Blogger Widgets

Sunday, 30 June 2013

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ ကာလက မထောက်ခံခဲ့သည့် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များ၏ ထောက်ခံမှုကိုပါ ရရှိလာသည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ပြောကြား

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကာလက ထောက်ခံမှု မရရှိခဲ့သည့် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များသည် ယခုအခါ ၎င်းတို့ကို ထောက်ခံလာသည်ဟု ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၂၆ ခုတွင် ၂၅ နေရာ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၁၁ နေရာ အနိုင်ရရှိခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ ကိုးနေရာ၊ အမျိုးသားလူ့အခွင့်အရေး ဒီမိုကရက်တစ် ပါတီက လေးနေရာ၊ မြိုခေါ်ခမီ အမျိုးသား ညီညွတ်ရေး အဖွဲ့နှင့် ကမန်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်တို့က တစ်နေရာစီ အနိုင်ရရှိခဲ့သည်။
၁၉၉၀ ရွေးကောက်ပွဲ ကာလက ရခိုင်ပြည်နယ် တောင်ပိုင်းရှိ မြို့နယ်များသည် NLD ကို ထောက်ခံကြပြီး ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများကမူ ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်ကို အပြတ်အသတ် ထောက်ခံကြကြောင်း၊ သို့သော် ယခုအခါတွင်မူ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသများကပါ ၎င်းတို့ကို ထောက်ခံလာပြီး လူထုစည်းဝေးပွဲများ ပြုလုပ်လာနိုင်ကြောင်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဦးအေးသာအောင်က ဆိုသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ပြီးခဲ့သည့် မေလအတွင်းက ရခိုင်ပြည်နယ်ရှိ မြို့နယ်ကိုးမြို့နယ်တွင် လူထုတွေ့ဆုံပွဲများ ပြုလုပ်ခဲ့ပြီး အဆိုပါ မြို့နယ်များတွင် ရခိုင်ပြည်နယ် တောင်ပိုင်းမြို့နယ်များဖြစ်သည့် သံတွဲ၊ တောင်ကုတ်၊ ဂွစသည့် မြို့နယ်များ ပါဝင်ခဲ့ကာ အဆိုပါ မြို့နယ်များရှိ ပြည်သူများက ၎င်းတို့ကို ထောက်ခံမှု ပြုလုပ်ခဲ့သည်ဟု ဦးအေးသာအောင်က ပြောကြားသည်။
ဦးအေးသာအောင်က "၉၀ တုန်းကတော့ ဟောပြောပွဲတွေလုပ်ရင် ကိုယ့်ပါတီဝင်တွေ လောက်နဲ့ပဲ လုပ်ရတဲ့ အနေအထား ရှိတယ်။ ပရိသတ် များများစားစား တက်တာမရှိဘူး။ အခု ဂွတို့ဘာတို့ဆိုရင် ကျေးရွာတွေမှာကအစ ဟောပြောပွဲတွေကို တော်တော်များများ တက်တာတွေ့ရတော့ ၁၉၉၀ နဲ့တော့ မတူတဲ့ အနေအထားပေါ့" ဟု ပြောကြားသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း မရှိဘဲ အဆိုပါ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် ၁၆ ဦး အနိုင်ရရှိခဲ့သည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီနှင့် ပေါင်းစည်းရန် ပြီးခဲ့သည့် ဇွန် ၁၇ ရက်က သဘောတူလက်မှတ် ရေးထိုးခဲ့သည်။
ယင်းကဲ့သို့ ပါတီနှစ်ခု ပေါင်းစည်းခြင်းမှာလည်း ရခိုင်ပြည်သူများ၏ တောင်းဆိုမှုနှင့် အမျိုးသားရေးအပေါ် အဓိက အခြေခံခဲ့ခြင်းဖြစ်ပြီး ယင်းကဲ့သို့ ပေါင်းစည်းနိုင်ခဲ့ခြင်းကြောင့်လည်း ရခိုင်တိုင်းရင်းသားများ၏ ထောက်ခံမှုကို ပိုမိုရရှိနိုင်သည်ဟုလည်း ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးသာအောင်က ပြောကြားသည်။
ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်သည် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်တို့နောက် တတိယ မဲအများဆုံး ရရှိခဲ့သည့် ပါတီဖြစ်သည်။

No comments :

Post a Comment

Blogger Widgets
Back to Top