Blogger Widgets

Monday, 17 June 2013

အမေရိကန်ရောက် ရခိုင်အမျိုးသားများညီလာခံကို ထန်နန်ဆီ ပြည်နယ်တွင် မကြာခင် ကျင်းပတော့မည်

အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးတွင် ရောက်ရှိနေထိုင်နေကြသည့် ရခိုင်အမျိုးသားများအားလုံး ပါဝင်လာနိုင်သည့် ရခိုင်အမျိုးသား ညီလာခံတရပ်ကို အမေရိကန်ပြည်ထောင်စု ထန်နန်ဆီပြည်နယ် (Tennessee State)တွင် လာမည့် သြဂုတ်လ ၃၁ ရက် စနေနေ့ မှ စက်တင်ဘာလ ၁ ရက် တနင်္ဂနွေနေ့ထိ နှစ်ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
 
ရခိုင်အမျိုးသားညီလာခံ (အမေရိကန်)၏ လက်ကမ်းစာစောင်။

လွန်ခဲ့သည့် ဖေဖေါ်ဝါရီလ ၂၄ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ အိုင်အိုဝါပြည်နယ် (Iowa State)၊ ဒီမွိုင်းမြို့ လင်ကွန်းခန်းမ၌ ကျင်းပခဲ့သော ညီလာခံဖြစ်မြောက်ရေး ကော်မတီ အစည်းအဝေးတွင် ရခိုင်အမျိုးသားညီလာခံ (အမေရိကန်) လက်ခံကျင်းပနိုင်မည့် ပြည်နယ်ကို တောင်းဆိုရာ ထန်နက်ဆီပြည်နယ်မှ ရခိုင်အမျိုးသားများက မိမိတို့ လက်ခံကျင်းပနိုင်ကြောင်း အဆိုပြုတင်သွင်းခဲ့သဖြင့် ညီလာခံဖြစ်မြောက်ရေး ကော်မတီမှ ထန်နန်ဆီ ပြည်နယ်ကို ရွေးချယ်အတည်ပြု သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ရခိုင်အမျိုးသားများညီလာခံ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လက်ရှိအခြေအနေတွင် လှုပ်ရှားမှုများ၊ ဆော်သြမှုများနှင့် ရန်ပုံငွေရှာဖွေရေးအစီအစဉ်များကို အားတိုက်အင်တိုက် လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ကြောင်း ညီလာခံဖြစ်မြောက်ရေး ကော်မတီ၏ ပြောရေးဆိုခွင့်ရှိသူ ကိုဦးသိန်းမောင်က အာရ်ကန်တိုင်းမ်စ်သို့ ယခုလို ပြောကြားသည်။
 
" ကျနော်တို့ ညီလာခံဖြစ်မြောက်ရေးကော်မတီမှာ ပြည်နယ်အသီးသီးက ကိုယ်စားလှယ် ၁၅ ဦးအပြင် တွဲဖက်ကော်မတီဝင်တွေ ၉ ဦးရှိပြီး အခု ပြည်နယ်တွေ တော်တော်များများက ပူးပေါင်းပါဝင်တဲ့အတွက် တိုးချဲ့ကော်မတီဝင် ဆိုပြီးတော့ တိုးချဲ့ လုပ်ဆောင်နေကြပါတယ်။ ညီလာခံဖြစ်မြောက်ရေးအတွက် ရန်ပုံငွေရှာဖွေရေး လုပ်ငန်းစဉ်အနေနဲ့ လောလောဆဲမှာ ကျနော်တို့ မဟာမြတ်မုနိ ဘုရားပုံတော်ကို ဆိုက်တမျိုး အရွယ်အစားတမျိုးနဲ့ ဖြန့်ချီနေကြပါတယ်။ ၀ယ်ယူအားပေးတဲ့ သူတွေလည်း ဖူးမြော်ပူဇော်နိုင်အောင်၊ ကျနော်တို့တွေ ရန်ပုံငွေလည်း ရရှိအောင်ပေါ့လေ၊ နောက်တခုက ကျနော်တို့ ရခိုင်အလံကို ကားတွေမှာ ကပ်လို့ရအောင် ကားစတေကာတွေ လုပ်ပြီးတော့ ဖြန့်ချီရောင်းချနေကြပါတယ်။ " ဟု သူက ပြောသည်။
 
ရခိုင်အမျိုးသား ညီလာခံသို့ ပြည်တွင်းပြည်ပမှ ရခိုင်ပါတီ ခေါင်းဆောင်များ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် တသီးပုဂ္ဂလ ပညာရှင်များကိုပါ ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ၄င်းက ပြောဆိုသည်။
 
ရခိုင်အမျိုးသားညီလာခံ အမေရိကန်ကို အောင်အောင်မြင်မြင် ကျင်းပပြီးစီးသည့် နောက်ပိုင်းတွင် အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးတွင် ရောက်ရှိပျံ့နှံ့နေထိုင်နေကြသည့် ရခိုင်အမျိုးသားများအားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ဖြင့် သာရေး၊ နာရေး၊ အမျိုးသားရေးများကို ထိထိရောက်ရောက် လုပ်ကိုင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး အနာဂတ် မျိုးဆက်သစ် လူငယ်များအတွက်လည်း အချင်းချင်း ချစ်ကြည်ရင်းနီးမှုနှင့် သွေးစည်းညီညွတ်မှုများကို လမ်းခင်းပေးနိုင်မည်ဖြစ်ကြောင်း ကိုဦးသိန်းမောင်က ပြောကြားသည်။
 
အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးတွင် ရောက်ရှိပျံ့နှံ့နေထိုင်နေကြသည့် ရခိုင်အမျိုးသားများအားလုံးကို ရခိုင်အမျိုးသားများ ညီလာခံသို့ အားတက်သရော ပူးပေါင်းပါဝင် တက်ရောက်ကြဖို့၊ အနာဂတ် ရခိုင်ပြည်နှင့် ရခိုင်လူမျိုးကို မည်ကဲ့သို့ ပုံဖော်ဆောင်ရွက်ကြမည်ကို ကိုယ့်ကိုကိုယ် မေးခွန်းထုတ်လည်းထုတ် အဖြေလည်းပေးနိုင်ပြီးတော့ ရခိုင့်အမျိုးသားရေးကို တထောင့်တနေရာမှ ပူးပေါင်းပါဝင်ဆောင်ရွက်ကြဖို့ကိုလည်း သူက တိုက်တွန်းနှိုးဆော် ပြောကြားသွားခဲ့သည်။

No comments :

Post a Comment

Blogger Widgets
Back to Top