ကမ္ဘာ့ဘဏ်၏ ပြည်သူ့ငွေကြေး သုံးစွဲမှုနှင့် ငွေကြေးဆိုင်ရာ တာဝန်ယူမှု
အကဲဖြတ်အဖွဲ့၏ မြန်မာနိုင်ငံနှင့် ပတ်သက်သော ပြည်သူ့ဘဏ္ဍာ စီမံအုပ်ချုပ်မှု
လုပ်ဆောင် အစီရင်ခံစာအား ထုတ်ပြန်ကြေညာလိုက်ပြီး ထိုထုတ်ပြန်ချက်တွင်
အစိုးရအနေနှင့် နိုင်ငံတော်ဘတ်ဂျက် ခွဲဝေလျာထားမှုများ အပေါ်တွင်
ပွင့်လင်းမြင်သာရန် လိုအပ်ကြောင်း တိုက်တွန်းထားသည်။
အဆိုပါ အစီရင်ခံစာတွင် ယခုနှစ်များအတွင်း ခန့်မှန်းခြေ ရသုံးငွေစာရင်းမှ
ခွင့်ပြုထားသော အသုံးစရိတ်မှာ လျော့နည်းလျက် ရှိသောကြောင့်
ဝင်ငွေမှန်းဆချက်များမှာမူ အမှန်ထက် မြင့်မားလျက်ရှိကြောင်း၊ လတ်တလော
နှစ်များအတွင်း အမှန်တကယ် စုစုပေါင်း အသုံးစရိတ်နှင့် ခွင့်ပြုထားသည့်
ခန့်မှန်းခြေ အသုံးစရိတ်တို့ကြား ကွာဟမှုများ များပြားလာခဲ့ကြောင်း၊ ၂၀၀၈-၀၉
ခုနှစ်တွင် ခွင့်ပြုထားသော အသုံးစရိတ်ပမာဏ၏ ၈ ဒသမ ၇ ရာခိုင်နှုန်း
ပိုမိုမြင့်မားနေသည်ကို တွေ့ရပြီး၊ ၂၀၁၀-၁၁ ခုနှစ်တွင်မူ ၂၀ ဒသမ ၂
ရာခိုင်နှုန်းထိ မြင့်တက်လာသည်ကို တွေ့ရကြောင်း ထည့်သွင်း ဖော်ပြထားသည်။
ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှု၊ လူထုနှင့် ပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု၊ ပုဂ္ဂလိက ပြုခြင်းတွေမှာ ပွင့်လင်းမြင်သာမှုနှင့် တာဝန်ယူမှု ရှိခြင်းအားဖြင့် အစိုးရအနေနှင့် လူထုထောက်ခံမှုကို တည်ဆောက်ယူနိုင်ပါတယ်.. |
''ပြည်သူ့ဘဏ္ဍာငွေ စီမံခန့်ခွဲမှု၊ လူထုနှင့် ပတ်သက်သည့်
ရင်းနှီးမြှုပ်နှံမှု၊ ပုဂ္ဂလိက ပြုခြင်းတွေမှာ ပွင့်လင်းမြင်သာမှုနှင့်
တာဝန်ယူမှု ရှိခြင်းအားဖြင့် အစိုးရအနေနှင့် လူထုထောက်ခံမှုကို
တည်ဆောက်ယူနိုင်ပါတယ်။ လွှတ်တော်အတွင်းမှာ ပြည်သူ့ငွေစာရင်း ကော်မတီနှင့်
စီမံရေးနှင့် ငွေကြေးကော်မတီ ဖွဲ့စည်းထားတယ်လို့ သိရတယ်။ ဒါက ဘဏ္ဍာငွေတွေကို
ဘယ်လိုသုံးစွဲတယ် ဆိုတာကို သိနိုင်ဖို့အတွက် အရေးကြီးတဲ့ တိုးတက်မှု
တစ်ခုလည်း ဖြစ်ပါတယ်။ အမှန်တော့ ဘတ်ဂျက် ဥပဒေသစ်ကို လူထုကို
ချပြရမှာဖြစ်ပြီး ရုပ်မြင်သံကြား အစီအစဉ်တွေမှာလည်း ဘတ်ဂျက်နှင့်
ပတ်သက်ပြီး ဆွေးနွေးမှုတွေကို လုပ်ဆောင်သင့်ပါတယ်။ ဒီလိုပဲ
သတင်းစာတွေထဲမှာလည်း ဘတ်ဂျက်ခွဲဝေမှု ပတ်သက်ပြီး ဖော်ပြသင့်ပါတယ်။
အများပြည်သူကို သေသေချာချာ လေ့လာသိရှိနိုင်ဖို့ အမှားအယွင်းတွေကို
ရှာဖွေစစ်ဆေးနိုင်ဖို့ ခွင့်ပြုပေးတာပဲ'' ဟု ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့်
ပိစိဖိတ် ဒေသဆိုင်ရာ ဒုတိယဥက္ကဋ္ဌ Axel van Trotesnburg က ပြောကြားခဲ့သည်။
အလားတူ မြန်မာနိုင်ငံကဲ့သို့သော အသားမကျသေးသော အခြေအနေတွင် ဘဏ္ဍာရေးစနစ်၏
ဖြစ်နိုင်ခြေရှိသော အကျိုးဆက်တစ်ခုမှာ ဘဏ္ဍာစွန့်စားရမှု အတိုင်းအတာ
မြင့်လာနိုင်ခြေ ရှိကြောင်းလည်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။ နိုင်ငံအနေနှင့်
ဖွံ့ဖြိုးတိုးတက်မှုကို အရှိန်မြှင့်တင်ပေးမည့် စီမံကိန်းများကို
အကောင်အထည်ဖော် ဆောင်ရွက်သွားရာတွင် နိုင်ငံတော် ဘတ်ဂျက်နှင့် ကိုက်ညီသည့်
မက်ကရိုစီးပွားရေး မူဘောင်နှင့် ငွေကြေးဆိုင်ရာ မူဝါဒများအား
ချမှတ်လုပ်ဆောင်သွားရန် လိုအပ်ကြောင်း ယင်းအနေအထား တစ်ရပ်မှာ
ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေးနှင့် ကြွယ်ဝမှုများကို အချင်းချင်း
မျှဝေခံစားနိုင်မည် ဖြစ်ကြောင်းလည်း ပြောကြားခဲ့သည်။
ယင်းပြည်သူ့ဘဏ္ဍာရေးခန့်ခွဲမှု ဆောင်ရွက်ချက် အစီရင်ခံစာ PFN-PR သည်
မြန်မာနိုင်ငံ၏ PFN (ပြည်သူ့ ဘဏ္ဍာစီမံအုပ်ချုပ်မှု) စနစ်အား ပထမဆုံး
ပြည့်စုံကျယ်ပြန့်စွာ ဝေဖန်ထားသည့် သုံးသပ်ချက်ဖြစ်ကြောင်း၊ အရေးကြီးသော
ပြုပြင်ပြောင်းလဲမှုများအတွက် ချမှတ်ခြင်းများအား လမ်းညွှန်ပေးလျက်ရှိကြောင်း
အထူးသဖြင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ် CBM အား မှီခိုကင်းကင်း လွတ်လပ်စွာ
ဆောင်ရွက်နိုင်ရန်လည်း တိုက်တွန်းထားကြောင်း သိရှိရသည်။

No comments :
Post a Comment