ရန်ကုန်မြို့ရှိ ရေထွက်ပစ္စည်း စက်ရုံတစ်ရုံကို တွေ့ရစဉ်
အီးယူမှ မြန်မာနိုင်ငံသို့ပေးသည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးမှာ
စာရွက်ပေါ်တွင်သာ ရရှိနေပြီး လက်ရှိအချိန်တွင် ကုန်သွယ်မှု အခွင့်အရေးကို
အမှန်တကယ် ခံစားခွင့်မရသေးဘဲ ယခုနှစ်ကုန်ပိုင်းတွင်သာ
ရရှိနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရေထွက်ပစ္စည်း ထုတ်လုပ်သူများနှင့်
ပို့ကုန် လုပ်ငန်းရှင်များ အသင်းမှ ဘဏ္ဍာရေးမှူး ဒေါက်တာတိုးနန္ဒာတင်က
ပြောကြားခဲ့သည်။
''GSP ရတယ်လို့သာ ပြောနေတယ်။ GSP ရတယ်ဆိုတာက စာရွက်ပေါ် (on paper)
ပေါ်မှာပဲ ရှိသေးတယ်။ သူ့ရဲ့ process တွေ လုပ်စရာတွေ အများကြီး ရှိပါသေးတယ်။
အင်္ဂလန်က လှမ်းပြောတယ်။ ငါတို့ဆီ ဘာမှမရောက်ဘူး။ ပို့ရင်တော့
အခွန်ကောက်မှာပဲဟု ပြောတယ်။ process လုပ်စရာတွေ အများကြီး ရှိသေးတဲ့
အတွက်ကြောင့် GSP ကို စာရွက်ပေါ်မှာပဲရတယ်။ အမှန်တကယ် ခံစားခွင့်မရသေးဘူး။
စာရွက်ပေါ်မှာတော့ ရတာသေချာတယ်။ နှစ်ကုန်လောက်ရရင် ကံကောင်း'' ဟု
ဒေါက်တာတိုးနန္ဒာတင်က ဆက်လက် ပြောကြားခဲ့သည်။
မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်မှု နည်းသည့် နိုင်ငံများထဲတွင်
ပါဝင်သည့် အတွက် အီးယူ၏ ကုန်သွယ်မှု အထူးအခွင့်အရေးအရ စီးပွားရေး
ဖွံ့ဖြိုးတိုးတက်လာရန်၊ စက်မှုဖွံ့ဖြိုး တိုးတက်လာရန်နှင့် ပို့ကုန်အခြေပြု
နိုင်ငံခြားဝင်ငွေ တိုးတက်လာရန် ရည်ရွယ်ကာ မြန်မာနိုင်ငံ၏
စက်လက်နက်ပစ္စည်းများ မပါသော မည်သည့်မူရင်း ထုတ်ကုန်မဆို တင်ပို့နိုင်ပြီး
သွင်းကုန်အခွန်ကောက်ခံခြင်း ကိုလည်း သုညရာခိုင်နှုန်းသို့ လျော့ချ
ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။
အီးယူမှ မြန်မာနိုင်ငံသို့ပေးမည့် ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့်အရေးကို
ပြီးခဲ့သော ဇွန် ၁၂ ရက်က ပေးအပ်ခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် ကုန်သွယ်မှု
အခွင့်အရေး အမှန်ခံစားခွင့်မှာ မရရှိသေးကြောင်း ရေထွက်ကုန်
လုပ်ငန်းရှင်များက ဆိုသည်။
အီးယူနိုင်ငံများသို့ မြန်မာနိုင်ငံမှ ရေထွက်ကုန်ပစ္စည်းများနှင့်
အထည်အလိပ်များကို အများဆုံး တင်ပို့လေရှိပြီး ယခင်က ပို့ကုန်တင်ပို့ရာတွင်
သွင်းကုန်အခွန်မှာ ၁၃ ရာခိုင်နှုန်းကျော် ပေးသွင်းရကြောင်း သိရသည်။

No comments :
Post a Comment