ဆောင်ရွက်နေခြင်းသာ ဖြစ်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင်
ဒီနေ့ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတာတွေကို ဆန့်ကျင်နေသလို
ဖြစ်တဲ့အတွက် မိမိတို့ လုပ်ငန်းတာဝန်ကို ပိုင်းခြားဆောင်ရွက်တဲ့ နေရာမှာ
ဒီလိုအခြေအနေမျိုးက ဆက်လက် ဖြစ်ပေါ်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့်
ဘေးပယောဂတွေကို ဘေးဖယ်ထားပြီး ကိုယ့်တာဝန်ကိုယ် လုပ်နေတယ်ဆိုတဲ့ အသိနဲ့
ဆောင်ရွက်သွားဖို့ လွှတ်တော်ကို ပြောကြားလိုပါတယ်'' ဟု ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ
သူရဦးရွှေမန်းက ပြောကြားသည်။
လွှတ်တော်သည် ဥပဒေများကို ပြည်သူ့အသံအပေါ် နာခံ၍ ရေးဆွဲပြဋ္ဌာန်းခြင်း
ဖြစ်သောကြောင့် ယင်းဥပဒေများကို အစိုးရအဖွဲ့များ၊ ပြည်သူများသာမက
လွှတ်တော်ကပါ လိုက်နာရမည်ဖြစ်ကြောင်း ဦးရွှေမန်းက ပြောကြားသည်။
ထို့အတူ အစိုးရအဖွဲ့အနေနှင့် လွှတ်တော်တွင်း မေးမြန်းမှုများကို
ပြန်လည်ဖြေဆိုမှုများသည် ကတိက၀တ်များ ဖြစ်သွားသည့်အတွက် လိုက်နာဆောင်ရွက်
ပေးကြရန်လည်း သူရဦးရွှေမန်းက ပြောကြားသည်။
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက
''ကျွန်တော်တို့ ဥက္ကဋ္ဌကြီးနဲ့ သမ္မတကြီးတို့ အဆင်ပြေပါတယ်။ ပုဂ္ဂိုလ်ရေး
ရင်းနှီးမှုအရတောင် ရံဖန်ရံခါ စကားပြောဆိုလေ့ ရှိပါတယ်'' ဟု ဇွန် ၂၂ ရက်တွင်
ပြုလုပ်သော ပါတီဗဟိုကော်မတီ အစည်းအဝေး သတင်းစာ ရှင်းလင်းပွဲတွင်
သူရဦးရွှေမန်းနှင့် သမ္မတဦးသိန်းစိန်တို့ အကြား ပုဂ္ဂိုလ်ရေး အဆင်မပြေမှုများ
ရှိနေသည် ဆိုသည့်အပေါ် ပြောကြားခဲ့သည်။

No comments :
Post a Comment