မြန်မာနိုင်ငံအပါအဝင်
ပြည်တွင်းစစ်ဖြစ်နေတဲ့ နိုင်ငံပေါင်း ၆ နိုင်ငံအတွက်ရည်ရွယ်ပြီး
အရိုးပေါင်း ၁ သန်းခင်းပြတဲ့ သရုပ်ဖေါ်အနုပညာ ပြသလှုပ်ရှားမှုတခုကို အ...မေရိကန် ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်မှာ အခု ၈ ရက်နေ့ကနေ ၁၀ ရက်နေ့ထိ ပြုလုပ်နေပါတယ်။
စစ်ကြောင့် လူတွေအမြောက်အများ သေကြေပျက်စီးနေရတာတွေရပ်တန့်ဖို့ ရည်ရွယ်တဲ့ ဒီလှုပ်ရှားမှုကို နာအိုမိ နာထလေဆိုတဲ့ အနုပညာရှင်တယောက်က လွန်ခဲ့တဲ့ ၂၀၁၀ ခုနှစ်ကနေစပြီး နှစ်စဉ်ပြုလုပ်နေတာပါ။
အခုနှစ်လှုပ်ရှားမှုမှာ တသီးပုဂ္ဂလအနေနဲ့ပါဝင်ခဲ့တဲ့ မော်ဒန်ကဗျာဆရာ ခင်အောင်အေးက ဒါနဲ့ပတ်သက်လို့ အခုလိုပြောပါတယ်။
" ဒီပွဲရဲ့ရည်ရွယ်ချက်က ကမ္ဘာမှာ လူမျိုးတုံးသတ်ဖြတ်မှုတွေကို ရပ်တန့်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာဆိုတော့ ရည်ရွယ်ချက်လည်း ကောင်းတယ်ဆိုပြီးတော့ ကျွန်တော်လည်း အနုပညာကို စိတ်ဝင်စားတဲ့ လူတစ်ယောက်အနေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တဲ့ စိတ်တွေပေါ်လာတယ်၊ အဲ့ဒါနဲ့ အဲ့ပွဲကို သွားဖြစ်သွားတာပေါ့ နောက်တစ်ခုက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်တို့ မြန်မာ ကဗျာဆရာ ၁၅ ယောက်ရဲ့ ကဗျာစာအုပ်နာမည်ကိုက Bond and crow ဆိုတဲ့ နာမည်နဲ့ ထွက်ထားတာဆိုတော့ ဒီဟာနဲ့ သွားစပ်စပ်နေတော့ အဲ့ဒါနဲ့ပဲ ဒီပွဲကို ဆင်နွဲဖို့ ဆုံးဖြတ်ချက်ချမိသွားတာပေါ့နော်"
ဒီနှစ်လှုပ်ရှားမှုအတွက် ရည်ရွယ်တဲ့နိုင်ငံတွေကတော့ မြန်မာ၊ ဆူဒန်၊ တောင်ဆူဒန်၊ ဆီးရီးယား၊ ကွန်ဂိုနဲ့ ဆိုမားလီးယားနိုင်ငံတွေဖြစ်ပါတယ်။
လူအရိုးတွေနဲ့တူအောင်ပြုလုပ်ထားတဲ့ အရိုးတုပေါင်း ၁ သန်းကျော်ကို အမေရိကန် လွှတ်တော်အဆောက်အဦအရှေ့ဘက်နား မြက်ခင်းပြင်မှာ ခင်းပြတာဖြစ်ပြီး၊ ပါဝင်သူတွေအနေနဲ့ အဖြူရောင်ဝတ်ဆင်ဖို့ တိုက်တွန်းထားပါတယ်။

No comments :
Post a Comment