မြန်မာ-တရုတ်နယ်စပ် ကြယ်ဂေါင်ကျောက်မျက် ဈေးကွက်ကို တွေ့ရစဉ် (ဓာတ်ပုံ - ဟိန်းထက်နိုင်)
နေပြည်တော်တွင် ပြုလုပ်ခဲ့သော ရွှေရတု မြန်မာ့ကျောက်မျက် ရတနာပွဲကြောင့် 
တရုတ်-မြန်မာ နယ်စပ်ရှိ ရွှေလီ၊ ကြယ်ဂေါင်ကျောက်မျက် ဈေးကွက်တွင် 
အရောင်းအ၀ယ် မရှိသလောက် အေးနေကြောင်း ရွှေလီအခြေစိုက် 
ကျောက်မျက်လုပ်ငန်းရှင်များက The Daily Eleven သို့ ပြောကြားသည်။
"အရောင်းအ၀ယ်က မရှိသလောက်ကို အေးနေတာ။ ကျွန်တော့်ဆီမှာဆိုရင် ၁၅ 
ရက်လောက် ရှိပြီ။ ဈေးဦးပေါက်ဖို့တောင် မလွယ်တာ။ နေပြည်တော်ကျောက်မျက်ပွဲ 
မလုပ်ခင် တစ်ပတ်အလို ကတည်းက အရောင်းအ၀ယ် အေးသွားတာ အခုချိန်အထိ 
ပြန်မကောင်းတော့ဘူး" ဟု ကြယ်ဂေါင်ရီချိန် ကျောက်ဝိုင်းအောင်ရတနာ ပွဲရုံမှ 
ကျောက်ပွဲစား ကိုတင်ကိုက ဆိုသည်။
နေပြည်တော်ရှိ မဏိရတနာ ကျောက်စိမ်းခန်းမတွင် ဇွန် ၁၅ ရက်မှ ၂၇ ရက်အထိ 
နှစ် ၅၀ ပြည့်ရွှေရတု ကျောက်မျက်ပွဲကို ပြုလုပ်ခဲ့ပြီး အဆိုပါ 
ကျောက်မျက်ပွဲတွင် အမေရိကန်ဒေါ်လာ သန်းနှစ်ထောင်ကျော်ဖိုး စံချိန်တင် 
ရောင်းချခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ ကျောက်မျက်ပွဲသို့ တရုတ်နိုင်ငံမှ ကျောက်မျက်ကုန်သည် ၈၀ 
ရာခိုင်နှုန်းခန့် သွားရောက်ခဲ့သည့်အတွက် တရုတ်-မြန်မာ နယ်စပ်ရှိ 
ကျောက်မျက်ဈေးကွက်အတွင်း အရောင်းအ၀ယ် အေးခဲ့ရခြင်း ဖြစ်သည်ဟု 
ရိချိန်ကျောက်ဝိုင်း ညိမ်းစိုးစံ ပွဲရုံမှ ပွဲစားကြီး ကိုပေါဟန်က ဆိုသည်။
"မြန်မာနိုင်ငံမှာ ကျောက်မျက်ပွဲ မလုပ်တာ နှစ်နှစ်နီးပါး ရှိပြီဆိုတော့ 
တရုတ်တွေက နေပြည်တော်ပွဲကို စုပြုံသွားကြတယ်။ အခုရက်ပိုင်းတွေမှာ ရွှေလီ၊ 
ကြယ်ဂေါင်ကို ၀ယ်လက်တွေ ၀င်တော့ဝင်နေတယ်။ ဒါပေမဲ့ ပစ္စည်းမ၀ယ်ဘဲ 
ကြည့်ရုံကြည့်ပြီး ပြန်သွားကြတယ်" ဟု ကိုတင်ကိုက ဆိုသည်။
၂၀၁၃ ခုနှစ် တရုတ်နှစ်သစ်ကူး ကာလအပြီးတွင် တရုတ်-မြန်မာ နယ်စပ်ရှိ 
ကျောက်မျက်ဈေးကွက် အခြေအနေ ကောင်းခဲ့ပြီး တစ်ရက်လျှင် ယွမ်သိန်းချီအထိ 
ရောင်းချရခြင်းများ ရှိခဲ့ကြောင်း နေပြည်တော် ကျောက်မျက်ပွဲ စချိန်၌မူ 
တစ်နေ့ယွမ် သောင်းဂဏန်းမျှပင် မရောင်းရကြောင်း သိရသည်။
နေပြည်တော် ကျောက်မျက်ပွဲ၌ တရုတ်ကုန်သည် အချို့မှ ကနဦး လေလံဆွဲပြီး 
အဆုံးသတ်တွင် လေလံဆွဲသည့်အတိုင်း မယူခဲ့ဘဲ ဈေးဖျက်ခဲ့သည်ဆိုသော 
သတင်းများကြောင့် ဈေးကွက်ပျက်မည်ကို တရုတ်-မြန်မာ နယ်စပ်ရှိ 
မြန်မာနိုင်ငံသား ကျောက်မျက်ကုန်သည်များက စိုးရိမ်လျက် ရှိသည်။
"ဈေးကွက်မကောင်းတဲ့ အချိန်မှာ ကိုယ့်တိုင်းပြည်မှာ ကိုယ်နေပြီးပဲ 
လုပ်ချင်တယ်။ တရုတ်တွေနဲ့ ပတ်သက်ရတာ အားလုံးမှာ ကိုယ်ကအောက်မှာပဲ နေရတယ်။ 
အရောင်းအ၀ယ်ပိုင်းရော၊ လူမှုရေး ပြဿနာတွေမှာရော အစစအရာရာ သူတို့ရဲ့အောက်ပဲ။ 
အဆိုးဆုံးက သူတို့ရဲ့ ဥပဒေကို ကိုယ်ကနားမလည်၊ သူတို့စကားကို 
ကိုယ်ကသဘောမပေါက်ဆိုတော့ ကိုယ့်နိုင်ငံမှာနေပြီး လုပ်တာ အကောင်းဆုံးပဲ" ဟု 
ကိုပေါဟန်က ဆိုသည်။

No comments :
Post a Comment