Blogger Widgets

Monday, 1 July 2013

ကချင်စစ်ပြေး ဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေး အစီအစဉ် အကောင်အထည် မပေါ်သေး

6.30.12
ဝိုင်းမော်မြို့နယ် မိုင်းနားဒုက္ခသည်စခန်းရှိ ကလေးငယ် တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ-နေထွန်းနိုင်)
ကချင်ပြည်နယ် အတွင်းရှိ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များ တစ်လအတွင်း နေရပ်ပြန်နိုင်ရေးမှာ အကောင်အထည် ပေါ်လာခြင်း မရှိသေးကြောင်း ကချင်စစ်ပြေး ဒုက္ခသည်များက ပြောဆိုခဲ့ကြပါသည်။
ပြီးခဲ့သည့် မေ နောက်ဆုံးပတ် အတွင်းက ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အို ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့တို့ မြစ်ကြီးနားမြို့တွင် ပထမဆုံး တွေ့ဆုံခဲ့ပြီး ထိုဆွေးနွေးပွဲ ရလဒ်အရ စစ်ပြေးဒုက္ခသည်များကို တစ်လအတွင်း နေရပ်ပြန်နိုင်ရေးအတွက် ကြိုးပမ်းမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ပြောကြားခဲ့ပြီး ယခု တစ်လကြာချိန်အထိ အကောင်အထည် ပေါ်မလာခြင်း ဖြစ်သည်။
''ကျွန်တော်တို့ကတော့ ဒုက္ခသည်တွေ ပြန်ဖို့အတွက် ဘာမှ မကြားရသေးဘူး။ ပြန်ချင်တဲ့ လူစာရင်းနဲ့ မပြန်ချင်တဲ့ လူစာရင်းတွေတော့ ကောက်တယ်။ မိုးတွင်းကြီး ပြန်ပို့ဖို့ဆိုတာ ပြန်တဲ့လူတွေ ဟိုမှာ ဒုက္ခရောက်ဖို့ပဲ ရှိတယ်။ အစိုးရက တရားဝင်ပြန်ဖို့ ပြောလာတဲ့ အခါကျတော့ ရေရှည်စီမံတဲ့ ပရောဂျက်ကြီးတွေလည်း ပြန်နောက်ဆုတ် သွားဖို့ရှိတယ်။ ပထမဆုံး လုပ်ရမှာက မိုင်းတွေအရင် ရှင်းရမယ်။ ရေရှည်စားသောက်နိုင်ဖို့ စိုက်ပျိုးရေး လုပ်ကွက်တွေ အကောင်အထည် ဖော်ဖို့လည်း လိုပါတယ်။ တစ်လအတွင်း အိမ်ပြန်ပို့ဖို့ ဆိုတာကတော့ စိတ်ကူးယဉ်သက်သက် လို့ထင်ပါတယ်'' ဟု ကချင်ပြည်နယ် မိုင်းနားဒုက္ခသည်စခန်း တာဝန်ခံ ကိုခေါင်ဒေါင်းက ပြောကြားသည်။
ငြိမ်းချမ်းရေး ဆွေးနွေးပွဲ ရလဒ်များအရ စစ်ပြေးဒုက္ခသည် အားလုံးကို နေရပ်ပြန်နိုင်ရန် ဆောင်ရွက် မပေးနိုင် သေးသော်လည်း နမ်ဆန်ယန်နှင့် ကန်တော်ယန် ကျေးရွာများမှ တိမ်းရှောင်လာသူများ တစ်လအတွင်း နေရပ်ပြန်နိုင်ရေးမှာ ကျိန်းသေသလောက် ရှိသည်ဟု မေနောက်ဆုံးပတ်က စစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံခဲ့သော ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်စိုးက ပြောကြားခဲ့ပါသည်။
''ပြန်ကြရတော့မယ်ဆိုလို့ ကျွန်မတို့ရွာကို လွန်ခဲ့တဲ့ ၁၀ ရက် ကျော်လောက်က သွားကြည့်တယ်။ အိမ်နဲ့ဆိုင်ခန်းလည်း မီးလောင်သွားပြီ။ ကျွန်မတို့က လယ် ၁၀ ဧကကျော် လုပ်တယ်။ ထွန်စက်တွေလည်း မီးလောင်သွားတယ်။ ပတ်ဝန်းကျင် လယ်ကွင်းမှာ မိုင်းတွေပေါလို့ မိုင်းတွေ ရှင်းပြီးမှ ပြန်လို့ရမှာပါ'' ဟု မိသားစုဝင်ခြောက်ဦး နှင့်အတူ ဒုက္ခသည်စခန်းသို့ ရောက်ရှိနေသော နမ်ဆန်ယန်ကျေးရွာမှာ ဒေါ်ထုနန်က ဆိုပါသည်။
''ဒုက္ခသည်တွေ ပြန်နိုင်ဖို့ဆိုရင် နေစရာ၊ စားစရာကအစ လိုပြီ။ ပြည်နယ်ဝန်ကြီးကတော့ အားလုံး အဆင်သင့် ဖြစ်အောင် လုပ်ပြီးမှ ပြန်မယ်ဆိုပေမယ့် အခုအထိ နာမည်စာရင်း ကောက်တာက လွဲလို့ ဘာမှကွင်းဆင်းတာ မတွေ့ဘူး'' ဟု နမ်ဆန်ယန်နှင့် ကန်တော်ယန်မှ စစ်ပြေးဒုက္ခသည်များ ရှိနေသော မိုင်းနား RC ဒုက္ခသည်စခန်း တာဝန်ခံ ဦးငါးဘရန်ရှောင်က ပြောပါသည်။
အစိုးရနှင့် ကေအိုင်အိုတို့၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွင် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေးကို အကောင်းဆုံး ကြိုးစားမည်ဟု ပြောဆိုထားကြောင်း ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဇွန်လဒုတိယပတ်အတွင်း ပြောကြားခဲ့သည်။
''ဒုက္ခသည်တွေ ပြန်နိုင်ဖို့ အစိုးရနဲ့ ကေအိုင်အိုတို့လည်း ဆွေးနွေးပွဲမှာ နေရပ်ပြန်နိုင်ဖို့ အကောင်းဆုံး လုပ်မယ်ဆိုတာ ပြောထားပြီးသားပါ။ သူတို့ ပြန်နိုင်ဖို့ဆိုတာ သူတို့ရဲ့သဘောထား ဆန္ဒလည်း ရှိသေးတယ်။ သူတို့ရဲ့ ယုံကြည်မှုအရ ပြန်သွားရင် ဘာမှမဖြစ်တော့ဘူးလို့ ယူဆရတဲ့ အခြေအနေမျိုး ရှိဖို့လည်းလိုတယ်။ နှစ်ဖက်စလုံးက ကြိုးစားဆောင်ရွက်နေပါတယ်'' ဟု ကချင်ပြည်နယ် ၀န်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြောကြားသည်။

၂၀၁၁ ခုနှစ် ဇွန်လ မှ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ အစိုးရနှင့် ကေအိုင်အိုတို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အိုးအိမ်စွန့်ခွာခဲ့ရသူ စစ်ပြေးဒုက္ခသည် အရေအတွက် နှစ်သိန်းကျော် ရှိခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လအတွင်း တရားဝင် ထုတ်ပြန်ခဲ့သော စာရင်းများအရ အစိုးရ ထိန်းချုပ်နယ်မြေတွင် စစ်ပြေးဒုက္ခသည် အရေအတွက် သုံးသောင်းကျော် ရှိနေကြောင်း သိရသည်...

စစ်ပြေးဒုက္ခသည်များ အနေနှင့် နေရပ်ပြန်ရေးတွင် မိုင်းအန္တရာယ်နှင့် စားဝတ်နေရေးအတွက် စိုးရိမ်မှုရှိနေပြီး အချို့သော စစ်ပြေး ဒုက္ခသည်များမှာ ပြန်ချင်သော်လည်း မပြန်ရဲ ဖြစ်နေကြောင်း သိရှိရပါသည်။ ''ဒုက္ခသည်တွေက အတင်းပြန်ခိုင်းရင် အိမ်တွေဘာတွေ ငှားနေဖို့တောင် စီစဉ်နေကြတယ်။ ကျွန်တော် စုံစမ်းရသလောက်ဆိုရင် မိုင်းအန္တရာယ် ကြောက်တယ်။ ဟိုမှာ အသက်မွေးဝမ်းကျောင်းပြုဖို့ မလွယ်ဘူး။ အခြေအနေတွေ တင်းမာလာရင် ကေအိုင်အေနဲ့ တပ်မတော်သားတွေ စုဆောင်းရေး ဆွဲမှာလည်း ကြောက်ရတယ်။ ဒီမှာတော့ အားလုံးပြန်ချင် နေကြပေမယ့် ဘယ်သူမှ မပြန်ရဲသေးဘူး'' ဟု ၀ိုင်းမော် မြို့ရှိ စစ်ပြေးဒုက္ခသည် စခန်းများသို့ ရောက်ရှိနေသော ရှမ်းဒုက္ခသည်များကို အကူအညီ ပေးနေသည့် ဦးစိုင်းမောင်အေးက ပြောကြားသည်။
အစိုးရနှင့် ကေအိုင်အိုတို့၏ မြစ်ကြီးနား ဆွေးနွေးပွဲတွင် သဘောတူညီချက် ခုနစ်ချက်ကို လက်မှတ် ရေးထိုးခဲ့ပြီး ထိုအချက်များထဲတွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးရန် အတွက် ပြည်သူလူထု ပါဝင်သော Technical Team ဖွဲ့စည်းရေးလည်း ပါဝင်ခဲ့ပါသည်။
မြစ်ကြီးနား ဆွေးနွေးပွဲအပြီး တစ်လတာ ကာလအတွင်း Technical Team ဖွဲ့စည်းရေးကိုသာ အဓိကထား လုပ်ဆောင်ခဲ့ကြပါသည်။
ဇူလိုင်လ ပထမပတ်အတွင်း အစိုးရမှ ဖွဲ့စည်းထားသော Technical Team နှင့် ကေအိုင်အိုမှ ဖွဲ့စည်းသော Technical Team တို့ တွေ့ဆုံ ဆွေးနွေးမည်ဖြစ်ပြီး ထိုဆွေးနွေးမှုများတွင် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို ဆွေးနွေးကြမည်ဟု ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက ဇွန် ၂၈ ရက်က ပြည်သူ့လွှတ်တော် အစည်းအဝေး၌ သတင်းထောက်များနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့ပါသည်။
''ဒုက္ခသည်တွေနဲ့ ပတ်သက်ပြီး Technical Team ဆွေးနွေးတဲ့အခါ ပါပါမယ်။ နောက်ဆုံး မြစ်ကြီးနား ဆွေးနွေးပွဲမှာလည်း ဒါတွေ စလုပ်ကြရအောင်လို့ ကျွန်တော် ပြောခဲ့တယ်။ ဒီဘက်က အဖွဲ့တွေနဲ့ ဟိုဘက်က အဖွဲ့တွေ ပေါင်းမယ်။ သေနတ်တွေ ယူမလာနဲ့။ ဒုက္ခသည်တွေကို ပြန်လည်နေရာ ချထားပေးမယ်။ မိုင်းရှင်းပေးမယ်။ ဒါမျိုးတွေ လုပ်မယ်လို့ ပြောထားပြီးသားပဲ'' ဟု ဦးအောင်မင်းက ပြောကြားသည်။
ဒုက္ခသည်များ နေရပ်ပြန်ရေး အတွက် ဆောင်ရွက်ရာတွင် မိုင်းရှင်းလင်းခြင်း၊ အိမ်များ ပြန်ဆောက်ပေးခြင်း၊ စားနပ်ရိက္ခာ ထောက်ပံ့ပေးခြင်း တို့အပြင် မူလအသက်မွေးဝမ်းကျောင်း လုပ်ငန်းများ ပြန်လည်လုပ်ကိုင် နိုင်ရေးအတွက် အကူအညီ ပေးခြင်းများ ဆောင်ရွက်ပေးရမည် ဖြစ်ကြောင်းနှင့် ထိုသို့ လုပ်ဆောင်မှုများတွင် ဒုက္ခသည်များ ကိုယ်တိုင်ပါဝင်မှ လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း မေနောက်ဆုံးပတ်က ၀ိုင်းမော်မြို့သို့ ရောက်ရှိနေသော စစ်ပြေးဒုက္ခသည်များနှင့် တွေ့ဆုံစဉ် ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။
ထို့ပြင် ဒုက္ခသည်များအတွက် လိုအပ်သော အကူအညီများကို ကုလသမဂ္ဂနှင့် လက်အောက်ခံ အဖွဲ့အစည်းများမှ ကူညီပေးမည်ဟု ကုလသမဂ္ဂ အထွေအထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာဗီဂျေးနမ်ဘီးယား ကလည်း ဒုက္ခသည်များကို ပြောကြားထားသည်။
လက်ရှိအချိန်တွင် စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အစီအစဉ်မှာ နှောင့်နှေးနေဆဲ ဖြစ်ပြီး မည်သည့်အချိန်တွင် ဖြစ်လာမည်ကို ခန့်မှန်းရခက်နေဆဲ ဖြစ်ကြောင်း ကချင်ပြည်နယ် အတွင်းရှိ စစ်ပြေးဒုက္ခသည်များကို ကူညီနေသည့် အဖွဲ့အစည်း တာဝန်ခံများက ပြောကြားခဲ့သည်။
၂၀၁၁ ခုနှစ် ဇွန်လ မှ ၂၀၁၃ ခုနှစ် နှစ်ဆန်းပိုင်းအထိ အစိုးရနှင့် ကေအိုင်အိုတို့ အကြား တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး အိုးအိမ်စွန့်ခွာခဲ့ရသူ စစ်ပြေးဒုက္ခသည် အရေအတွက် နှစ်သိန်းကျော် ရှိခဲ့ပါသည်။ ပြီးခဲ့သည့် ဇွန်လအတွင်း တရားဝင် ထုတ်ပြန်ခဲ့သော စာရင်းများအရ အစိုးရ ထိန်းချုပ်နယ်မြေတွင် စစ်ပြေးဒုက္ခသည် အရေအတွက် သုံးသောင်းကျော် ရှိနေကြောင်း သိရသည်။ အစိုးရ မဟုတ်သော အခြား အဖွဲ့အစည်းများမှ ကောက်ယူခဲ့သော စာရင်းများအရ အစိုးရ ထိန်းချုပ်နယ်မြေအတွင်း စစ်ပြေးဒုက္ခသည် တစ်သိန်းနှစ်သောင်းခန့် ရှိနေပြီး ကေအိုင်အို ထိန်းချုပ်နယ်မြေ အတွင်းတွင် စစ်ပြေးဒုက္ခသည် ရှစ်သောင်းကျော် ရှိနေကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top