မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ မြန်မာအများစု လုပ်ကိုင်ရာ စားသောက်ဆိုင် အချို့ကို တွေ့ရစဉ်
ယခုတလော ဖတ်ရသော သတင်းစာ၊ ဂျာနယ်များသည် ရသမျိုးစုံ ပေးနိုင်စွမ်းလှသည်။
'ရသ'ဆိုသည်မှာ ကျွန်တော် နားလည်သလောက် အနုပညာ ခံစားမှုနှင့်ဆိုင်၍ အပြင်
လူမှုလောကမှ သုခဒုက္ခ ခံစားချက်များကို 'ဝေဒနာ' ဟု ဆိုကြောင်း
မှတ်သားဖူးပါသည်။ သတင်းစာ၊ ဂျာနယ်များကို ဖတ်ရင်း ပရီးမီးယားလိဂ်မှ
အာဆင်နယ်အသင်း၏ ပွဲများကို သတိရမိသည်။ အာဆင်နယ် အသင်းသည် သူ့ကိုအားပေးသော
ပရိသတ်များအား 'ရသ' ပဲပြောပြော 'ဝေဒနာ' ဟုပဲဆိုဆို သုခ၊ ဒုက္ခ
တော်တော်ပေးနိုင်စွမ်းသော အသင်းဖြစ်သည်။ တစ်ဖက်အသင်းကို နိုင်နေရာမှလည်း
သရေပွဲဖြစ်ရင် ဖြစ်သွားတတ်သည်။ သို့တည်းမဟုတ် ရှုံးရင်လည်း ရှုံးသွားတတ်သည်။
ရှုံးနေရာမှလည်း သရေကျရင်ကျ၊ သို့မဟုတ် နိုင်ရင်လည်း နိုင်သွားတတ်သည်။
ပြီးခဲ့သည့် ဘောလုံးရာသီက ချန်ပီယံလိဂ်ကန်နိုင်ရန် အဆင့်(၄)
ဝင်မှဝင်ပါ့မလား၊ ၀င်မှဝင်ပါ့မလား တထိတ်ထိတ် ရင်ခုန်ရင်း နောက်ဆုံး
ပွဲပြီးသည်အထိ ပရိသတ်ကို နှလုံးရောဂါရအောင် လုပ်သွားသည်။
ယနေ့သတင်းစာ၊ ဂျာနယ်များမှတစ်ဆင့် သိရဖတ်ရသော ကျွန်တော်တို့တိုင်းပြည်၊
ကျွန်တော်တို့ လူမျိုး၏ သတင်းများကို ဖတ်ရသည်မှာလည်း သက်ပြင်းတွေချလိုက်၊
အားမလို အားမရ ဖြစ်လိုက်၊ ခေါင်းညိတ်ကျေနပ် နှစ်သိမ့်လိုက်၊ မေးကြောတွေ
တင်းလာလိုက်၊ သာဓုတွေခေါ် ၀မ်းမြောက်လိုက်နှင့် စာဖတ်ပရိသတ်မှာ
ကြာလျှင်သွေးတိုးနှင့် နှလုံးရောဂါတွေ ရလေမလားဟုပင် တွေးမိသည်။
ဒီရက်ပိုင်းအတွင်း အလှုပ်ခတ်ဆုံးမှာ မလေးရှားရောက် မြန်မာလုပ်သားများ၏
သတင်းဖြစ်ပြီးလျှင် သူတို့အတွက် သွေးမတော် သားမစပ်၊ မသိမကျွမ်းသော်လည်း
'ငါတို့လူမျိုးတွေ ဒုက္ခရောက်နေကြရှာပါလား' ဟူသော အသိကြောင့် စိုးရိမ်မိ၊
ကရုဏာ သက်မိရသည်။ လွန်ခဲ့သော ၁၀ နှစ်ခန့်က ကျွန်တော့်အစ်ကို တစ်ယောက်လည်း
မလေးရှား၌ အလုပ်သွားလုပ်ခဲ့ဖူးသည်။ သူပြောပြသည့် အတွေ့အကြုံက ရင်နာစရာ . .
.။
''မလေးရှားကို ရောက်ရောက်ချင်း ငါ ဘာလုပ်ရတယ် မှတ်သလဲ။ ကတ္တရာလမ်း
ဟောင်းကြီးကို ပေါက်ချွန်းနဲ့ တစ်နေကုန် ပေါက်ပြီး ခွာရတာ၊
နားနေလို့မရဘူးနော်။ နေကလည်း ပူမှပူပဲကွာ၊ တစ်ကိုယ်လုံး ချွေးတွေကလည်း
ရွှဲနစ်လို့၊ ရေဆာတာလည်း ပြောမနေနဲ့။ ဒါပေမဲ့ ဟေ့ကောင် ရေတစ်ပေါက်တောင်
တောင်းသောက်လို့ မရဘူးကွ'' ဟု ပြောပြရာ အစ်ကို့စကားကို ယခုတိုင်
ကျွန်တော့်နားထဲမှ မထွက်ပါ။ ကျွန်တော့် အစ်ကိုထက် ပိုမိုပင်ပန်းသော
အလုပ်များကို လုပ်ကိုင်ရသူများလည်း ရှိကြပါသည်။ ကျွန်တော့်အစ်ကိုသည်
အိမ်နှင့်ခြံကိုရောင်း၍ မလေးရှားသို့ သွားခဲ့ခြင်းဖြစ်သည်။ ခြောက်နှစ်ခန့်
ပင်ပင်ပန်းပန်း အလုပ်လုပ်ပြီး ခြိုးခြံချွေတာ စားသောက်ကာ မိသားစုထံ
ငွေပို့ပါ၏။ ရည်ရွယ်ချက်များ၊ စိတ်ကူးယဉ် စီမံကိန်းများဖြင့်
မြန်မာနိုင်ငံသို့ ပြန်လာသောအခါ သားသမီးများ၏ အသုံးအစွဲကြီးမှု၊ စီးပွားရေး
လာဘ်မမြင်မှုတို့ကြောင့် မလေးမှ တင်ပို့သမျှငွေတို့ တက်တက်ပြောင်နေပြီ
ဖြစ်သည်။ မိသားစုထံ ပြန်ရောက်၍ အဖြစ်အပျက် အကြောင်းစုံ သိရလေသောအခါ
မလေးမသွားမီကထက် ယိုယွင်းနေသော အခြေအနေတို့ကြောင့် အစ်ကိုသည် စိတ်ကျရောဂါ
ဝေဒနာဖြင့် နောက်ဆုံး လုံးပါးပါးကာ သေဆုံးခဲ့ရပါသည်။
တကယ်တော့ နိုင်ငံခြားရောက် မြန်မာ အလုပ်သမားတွေဟာ 'ငါ့ဝမ်းပူဆာ မနေသာ' ဆိုသလို ပြည်တွင်းမှာ စီးပွားရေး မကောင်းတာကြောင့် သူတို့ခမျာ အပြင်ထွက်ကြရခြင်းပါ။ တကယ်လို့သာ ကျွန်တော်တို့ နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်၍ စည်ပင်ဝပြောသော နိုင်ငံကြီးသာ ဖြစ်မယ် ဆိုပါလျှင် . . .။ ပေါက်ပင် ကိုင်းစရာလိုမည် မဟုတ်ပါ... |
ကျွန်တော့် တပည့်တစ်ယောက်၏ အစ်ကိုသည်လည်း အိမ်နီးချင်း
ထိုင်းနိုင်ငံသို့ အထင်အမြင် တစ်ခွဲသားနှင့် အလုပ်သွားလုပ် ခဲ့ပါသည်။
စရိတ်စကနှင့် ပွဲစားအတွက် လိုအပ်သောငွေကို အတိုးကြီးကြီးဖြင့် ချေးငှားကာ
သွားခဲ့ခြင်း ဖြစ်သည်။ သို့သော် သုံးလခန့် အကြာတွင် စက်ရုံမန်နေဂျာ၏
ပညာအမျိုးမျိုးပြမှုကို မခံနိုင်၍ ပြည်တော်ပြန်ခဲ့ ရပါသည်။ သူ့အိမ်၌
အတိုးတွေ မချိမဆံ့ တက်နေသော အကြွေးစာရင်းက အဆင်သင့် စောင့်နေပါသည်။
ကျွန်တော် ဤသို့ရေး၍ နိုင်ငံခြားသွား အလုပ်လုပ်သူတိုင်း အဆင်မပြေဟု
မဆိုလိုပါ။ ပြေသူတို့လည်း ရှိပါသည်။ အဆင်ပြေသော သူများပင် ဘာပဲပြောပြော
မိသားစု၊ မိမိအသိုက်အ၀န်း၊ မိမိအပေါင်းအသင်း မိတ်ဆွေများနှင့် ဝေးရာအရပ်၌
တစ်ပါးသော လူမျိုးများ၏အလယ် အလုပ်လုပ် ကြရသည်မို့ စိတ်ပိုင်း၊
ရုပ်ပိုင်းဆိုင်ရာ ဒုက္ခတရားများ မလွဲမသွေ ခံစားကြရသည်မှာတော့ သေချာလှပါသည်။
ယခုကဲ့သို့ ဘာသာရေး အစွန်းရောက် အကြမ်းဖက်သူ အိမ်ရှင်အချို့ကြောင့် မလေးရှား၊ အင်ဒိုနီးရှား စသည့်နိုင်ငံများရောက် ကျွန်တော်တို့ နိုင်ငံသား အလုပ်သမားများမှာ မည်မျှစိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ ရှိကြလေမည်နည်း၊ မိမိအားကိုးရာ မိဘနှင့် မိသားစုများ၊ သူငယ်ချင်း အပေါင်းအသင်းများ၊ ဆရာသမားများကို သူတို့တမ်းတနေကြ ပေလိမ့်မည်။ သူတို့ဘယ်လောက်များ မျက်နှာငယ် နေကြမည်နည်း။ တစိမ့်စိမ့် တွေးကြည့်လျှင် ၀မ်းနည်းစရာ၊ ကြေကွဲစရာ ကောင်းလှပါသည်။
သို့သော်လည်း သတင်းစာ၊ ဂျာနယ်များ၏ စာမျက်နှာထက်တွင် မြန်မာနိုင်ငံမှ လုပ်ငန်းရှင်ကြီးများ လေယာဉ် ကုမ္ပဏီများမှ မလေးရှားရောက် မြန်မာအလုပ်သမားများ ပြည်တော်ပြန် နိုင်ရေးအတွက် အကူအညီ ပေးနေကြသည်ကို ဖတ်ရသိရသောအခါ ကျွန်တော်အပါအ၀င် ခုနစ်ရက်သားသမီး အားလုံးက ၀မ်းမြောက်ဝမ်းသာ သာဓုခေါ် ကြပါသည်။ ကောင်းချီး သြဘာ ပေးကြပါသည်။ လေးစားချီးကျူး မိကြပါသည်။ ရှေ့ဆက်၍လည်း နိုင်ငံရေး၊ အမျိုးသားရေးကို ဒီ့ထက်မက ပံ့ပိုးကူညီ ဆောင်ရွက်ပေးကြ စေချင်ပါသည်။ ကျွန်တော်တို့ နိုင်ငံသူ နိုင်ငံသား လူငယ်လူရွယ်များ အခြားတိုင်းပြည်များသို့ ငွေကုန်ကြေးကျခံ၊ အပင်ပန်း အဆင်းရဲခံပြီး အလုပ်သွား လုပ်စရာ မလိုဘဲ ကိုယ့်တိုင်းပြည်တွင်း၌သာ အိုးမကွာ အိမ်မကွာ အလုပ်လုပ်နိုင်၊ စီးပွားရှာနိုင်ရန် ခရိုနီပဲခေါ်ခေါ်၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများပဲ ဆိုဆို၊ ထိုထိုသော ပုဂ္ဂိုလ်ကြီးများက မေတ္တာ၊ ကရုဏာရှေ့ထား၍ ဆောင်ရွက်ကြလျှင်ဖြင့် သာဓုအကြိမ်ပေါင်း များစွာ ခေါ်မိကြမည်မှာ အမှန်ပင် ဖြစ်ပါသည်။
သတင်းများတွင် မလေးရှားမှ ပြန်ရောက်လာသော မြန်မာအလုပ်သမားအချို့၏ အဖြစ်အပျက်များကို ဖတ်ရသည်မှာ စိတ်ဆင်းရဲစရာ၊ ထိတ်လန့်စရာ ကောင်းလှပါသည်။ တကယ်တော့ သူတို့တစ်တွေလည်း မိသားစု အသိုက်အမြုံများနှင့် ဝေးရာသို့ သွားချင်ကြမည် မဟုတ်ပါ။ သူတစ်ပါး တိုင်းပြည်မှာ အောက်ကျနောက်ကျ မျက်နှာငယ်ငယ်ဖြင့် စီးပွားရှာချင်ကြမည် မဟုတ်ပါ။ ဒါဆို ဘာကြောင့် တိုင်းပြည်ရဲ့ အပြင်ကို ထွက်ကြရပါသလဲ။
ငယ်စဉ်ကလေးဘ၀က ဆိုခဲ့ကြသည့် ကဗျာလိုလို၊ လင်္ကာလိုလို စာပိုဒ်လေးကို သတိရမိပါသည်။
''ပေါက်ပင်ဘာကြောင့် ကိုင်းရတယ်၊
ဗျိုင်းနားလို့ ကိုင်းရတယ်၊
ဗျိုင်းဘာကြောင့် နားရတယ်၊
ငါးပေါ်လို့ နားရတယ်၊
ငါးဘာကြောင့် ပေါ်ရတယ်၊
ကျွဲလူးလို့ ပေါ်ရတယ်၊
ကျွဲဘာကြောင့် လူးရတယ်၊
ဖြုတ်ကိုက်လို့ လူးရတယ်၊
ဖြုတ်ဘာကြောင့် ကိုက်ရတယ်၊
မိုးရွာလို့ ကိုက်ရတယ်၊
မိုးဘာကြောင့် ရွာရတယ်၊
ဖားအော်လို့ ရွာရတယ်၊
ဖားဘာကြောင့် အော်ရတယ်၊
မြွေကိုက်လို့ အော်ရတယ်၊
မြွေဘာကြောင့် ကိုက်ရတယ်၊
(နောက်ဆုံးအဖြေက...)
ငါ့ဝမ်းပူဆာ မနေသာလို့
ကိုက်ရတယ်...''တဲ့လေ။
တကယ်တော့ နိုင်ငံခြားရောက် မြန်မာ အလုပ်သမားတွေဟာ 'ငါ့ဝမ်းပူဆာ မနေသာ' ဆိုသလို ပြည်တွင်းမှာ စီးပွားရေး မကောင်းတာကြောင့် သူတို့ခမျာ အပြင်ထွက်ကြရခြင်းပါ။ တကယ်လို့သာ ကျွန်တော်တို့ နိုင်ငံကြီး ဖွံ့ဖြိုးတိုးတက်၍ စည်ပင်ဝပြောသော နိုင်ငံကြီးသာ ဖြစ်မယ် ဆိုပါလျှင် . . .။
ပေါက်ပင် ကိုင်းစရာလိုမည် မဟုတ်ပါ။

No comments :
Post a Comment