ရေနက်ဆိပ်ကမ်းနှင့်
အထူးစီးပွားရေးဇုန်များ ပါဝင်သော ထားဝယ်စီမံကိန်း ရှေ့ဆက်နိုင်ရေးအတွက်
လုပ်ငန်းအလိုက် တင်ဒါအသီးသီး ခေါ်ယူမည်ဖြစ်ကြောင်း ထားဝယ်စီးပွားရေးဇုန်
လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ သူရဦးသောင်းလွင်က ပြောကြားသည်။ မြန်မာနှင့်
ထိုင်းနှစ်နိုင်ငံ အစိုးရချင်း ပူးပေါင်းလုပ်ကိုင်သော စီမံကိန်းအဖြစ်
အသွင်ပြောင်းပြီးနောက် စီမံကိန်းကို ကဏ္ဍအလိုက် ဖော်ဆောင်မည်ဖြစ်ပြီး
လမ်းဖောက်ခြင်း၊ လျှပ်စစ်မီး သွယ်တန်းခြင်း စသည့် လုပ်ငန်းကဏ္ဍအလိုက်
အခြားသော နိုင်ငံခြားရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီများကို ဖိတ်ခေါ်သွားမည်
ဖြစ်ကြောင်း ၎င်းက ဆိုသည်။ ထားဝယ်စီမံကိန်း ဆက်လက်လုပ်ကိုင်ရန် သေချာသော
ဘဏ္ဍာရေးအရင်းအမြစ် မရရှိသေးချိန်တွင် သူရဦးသောင်းလွင်က ယင်းသို့ ထုတ်ဖော်
ပြောဆိုလိုက်ခြင်း ဖြစ်ပြီး မည်သည့်အချိန်တွင် တင်ဒါခေါ်မည်ကို မသိရသေးပေ။
အရှေ့တောင်အာရှတွင် အကြီးဆုံး အထူးစီးပွားရေးဇုန် ဖြစ်လာမည်ဆိုသော
ထားဝယ်စီမံကိန်းတွင် သင်္ဘောဆယ်ဂဏန်း တစ်ပြိုင်နက် ဆိုက်ကပ်နိုင်သော
ရေနက်ဆိပ်ကမ်း၊ ရေနံဓာတုစက်ရုံ စသည်တို့ ပါဝင်သော အကြီးစားစက်ရုံများ၊
ကားထုတ်လုပ်ရေး စသည်တို့ ပါဝင်သော အလတ်စား စက်မှုဇုန်များ၊ အခြားအသေးစား
စက်မှုဇုန်များ ပါဝင်ပြီး စီမံကိန်းအတွက် လျှပ်စစ်စွမ်းအင်ကို မည်သည့်
အရင်းအမြစ်မှ ရယူမည်ကို မသေချာသေးပေ။ ITD က ကျောက်မီးသွေးမှ
လျှပ်စစ်ဓာတ်အား ထုတ်ရန် လျာထားခဲ့သော်လည်း အစိုးရက လက်မခံခဲ့ပေ။
ထားဝယ်စီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှု ပမာဏ များပြားသည့်အတွက်
အီတာလျံ-ထိုင်း ကုမ္ပဏီတစ်ခုတည်းဖြင့် မလုပ်ဆောင်နိုင်သောကြောင့်
ငွေကြေးထောက်ပံ့မှု ရနိုင်ရန် အစိုးရချင်း ပူးပေါင်းလုပ်ကိုင်သည့်
စီမံကိန်းအဖြစ် အသွင်ပြောင်းပြီးနောက် ယင်းသို့ လုပ်ဆောင်လာခြင်း ဖြစ်သည်။
ယင်းစီမံကိန်းတစ်ခုလုံး တည်ဆောက်ပိုင်ခွင့် ရထားသော အီတာလျံ-ထိုင်းကုမ္ပဏီ
(IDT) အနေနှင့် စီမံကိန်းတွင် စိတ်ဝင်စားသည့် လုပ်ငန်းများနှင့်အညီ
ရှယ်ယာရရှိမည် ဖြစ်ကြောင်း သူရဦးသောင်းလွင်က ဆိုသည်။ စုစုပေါင်း ကုန်ကျငွေ
အမေရိကန်ဒေါ်လာ ဘီလီယံ ၅၀ ကျော် ကုန်ကျမည့် ထားဝယ်စီမံကိန်း အကောင်အထည်ဖော်
ITD က ဘဏ္ဍာငွေ ရှာဖွေရေး အခက်အခဲ တွေ့ပြီးနောက် အစိုးရချင်း
ပူးပေါင်းလုပ်ဆောင်သည့် စီမံကိန်းအဖြစ် အသွင်ပြောင်းခဲ့သည်။
ထားဝယ်စီမံကိန်း ဆက်လက် အကောင်အထည်ဖော်ရန် မြန်မာ-ထိုင်းနိုင်ငံတို့
ပါဝင်သော အထူးပြုအဖွဲ့ တစ်ခု ဖွဲ့စည်းထားပြီး စီမံကိန်းဆိုင်ရာ နှစ်နိုင်ငံ
ပူးတွဲညှိနှိုင်းရေးအဖွဲ့က ဂျပန်လာရောက် ရင်းနှီးမြှုပ်နှံရေး ဖိတ်ခေါ်ရန်
သဘောတူထားသည်ဟု ၂၀၁၃ ခုနှစ် ဇွန်လ ၇ ရက်နေ့ထုတ် The Voice Daily
သတင်းစာတွင် ဖော်ပြထားပါသည်။

No comments :
Post a Comment