Blogger Widgets

Thursday, 27 June 2013

မြန်မာနိုင်ငံနှင့် အလားသဏ္ဌာန်တူသည့် အင်ဒိုနီးရှားနိုင်ငံ၏ ဒီမိုကရေစီရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကို လေ့လာနိုင်ရန် အလုပ်ရုံ ဆွေးနွေးပွဲ ကျင်းပ

မြန်မာနိုင်ငံကဲ့သို့ စစ်တပ်အုပ်ချုပ်သည့် အာဏာရှင် စနစ်မှ ဒီမိုကရေစီ နိုင်ငံအဖြစ်သို့ ကူးပြောင်းခဲ့သည့် အင်ဒိုနီးရှား နိုင်ငံ၏ ဒီမိုကရေစီရေးဆိုင်ရာ လှုပ်ရှားမှုများအား မြန်မာနိုင်ငံ အနေဖြင့် သိရှိလေ့လာနိုင်ရေး အလုပ်ရုံ ဆွေးနွေးပွဲကို ဇွန် ၂၆ ရက်နှင့် ၂၇ ရက်တို့တွင် ရန်ကုန်မြို့ Park Royal Hotel ၌ ကျင်းပနေကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများအား ကူညီနိုင်ရန် ပြည်ပနိုင်ငံနှင့် ပထမဆုံး ကျင်းပသည့် INDONESIA-MYANMAR Dialogue on Democratic Transition အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ နိုင်ငံခြားရေး ၀န်ကြီးဌာနများ၊ Myanmar Institute for Strategic and International Studies၊ Institutes for Peace and Democracy  စသည့်အဖွဲ့အစည်းများမှ ကျင်းပခဲ့ခြင်းဖြစ်ပြီး နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံအမတ် ဦးညွန့်မောင်ရှိန်၊ မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Sebastianus Sumarsono နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးဆိုင်ရာ ကူးပြောင်းမှုများကို ပြည်ပနိုင်ငံနှင့် ပထမဆုံး ဆွေးနွေးသည့် အဆိုပါ ဆွေးနွေးပွဲကြောင့် လက်ရှိအသွင်ကူးပြောင်းမှုများအား အထောက်အပံ့ ဖြစ်စေနိုင်မည်ဖြစ်ပြီး အလားတူ ဆွေးနွေးပွဲကို အင်ဒိုနီးရှားနိုင်ငံတွင် ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ အင်ဒိုနီးရှားနိုင်ငံ သံအမတ်ကြီး H.E. Sebastianus Sumarsono က ပြောကြားသည်။
ပါလီမန်အတွင်း တပ်မတော်သားများ ပါဝင်ခြင်း၊ တိုင်းရင်းသား လူမျိုးများ များပြားခြင်း၊ ခွဲထွက်လိုသည့် ပြည်နယ်များ ရှိနေခြင်း စသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုနှင့် ဆင်တူနေသည့် အင်ဒိုနီးရှားနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများအား ယခုဆွေးနွေးပွဲမှ သင်ခန်းစာ ရယူနိုင်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ သံအမတ် ဦးညွန့်မောင်ရှိန်က ဆိုသည်။
"အင်ဒိုနီးရှား နိုင်ငံကလည်း ကျွန်တော်တို့ နိုင်ငံလိုပါပဲ။ တိုင်းရင်းသား လူမျိုးစု များတယ်။ ခွဲထွက်ချင်တဲ့ ပြည်နယ်တွေ ရှိတယ်။ သူတို့ရဲ့ ဒီမိုကရေစီ ခရီးမှာ မှားခဲ့တာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုဆိုရင် သူတို့ရဲ့ ဒီမိုကရေစီ လမ်းကြောင်းက ထိုင်းလိုနိုင်ငံထက် သာနေပြီ။ ဒီလိုမျိုး အကူးအပြောင်းနဲ့ ပတ်သက်ပြီး ပြည်ပနိုင်ငံနဲ့ ဆွေးနွေးတာ ဒါကပထမဆုံးဆိုတော့ ကျွန်တော်တို့ရဲ့ ပြုပြင်ပြောင်းလဲမှုတွေအတွက် အတွေ့အကြုံကောင်းတွေ ရမှာပါ" ဟု ဦးညွန့်မောင်ရှိန်က ပြောကြားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top