Blogger Widgets

Friday, 7 June 2013

အမေရိကန်နိုင်ငံသို့ တင်ပို့သော မြန်မာ့ပို့ကုန် အခွန်ကင်းလွတ်ခွင့်ရရန် မသေချာ

6.6.5
မြန်မာ့ပို့ကုန် အခွန်ကင်းလွတ်ခွင့်ဆိုင်ရာ ကြားနာပွဲ ပြုလုပ်နေစဉ် (ဓာတ်ပုံ - ကိုဇော်ဝင်း Facebook)
အမေရိကန်နိုင်ငံ၏ မြန်မာနိုင်ငံ ပို့ကုန်ကင်းလွတ်ခွင့်နှင့် ဆိုင်သည့် ကြားနာပွဲတစ်ရပ်အား အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီရှိ အမေရိကန် ကုန်သွယ်ရေးဆိုင်ရာ ကိုယ်စားလှယ်များ ဌာနချုပ်ရုံးတွင် ဇွန်လ ၄ ရက်က ကျင်းပပြုလုပ်ခဲ့ပြီး အခွန်ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ ကြားနာခြင်းတွင် ပါဝင်ခဲ့သူ အချို့က ကန့်ကွက်ခဲ့ကြောင်း သိရသည်။
ထိုကဲ့သို့ အမေရိကန်နိုင်ငံ၏ မြန်မာ့ပို့ကုန် အခွန်ကင်းလွတ်ခွင့်နှင့် ဆိုင်သည့် ကြားနာပွဲ လုပ်ဆောင်ခြင်းသည် မြန်မာနိုင်ငံတော် သမ္မတ၏ ပြီးခဲ့သည့် မေလခရီးစဉ်အတွင်း မြန်မာနိုင်ငံအပေါ် စီးပွားရေးဆိုင်ရာ အကူအညီများပေးရန် တောင်းဆိုခဲ့မှုနှင့် သက်ဆိုင်ကြောင်း သိရသည်။
အမေရိကန်နိုင်ငံ၏ မြန်မာ့ပို့ကုန် အခွန်ကင်းလွတ်ခွင့်နှင့် ဆိုင်သည့် ကြားနာပွဲတွင် ''နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မှာ စိန်ခေါ်မှုတွေများစွာ ရှိနေပါသေးတယ်။ ကျွန်တော်တို့ နိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုဟာ စနစ်ကျနပြီး အေးချမ်းစွာနဲ့ ကူးပြောင်းနိုင်ပါတယ်။ အဲဒါကြောင့် အခြားသော ပြုပြင်ပြောင်းလဲမှု ပြုလုပ်မည့် နိုင်ငံတွေအနေနဲ့ ဥပမာတစ်ခု၊ စံတစ်ခုအဖြစ် ယူသင့်ပါတယ်'' ဟု အမေရိကန် နိုင်ငံခြားရေးဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးသန်းဆွေက ပြောကြားသည်။
သယံဇာတ ပေါကြွယ်ဝသော မြန်မာနိုင်ငံ အနေနဲ့လည်း လူဦးရေထူ ထပ်များပြားသော တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ အကြားတွင် မဟာဗျူဟာမြောက် ရပ်တည်နိုင်ရန် လိုအပ်ကြောင်း ၎င်းက ထပ်မံပြောကြားသည်။
အမေရိကန်နိုင်ငံ၏ မြန်မာ့ပို့ကုန် အခွန်ကင်းလွတ်ခွင့်နှင့် ဆိုင်သည့် ကြားနာပွဲ ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံ ကုန်သွယ်ရေး အဆင့်မြှင့်တင်နိုင်ရန် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။
ဆက်လက်ပြီး ကြားနာခြင်းတွင် ''မြန်မာနိုင်ငံအနေနဲ့ နိုင်ငံသားများရဲ့အခွင့်အရေးကို အကာအကွယ် မပေးနိုင်သေးပါဘူး။ အထူးသဖြင့် သယံဇာတ အထူးကြွယ်ဝသည့်ကဏ္ဍ အနည်းငယ်မှာ ခိုင်မာတဲ့ rule of law မရှိသေးပါဘူး။ အဲဒါကြောင့် မြန်မာနိုင်ငံကို အခွန်ကင်းလွတ်ခွင့်နဲ့ဆိုင်တဲ့ ထုတ်ပြန်စာ ရပ်ဆိုင်းထားဖို့ လုပ်ဆောင်သင့်တယ်'' ဟု အမေရိကန်နိုင်ငံရှိ မြန်မာနိုင်ငံအရေး လှုံ့ဆော်မှုအဖွဲ့ အလုပ်အမှုဆောင် ဒါရိုက်တာ Jennifer Quigley က ပြောကြားခဲ့သည်။
''အခုလို အခွန်ကင်းလွတ်ခွင့်နဲ့ ပတ်သက်ပြီးတော့ ပေးလိုက်ရင်လည်း ယခင် စစ်အစိုးရ ခေါင်းဆောင်တွေနဲ့ ယခုခေါင်း ဆောင်တွေနဲ့ ခရိုနီတွေကိုပဲ အကျိုးရှိစေမှာပါ'' ဟု မြန်မာနိုင်ငံရေးဆိုင်ရာ ရန်ပုံငွေအဖွဲ့ ဥက္ကဋ္ဌ ဒေါက်တာစိန်ဝင်းက ကြားနာခြင်းတွင် ပြောသည်။
အမေရိကန်နိုင်ငံ၏ မြန်မာ့ပို့ကုန် အခွန်ကင်းလွတ်ခွင့်နှင့်ဆိုင်သည့် ကြားနာပွဲတွင် မြန်မာနိုင်ငံ အစိုးရဘက်မှ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဒုဝန်ကြီးဒေါက်တာ ပွင့်ဆန်းအပါအ၀င် အခြားတာဝန်ရှိသူ ငါးဦးလိုက်ပါခဲ့ကြောင်း သိရသည်။
ထိုကြားနာပွဲတွင် မြန်မာနိုင်ငံအရေးနှင့်သာ ကြားနာခဲ့ခြင်း မဟုတ်ဘဲ လာအိုနိုင်ငံနှင့် ပတ်သက်၍လည်း ကြားနာမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ အနေဖြင့် အမေရိကန်ဘက်မှ ပိတ်ဆို့အရေးယူမှုများ အချို့ရုပ်သိမ်းပြီး နောက်မတ်လတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ သန်းဖိုးနှင့် ဧပြီလတွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ သန်းဖိုး တင်ပို့ခဲ့ကြေားင်း သိရသည်။ ထိုကဲ့သို့ ပိတ်ဆို့အရေးယူမှုများ မတိုင်မီ ၂၀၀၃ ခုနှစ်တွင် အ၀တ်အထည်နှင့် အခြားကုန်စည်များ အမေရိကန်ဒေါ်လာ ၂၇၅ သန်းဖိုး အမေရိကန်နိုင်ငံသို့ တင်ပို့ခဲ့ကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top