အစိုးရ၏ဘဏ္ဍာငွေ ထောက်ပံ့မှုမရတော့ဘဲ ဌာန၏သီးသန့်ဝင်ငွေဖြင့် ရပ်တည်နေရသော ပြည်တွင်း
ရေကြောင်း ပို့ဆောင်ရေးဌာနသည် နှစ်လအတွင်း ကျပ်ငွေသန်းပေါင်း ၁၆ဝ ခန့် အရှုံးပေါ်ခဲ့ကြောင်း အဆိုပါဌာန၏ အထွေထွေမန်နေဂျာ ဦးမောင်မောင်လွင်က မဇ္ဈိမကို ပြောသည်။
မိုးရာသီဖြစ်သဖြင့် အဆိုပါဌာနပိုင် သင်္ဘောများတွင် တင်ဆောင်မည့် ကုန်ပစ္စည်းများရှားပါးခြင်း၊ ခရီးသည်များ စီးနင်းမှုနည်းပါးခြင်းတို့အပြင် သင်္ဘောစီးနင်းခများကိုလည်း တိုးမြှင့်၍ မရခြင်းတို့ကြောင်း ထိုသို့အရှုံးပေါ် ရခြင်း ဖြစ်သည်ဟုလည်း သူကဆိုသည်။
''ပြည်တွင်းရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းတွေက ကားတွေ၊ ရထားတွေ၊ လေကြောင်း လိုင်းတွေလို ဈေး တင်ပြီးလည်း တောင်းလို့ မရဘူး ကျပ် ၅ဝ၊ ၁ဝဝ တက်ရင် ပြည်သူတွေက အော်ပြီ။ ဓာတ်ဆီ၊ ဒီဇာယ်ဆီ
ဈေးတွေကကြီးပြီး ခရီးသည်က တစ်ယောက် နှစ်ယောက်လိုက်လည်း နေ့တိုင်းအချိန်မှန် ပြေးပေးနေရတာ
ဖြစ်တဲ့အတွက် အရှုံးပေါ်နေရတာ'' ဟု ဆိုသည်။
ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ဌာနလက်အောက်တွင် သံလွင်၊ ချင်းတွင်း၊ ဧရာဝတီနှင့် မြစ်ဝကျွန်းပေါ် စသည့် မြစ်ကြောင်းလမ်းများတွင် သင်္ဘောများ ပြေးဆွဲပေးလျက်ရှိပြီး သင်္ဘောခမှာ အမြင့်ဆုံး ၄ဝဝဝ ကျပ်မှ အနိမ့်ဆုံး ၁ဝဝ ကျပ် ထိရှိသည်။ ထိုဌာန၏ အဓိကအရှုံးပေါ်သော ဌာနခွဲမှာ မြစ်ဝကျွန်း ပေါ်ဌာနဖြစ်ကြောင်း ဦးမောင်မောင်လွင်က ဆိုသည်။
အစိုးရသည် ၂ဝ၁၂-၁၃ ဘဏ္ဍာနှစ်တွင် ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေးကို ကျပ် ၁၅ ဘီလျံ မတည်
ပေးခဲ့သော်လည်း ယခု ၂ဝ၁၃-၁၄ ဘဏ္ဍာနှစ်တွင်မူ အစိုးရက ငွေမထောက်ပံ့တော့ဘဲ ဌာန၏ကိုယ်ပိုင်ဝင်
ငွေဖြင့်သာ ရပ်တည်ရန် အစိုးရက မူပြောင်းလဲခဲ့သည်။

No comments :
Post a Comment