မြန်မာ-ဗီယက်နမ် စီးပွားရေး တွေ့ဆုံ ဆွေးနွေးပွဲကို ဇွန် ၆ ရက်က
ရန်ကုန်မြို့ရှိ UMFCCI ၌ ကျင်းပခဲ့ပြီး ဗီယက်နမ်နိုင်ငံ စီးပွားရေး
လုပ်ငန်းရှင်များမှ မြန်မာနိုင်ငံတွင် ခရီးသွားကဏ္ဍနှင့် အခြားကဏ္ဍများ၌
ရင်းနှီးမြှုပ်နှံရန် လာရောက်ခဲ့ကြောင်း ယင်းတွေ့ဆုံပွဲမှ သိရသည်။
မြန်မာနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေး
လုပ်ငန်းရှင်များသည် Tourism, Trade, Investment နှင့် ပတ်သက်သည့်
စီးပွားရေးဆိုင်ရာ ရင်းနှီးမြှုပ်နှံရန်အတွက် တွေ့ဆုံဆွေးနွေးခဲ့ခြင်း
ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံဟာ ကောင်းမွန်တဲ့ ဆက်သွယ်မှုနဲ့အတူ
နယ်ပယ်များစွာတို့မှာလည်း ဆယ်သွယ်မှုရှိပါတယ်။
ဗီယက်နမ်ရဲ့ဟိုချီမင်းမြို့တော်ဟာ စီးပွားရေး၊ ယဉ်ကျေးမှု၊ နည်းပညာတွေ
အရှိန်အဟုန်နဲ့ တိုးတက်လျက်ရှိပါတယ်။ ဒီစီးပွားရေး တွေ့ဆုံဆွေးနွေးပွဲ
အပြီးမှာ နှစ်နိုင်ငံဆက်ဆံရေးဟာလည်း ပိုမိုအားကောင်း လာလိမ့်မယ်လို့
မျှော်လင့်ပါတယ်'' ဟု ဗီယက်နမ် ဟိုချီမင်းမြို့တော် ဒုတိယမြို့တော်ဝန် Mrs.
Ngu yen Thi Hong က ပြောကြားခဲ့သည်။
ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ် ငန်းရှင်များသည် မြန်မာနိုင်ငံ၏
ခရီးသွားလုပ်ငန်း၊ ကုန်သွယ်မှုလုပ်ငန်း၊ အခြားရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်အတွက် အထူးစိတ်ဝင်စားလျက်ရှိကြောင်း၊
လက်ရှိတွင် ကုန်သွယ်ရေးကိုလည်း စတင်လည်ပတ်နေပြီး ရင်းနှီးမြှုပ်နှံမှု
အနေဖြင့်လည်း စတင်ဝင်ရောက်လာပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ဗီယက်နမ်နိုင်ငံအား
ကုန်ထုတ်လုပ်ငန်း၊ သတ္တုလုပ်ငန်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊
ဟိုတယ်လုပ်ငန်း စသည့်လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန်
ခွင့်ပြုထားပြီး အမေရိကန်ဒေါ်လာ ၅၁၁ ဒသမ ၁၈၆ မီလီယံအထိ ရင်းနှီးမြှုပ်နှံရန်
ခွင့်ပြုထားကြောင်း သိရသည်။ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုကဏ္ဍတွင်
အမေရိကန်ဒေါ်လာ ၁၅၆ ဒသမ ၀၉၄ မီလီယံအထိ ရင်းနှီးမြှုပ်နှံခဲ့ကြောင်းလည်း
သိရသည်။
''ဗီယက်နမ်ရဲ့ ထုတ်ကုန်တွေမှာ အရည်အသွေးမီတယ်။ မြန်မာလူမျိုးတွေ အနေနဲ့
သုံးပျော်တယ်။ ဈေးလည်းသက်သာတယ်။ ရင်းနှီးမြှုပ်နှံမှု လာလုပ်ရင်တော့
မြန်မာနိုင်ငံက လုပ်သားတွေ အတွက်လည်း အလုပ်အကိုင်ရမယ်။ နည်းပညာရမယ်။ export
လုပ်ရင် ကုန်ကျမယ့်ဈေးထက် ပြည်သူတွေ သက်သက်သာသာ သုံးရမယ်။ အခုဗီယက်နမ်က
ရင်းနှီးမြှုပ်နှံထားတဲ့ complex တွေ စတင်နေပြီ'' ဟု UMFCCI မှ တာဝန်ရှိသူ
တစ်ဦးဖြစ်သည့် ဦးကျော်ဒေ၀က ဆိုသည်။
ယင်းဆွေးနွေးပွဲသို့ ဗီယက်နမ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင် ၁၅၀ ဦးနှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင် ၇၀ တို့ တက်ရောက်ခဲ့သည်။

No comments :
Post a Comment