Blogger Widgets

Monday, 17 June 2013

ကျွန်တော်တို့အားလုံးအတွက် သမ္မတ

ပြည်သူအားလုံးအတွက် သမ္မတသည် သည်းခံ၍ မေတ္တာထားသော သမ္မတ၊ ဥာဏ်အမြော်အမြင်ကြီးသော သမ္မတ၊ ပြဿနာကို ဖြေရှင်းနိုင်သော သမ္မတဖြစ်ဖို့ လိုသည်။
၂၀၁၅ ရောက်သည့်အခါ ဘယ်သူသမ္မတ ဖြစ်လာမည်နည်း။
ဦးသိန်းစိန်ကလည်း ပြည်သူတွေ တောင်းဆိုပါက သမ္မတ ဆက်လုပ်မည်ဟု ဆိုသည်။

သူရဦးရွှေမန်းကလည်း သမ္မတ ဖြစ်လိုကြောင်း အမေရိကန် ခရီးစဉ်တွင် ပြောကြားသည်။ (သတင်းမှ ကြားရပါသည်)
ဒေါ်အောင်ဆန်းစုကြည်ကတော့ သမ္မတ ဖြစ်လိုကြောင်း သုံးကြိမ်တိတိ ပြောသွားပါသည်။ ပထမအကြိမ် မြိတ်မြို့တွင် ပြောသည်။ ဒုတိယကတော့ နိုင်ငံခြား ခရီးစဉ်တွင် ပြောသည်။ တတိယကတော့ World Economic Forum ကျင်းပစဉ် သတင်းထောက်များ အမေးကို ပြောသည်။

ပြည်သူတွေအတွက်
ဘယ်လို အစိုးရမျိုးက ရေရှည်တည်တံ့မှာလဲ။
အီဗရာဟင်လင်ကွန်းက ပြောသည်။

"government of the people, by the people, and for the people, shall not perish from the earth"
ပြည်သူတွေရဲ့ အစိုးရ၊ ပြည်သူရွေးချယ် တင်မြှောက်တဲ့ အစိုးရ၊ ပြည်သူတွေအတွက် အစိုးရဆိုရင် ကမ္ဘာတည်သရွေ့ တည်နေမယ်။ ဘယ်တော့မှ မပျောက်ကွယ်ဘူးတဲ့။
အစိုးရဆိုတာ ပြည်သူတွေအတွက် ဒါဆိုရင် ပြည်သူတွေ ကောင်းစားဖို့ပဲ မဟုတ်လား။ မြန်မာနိုင်ငံတွင် အမြင့်ဆုံး အုပ်ချုပ်မှု အာဏာရှိသော အစိုးရ အဖွဲ့ဝင်သည် သမ္မတပင် ဖြစ်သည်။

"ကျွန်တော်တို့ ဘယ်လိုသမ္မတမျိုး လိုချင်ပါသလဲ" ဟု မေးပါက "ပြည်သူအတွက် သမ္မတ လိုချင်တယ်" ဟူ၍ ဖြေကြမည် ဖြစ်သည်။ ပိုပြီးလေးနက်အောင် ပြောလိုပါသည်။

ကျွန်တော်တို့က by the people ဆိုတဲ့အတိုင်း ရွေးပေးရမည်။ သမ္မတက for the people ဆိုတဲ့အတိုင်း ပြည်သူတွေအတွက် အုပ်ချုပ်ရမည်။ ထိုသမ္မတ မျိုးသည်သာ ကမ္ဘာမြေပေါ်မှ ဘယ်တော့မှ မပျောက်ကွယ်ဘဲ တည်တံ့နေမည် ဖြစ်သည်။ ဒါကိုလင်ကွန်းက shall not perish from the earth ဟု ပြောခဲ့ပါသည် . . .

ပြည်သူလူထု တစ်ရပ်လုံးအတွက် သမ္မတကို လိုချင်ပါသည်။
ကျွန်တော်တို့၏ သမ္မတသည် အဖွဲ့အစည်း တစ်ရပ်အတွက် မဖြစ်သင့်ပါ။
တစ်ဦးတစ်ယောက် အတွက်လည်း မဖြစ်သင့်ပါ။

မေတ္တာထားသော သမ္မတ

ကျွန်တော်တို့၏ သမ္မတသည် မေတ္တာတရားကို လက်ကိုင်ထားသော သမ္မတဖြစ်ဖို့ လိုသည်။ ဆင်းရဲသော တောင်သူလယ်သမားက လူဦးရေ ရာခိုင်နှုန်း ၅၀ အထက် ရှိသည်။ အလုပ်လက်မဲ့က ၃၇ ရာခိုင်နှုန်း ရှိသည်။ တောသူတောင်သား အခြေခံ လူတန်းစားတွေအတွက် သမ္မတက မေတ္တာထားကာ ဘာတွေလုပ်ပေးမှာလဲ။ လယ်လုပ်သူတွေကို လယ်ဧကအလိုက် ငွေချေးသည်။ လယ်ယာမြေ အသိမ်းခံရသော သူတို့အတွက် မေတ္တာထားကာ လျော်ကြေးတွေ ပေးသည်။

ယနေ့တွင် တစ်ကြိမ်တစ်ခါမှ အောင်မြင်မှု မရသေးသော သမ၀ါယမက ငွေတွေချေးသွားမည်။ အတိုးတွေ တက်သည်။ ပြန်မဆပ်နိုင်ကြပါ။ အတိုး လည်ပင်းခိုက်သူတွေ တိုးပွားလာသည်။

လယ်ယာမြေ အသိမ်းခံရသောကြောင့် ရသောလျော်ကြေးကို လှူနိုင်တန်းနိုင်ပါသည်။ သားအတွက် ဆိုင်ကယ်ဝယ်ပေးသည်။ သမီးအတွက် နားဆွဲလေးဘာလေး ၀ယ်ပေးသည်။ ပြီးတော့ သူတို့တစ်တွေ ဆင်းရဲတွင်း ပိုနက်သွားသည်။ ဒါက တစ်ကမ္ဘာလုံးမှာ ဖြစ်နေကျပါပဲ။ အမေရိကန် ပြည်ထောင်စုမှ အင်ဒီးယန်း (Native American) တို့တွင် ရှေးကတည်းက ထိုပြဿနာမျိုး ရင်ဆိုင်ခဲ့ရသည်။ သူတို့တွေ ဆင်းရဲမွဲတေမှုအတွက် လျော်ကြေးဖြင့် မလုံလောက်ပါ။ ပညာသင်ပေးခြင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရှာပေးခြင်း။ ကူညီထောက်ပံ့မှုများဖြင့် သူတို့ လက်တွဲခေါ်ခဲ့သည်။ အမေရိကန် ချမ်းသာသမျှ အင်ဒီးယန်း (Native American) များလည်း ခံစားခွင့် ရလာတော့သည်။ အရေးအခင်းတွေ၊ အရေးကိစ္စတွေ ပြဿနာတွေ အပြစ်တင်တာတွေကို ဘေးဖယ်ပြီး မေတ္တာထားသည့် သမ္မတကောင်းကောင်းကိုတော့ လိုချင်ကြပါသည်။

ဥာဏ်အမြော်အမြင်ကြီးသော သမ္မတ

ပြည်သူအများစုသည် ဥာဏ်ပညာကို လေးစားသည်။ ထို့ကြောင့်လည်း ဒေါက်တာဘွဲ့ လိုချင်သူတွေ မှိုလိုပေါက်နေသည်။ ဒေါက်တာဘွဲ့ ရသူသည် ထိုနယ်ပယ်တွင် ထူးချွန်သူဟူသော အသိအမှတ်ပြု ခံရခြင်းသာဖြစ်သည်။ သာမန် ပြည်သူတွေ အသိအမှတ်ပြု ခံထားရသော စာရေးဆရာ၊ ဂျာနယ်လစ်၊ ကဗျာဆရာ စသည်တို့တွင် ဒေါက်တာက အရေးမကြီးပါ။ ထို့ကြောင့် သမ္မတတွင် ဒေါက်တာဘွဲ့ မလိုပါ။ သို့သော် ကျွန်တော်တို့၏ သမ္မတသည် ဥာဏ်ပညာ ထက်မြက်ရပေမည်။

ဥပမာ အကြမ်းဖက်ခြင်းသည် မကောင်းဟု နားလည်ရမည်။
ကျွန်တော်တို့ဆီမှာ ရခိုင်ပြည်နယ် အရေးကိစ္စတွေ ပေါ်လာသည်။ မိတ္ထီလာ အရေးအခင်း ဖြစ်သည်။ ဥက္ကံအရေး ဖြစ်သည်။ လားရှိုး အရေးအခင်းများ ဖြစ်လာသည်။ ထိုကိစ္စ အားလုံးသည် အကြမ်းဖက်ခြင်း ဖြစ်သည်။

အကြမ်းဖက်ခြင်းအတွက် ကျွန်တော်တို့ဆီက လူကောင်းသူကောင်းတွေ အများကြီး ဆုံးရှုံးပါသည်။ လက်ပံတောင်းတောင် အရေးအခင်းတွင် အဓိကရုဏ်း နှိမ်နင်းသည်ကလည်း အကြမ်းဖက် နှိမ်နင်းခဲ့သည်။ ဒါဟာ  "အကြမ်းဖက် တာပါလား" ဟု သမ္မတ နားလည်ရပေမည်။ ပြည်သူတွေက နှစ် ၅၀ လုံးလုံး အာဏာရှင်အောက်မှာ နေခဲ့ရသည်။ တစ်ခါတစ်ခါတော့လည်း ခံစားချက်ကို ထုတ်ဖော်လိုကြသည်။ ဒါကို ဥာဏ်ထက်မြက်သော သမ္မတက နားလည်ခွင့်လွှတ် နိုင်သည်။

ထို့အတူ စစ်ပွဲတွေကိုလည်း သတိထားရ ပေမည်။ စစ်ပွဲဆိုသည်မှာ ပြည်တွင်းစစ် မပြောနှင့် နိုင်ငံတစ်နိုင်ငံနှင့် တစ်နိုင်ငံအကြား ဖြစ်သည့် စစ်လည်းမကောင်းပါ။

ဥပမာ အစ္စရေးနှင့် ပါလက်စတိုင်းစစ်ဆိုတာ ဘယ်သူမှားသည် မှန်သည်ထက် သူ့ဘက်က လူကောင်းတွေ ဆုံးရှုံးရသလို ကိုယ့်ဘက်က လူကောင်းတွေလည်း ဆုံးရှုံးကြောင်း သဘောပေါက်ရမည်။ ကချင်ပြည်နယ် စစ်ဆိုရင် ဆုံးရှုံးသမျှ ကျွန်တော်တို့သာလျှင် ဖြစ်သည်။ စင်စစ် ငြိမ်းချမ်းရေးဘက်တွင် သမ္မတ အမြဲရပ်တည်သင့်သည်။

ပြဿနာဖြေရှင်းတဲ့ သမ္မတ

သမ္မတတိုင်းတွင် (တိုင်းပြည်အတွက်) ပြဿနာများ ရှိသည်။
သမ္မတတိုင်းသည် ပြဿနာကို ရင်ဆိုင်ရပါသည်။

အီဂျစ်သမ္မတ မူဘာရက် (Arab Spring) တွင် ပြဿနာကို ရင်ဆိုင်ရင်း အရှုံးပေးသွားသည်။ လစ်ဗျားမှ သမ္မတ ကဒါဖီသည် သူ့အား ဆန့်ကျင်သူများ ပဋိပက္ခဖြစ်ရာမှ အသက်ဆုံးရှုံး သွားရပါသည်။ ယနေ့ ဆီးရီးယားမှ သမ္မတအာဆတ်သည် ဆန္ဒပြသူ အတိုက်အခံများနှင့် ပြည်တွင်းစစ် ဖြစ်နေသည်။ ကုလသမဂ္ဂက သမ္မတအာဆတ်သည် ဆန့်ကျင်သူများကို ဓာတုဗေဒဗုံးများ သုံးသည်ဟု ဆိုသည်။ တူရကီသမ္မတ Tayyip Erdogen သည် ဆန္ဒပြသူများအား သည်းခံမှု အတိုင်းအတာ ကုန်ဆုံးသွားပြီဟုဆိုကာ မျက်ရည်ယိုဗုံးများဖြင့် ဖြိုခွဲနေသည်။

ဂရိတွင် လူထောင်ပေါင်းများစွာ ဆန္ဒပြနေကြသည်။ ခေါင်းဆောင် (သမ္မတ) များတွင် ပြဿနာများစွာ ရှိသည်။ လုပ်ပိုင်ခွင့်များလည်း ရှိပါသည်။

နိဂုံး

မြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သမ္မတအား အာဏာအလွန်အကျွံ ပေးထားပါသည်။ ဥပမာ တိုင်းပြည် မငြိမ်မသက်ဖြစ်လျှင် အရေးပေါ် အခြေအနေ ကြေညာပြီးနောက် အာဏာကို ကာကွယ်ရေး ဦးစီးချုပ်အား လွှဲအပ်နိုင်သည်။ ထိုသို့ လွှဲအပ်ရာတွင် သူ့တွင်ရှိသော အုပ်ချုပ်ရေး အာဏာအပြင် သူ့တွင်မရှိသော တရားစီရင်ရေး အာဏာများ အားလုံးကိုပါ လွှဲအပ်ပေးရမည်ဟု ဆိုထားပါသည်။ အခြေခံ ဥပဒေတွင် အသေးစိတ် ကြည့်နိုင်ပါသည်။ အခြေခံ ဥပဒေအကြောင်း ဝေဖန်ဆွေးနွေးထားခြင်း မဟုတ်ပါ။
ကျွန်တော်ဆိုလိုတာက သမ္မတတွင် တာဝန်ကြီးလှ ပါသည်။

ကမ္ဘာမြေပေါ်မှ ပျောက်ကွယ်သွားသော ခေါင်းဆောင်များ အကြောင်းကိုလည်း ရေးချင်ပါသေးသည်။

No comments :

Post a Comment

Blogger Widgets
Back to Top