ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က လွှတ်တော်၌ ရှင်းလင်းဖြေကြားစဉ် (ဓာတ်ပုံ-ကျော်ဇင်ဝင်း)
တပ်မတော် အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး တာဝန်များ ထမ်းဆောင်ရန်အတွက်
တိုင်းရင်းသား လူမျိုး၊ ဘာသာမခွဲခြားဘဲ ဗိုလ်လောင်းများ
ခေါ်ယူလျက်ရှိကြောင်း ကာကွယ်ရေး ၀န်ကြီးဌာန ဒုတိယ၀န်ကြီး
ဗိုလ်ချုပ်ကျော်ညွန့်က ဇွန် ၂၈ ရက်တွင် ပြုလုပ်သော အမျိုးသားလွှတ်တော်
အစည်းအဝေး၌ ပြောကြားသည်။
ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် (၈) အမျိုးသားလွှတ်တော် ကိုယ်စားလှယ်
ဦးဟာရှိန်းဘွေ၏ "စစ်တက္ကသိုလ် အသီးသီးတွင် တိုင်းရင်းသား လူမျိုးအလိုက်
ယုံကြည်ကိုးကွယ်မှု ဘာသာနှင့်တကွ ယှဉ်တွဲပြီး အရေအတွက် မည်မျှရှိသည်ကို
သိရှိလိုပါကြောင်း၊ ယခုလာမည့် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် စစ်တက္ကသိုလ်များ၌
ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၄၈၊ ပုဒ်မ ၃၅၂ နှင့်အညီ လူမျိုးဘာသာ
မခွဲခြားဘဲ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံလျှင် တက်ရောက်ပညာ
သင်ကြားနိုင်ရန်နှင့် တပ်မတော်တွင် ရာထူးအဆင့်ဆင့် တိုးမြှင့်ရာတွင်
လူမျိုးဘာသာ မခွဲခြားဘဲ နိုင်ငံသားမှန်လျှင် ယုံကြည်စိတ်ချစွာဖြင့်
တာဝန်ပေးအပ်နိုင်ရန်" အစီအစဉ် ရှိ၊ မရှိ မေးခွန်းမေးမြန်းခြင်းအား
ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။
ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က တပ်မတော် အနေဖြင့် နိုင်ငံတော်
ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၃၄၈၊ ၃၅၂ ပြဋ္ဌာန်းချက်များပါအတိုင်း တိကျစွာ
လိုက်နာဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိမြန်မာ့ တပ်မတော်တွင်
ပြည်ထောင်စုဖွား တိုင်းရင်းသား လူမျိုးပေါင်းစုံ စုပေါင်းပါဝင်၍
နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး တာဝန်များကို
ထမ်းဆောင်လျက်ရှိကြောင်း ပြောကြားသည်။
"တိုင်းရင်းသားအားလုံး လူမျိုးဘာသာမရွေး ပါဝင်လျှောက်ထားနိုင်ရေးအတွက်
စည်းရုံးဆောင်ရွက်ခဲ့ပြီး လူမျိုးဘာသာ မခွဲခြားဘဲ ဗိုလ်လောင်းများအား
နှစ်စဉ်ရွေးချယ် ခေါ်ယူခဲ့သဖြင့် တိုင်းရင်းသား ဗိုလ်လောင်းများ တပ်မတော်
တက္ကသိုလ်သုံးခု၌ သင်တန်းတက်ရောက်နေလျက် ရှိပါတယ်။ တပ်မတော် (ကြည်း၊ ရေ၊ လေ)
တွင်လည်း လက်ရှိတာ ၀န်ထမ်းဆောင်ဆဲ တိုင်းရင်းသား အရာရှိများ
ခန့်အပ်ထားရှိပါတယ်" ဟု ဒုတိယ၀န်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။
ထို့အပြင် ဗိုလ်လောင်းများအတွက် စစ်မှုထမ်း စည်းမျဉ်းများနှင့်အညီ
ခေါ်ယူရာတွင် ယင်းစစ်မှုထမ်း စည်းမျဉ်း၌ "ပြည်ထောင်စု မြန်မာနိုင်ငံသား
အိမ်ထောင်မရှိသူ အမျိုးသား (လူပျို) ဖြစ်ရမည်" ဟု ဖော်ပြပါရှိပြီး
တိုင်းရင်းသား လူမျိုးအားလုံး အကျုံးဝင်ကြောင်း၊ ပြန်တမ်းဝင် အရာရှိ
ခန့်အပ်ပြီးဖြစ်သည့် အရာရှိများအား သတ်မှတ်စည်းမျဉ်း ဥပဒေများနှင့်
ကိုက်ညီပါက လူမျိုးဘာသာ မခွဲခြားဘဲ အဆင့်တိုးမြှင့်ရေး ကိစ္စရပ်များအား
ရာထူးခန့်ထားရေး မူဝါဒနှင့်အညီ ခန့်အပ်ပေးလျက်ရှိကြောင်း ဒုတိယ၀န်ကြီး
ဗိုလ်ချုပ်ကျော်ညွန့်က ဆိုသည်။
သို့ရာတွင် အဆိုရှင်၏ မေးခွန်းသုံးခုအနက် နှစ်ခုသာ ကာကွယ်ရေး
ဒုတိယ၀န်ကြီးက ဖြေကြားခဲ့ပြီး စစ်တက္ကသိုလ် အသီးသီးတွင် တက်ရောက်နေသည့်
တိုင်းရင်းသား လူမျိုးများ၏ အရေအတွက်ကိုမူ ဖြေကြားခဲ့ခြင်း မရှိပေ။

No comments :
Post a Comment