Blogger Widgets

Wednesday 26 June 2013

လူကုန်ကူးခံရမှုများတွင် ၈၅ ရာခိုင်နှုန်းသည် အမျိုးသမီးငယ်များဖြစ်ကြောင်း တွေ့ရှိရ

လူကုန်ကူး ခံရမှုများတွင် ၈၅ ရာခိုင်နှုန်းသည် အမျိုးသမီးငယ်များဖြစ်ကြောင်း တွေ့ရှိရသဖြင့် အမျိုးသမီးများ လူကုန်ကူး မခံရရေးကို ဦးစားပေး ဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိကြောင်း မြန်မာနိုင်ငံ လူကုန်ကူးမှု တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့မှ သိရသည်။
လူကုန်ကူးမှု ပြဿနာသည် ပြည်တွင်း၊ ပြည်ပနိုင်ငံများတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပွားလျက် ရှိသည်။ အဓိကအားဖြင့် ဖွံ့ဖြိုးတိုးတက်သော အိမ်နီးချင်း နိုင်ငံများနှင့် ဒေသအတွင်းရှိ နိုင်ငံများတွင် မြန်မာနိုင်ငံသားများသည် လူကုန်ကူးမှု ပိုမိုကြုံတွေ့နေရပြီး လူကုန်ကူးမှုသည် အရင်းအနှီး နည်းပါးပြီး ငွေကြေးအမြောက်အမြား ရရှိနိုင်သော လုပ်ငန်းတစ်ခုအဖြစ် ၀ိသမ လောဘသားများသည် နည်းမျိုးစုံဖြင့် ဆက်လက်ပြုလုပ်လျက် ရှိသည်။
စက်ရုံ၊ အလုပ်ရုံများတွင် လုပ်ငန်းရှင်များသည် လုပ်အားခ သက်သာစေရန် တရားမ၀င် လုပ်သားများ ခန့်ထားခြင်း၊ ပွဲစားများနှင့် ချိတ်ဆက်၍ တရားမ၀င် အလုပ်သမား ၀ယ်ယူခိုင်းခြင်း၊ အလုပ်ချိန် နာရီပေါင်းများစွာ စေခိုင်းခြင်း၊ အလုပ်သမားတို့၏ အခွင့်အရေးများ တရားမဲ့ လက်လွတ်ဆုံးရှုံခြင်း စသည်ဖြင့် လူကုန်ကူးမှု အပါအ၀င် နည်းမျိုးစုံ ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်လျက် ယင်းတို့၏ ထုတ်ကုန်များကို ပြည်ပနိုင်ငံများအထိ တင်ပို့ရောင်းချ အမြတ်အစွန်း ရရှိခဲ့ကြသည်။ ထိုကဲ့သို့ စက်ရုံအလုပ်ရုံများတွင် ဖြစ်ပွားလျက် ရှိသော်လည်း လူသိမများလှသေးသည့် လူကုန်ကူးမှုများကို ဖော်ထုတ်အရေးယူသွားရန် အထူးအရေးကြီးကြောင်း သိရသည်။
တရုတ်နိုင်ငံတွင် အဓမ္မထိမ်းမြားမှု ဖြစ်ပွားရခြင်းသည် တရုတ်နိုင်ငံ၏ One Child Policy ကျင့်သုံးသည့် နောက်ပိုင်း ဖြစ်ပွားခဲ့သော လူမှုရေးဆိုင်ရာ နောက်ဆက်တွဲ ဆိုးကျိုးများဖြစ်၍ နှစ်နိုင်ငံသာမက ဒေသတွင်းရှိ နိုင်ငံများနှင့် ပူးပေါင်းဖြေရှင်းရန် လိုအပ်လျက် ရှိသည်။
လူကုန်ကူးခံရသည့် အမျိုးသမီးများသည် ၁၆ နှစ်မှ ၆၀ ကြား ၁၈၃ ဦး ရှိခဲ့ပြီး ၁၆ နှစ်အောက် အမျိုးသမီးငယ် ၂၁ ဦး ရှိခဲ့သည်။ အဓမ္မ လက်ထပ်ထိမ်းမြားမှု ၇၉ မှု၊ ပြည့်တန်ဆာမှု ၂၃ မှု၊ အဓမ္မစေခိုင်းမှု ၁၆ မှုတို့ဖြစ်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ ၂၀၁၃ ခုနှစ် လူကုန်ကူးမှု အစီရင်ခံစာတွင် အဆင့် ၂ စောင့်ကြည့်စာရင်းသို့ မြှင့်တင်ပေးခဲ့ပြီး လူကုန်ကူးမှုနှင့် ဆက်နွယ်နေသည့် အရေးယူ ဒဏ်ခတ်မှုများကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
အလားတူ အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ ILO ကလည်း အရေးယူ ပိတ်ဆို့မှုဆိုင်ရာ ကန့်သတ်ချက်များကို ပြန်လည်ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top