Blogger Widgets

Tuesday 7 May 2013

ရန်ကုန်က Facebook စားသောက်ဆိုင်

Moon Bakery က ရန်ကုန်မှာ ဆိုင်ခွဲပေါင်း ၂၀ နီးပါး ရှိနေပါပြီ။

ဆိုင်ခွဲတခုဖြစ်တဲ့ ၃၈ လမ်း နဲ့ မဟာဗန္ဓုလ လမ်းဒေါင့်က ဆိုင်ထဲကို ကျနော် ရောက်သွားတော့ အအေး
ဓာတ်က ဆီးကြိုပါတယ်။ ကောင်းလေစွ။

မွန်းတည့်ချိန် ပြင်ပနေပူ လေပူထဲက လာသူဆိုတော့ အအေးဓာတ်က စွဲမက်စရာပါ။

ဆိုင်ထဲကနေ ပြန်မထွက်ရရင် ကောင်းမလားလို့ တွေးမိလိုက်သေးတယ်။

အောက်ထပ်မှာလူပြည့်နေလို့ အပေါ်ထပ် တက်ပါတယ်။

အပေါ်ထပ်လည်း လူအများသား။ ကံကောင်းချင်တော့ စားပွဲတလုံးလွတ်ပါတယ်။

နံရံမှာရော စားပွဲပေါ်မှာပါ မင်ဖြူ မင်ပြာ အရောင်စုံနဲ့ လက်ရေးစုံကို တွေ့ရတာကတော့ အံ့သြစရာပါပဲ။

စားသုံးသူတွေ ရေးသွား၊ ခြစ်သွားကြတာပါ။

ဘယ်နေ့က ဘယ်သူတွေ လာစားသွားတယ် ဆိုတာမျိုးလည်း တွေ့ရမှာပါ။

ဖြည့်စွက်ရေးခြစ်သူတချို့က အဲဒီနာမည်တွေရဲ့နောက်မှာ ပေါက်ကရ ရေးဖြည့်သွားတာလည်း ဖတ်ရပါ
တယ်။

Facebook မှာ ရေးချင်ရာရေးသလို နံရံမှာလည်း ရေးချင်ရာ ရေးနေကြတာပါ။

ကျနော်ကတော့ Facebook မှာ ရေးရတာ ပိုအားသန်တာက တကြောင်း၊ လမ်းလျှောက်တတ်ခါစ သား
တော်မောင်ကို လိုက်ဆွဲနေရတာကတကြောင်းမို့ လက်မဆော့ခဲ့ပါဘူး။

ဆိုင်နံရံကို ကြည့်ပြီး .... Facebook လိုပါပဲလားလို့ တွေးမိကြမှာပါ။

ငါတို့ရောက်ခဲ့သည်က အစ စိတ်ကူးတည့်ရာပုံတွေအဆုံး ရေးခြစ်ထားကြတာ မဟုတ်လား။

စားစရာအကြောင်း ပြောရရင် - မှာဖြစ်ခဲ့ စားဖြစ်ခဲ့ကြတာက
  • ကင်မ်ချီထမင်းကြော် - ၂,၈ဝဝ
  • အသားဖြူး ပေါင်မုန့် - ၇ဝဝ
  • ရေ - ၄ဝဝ
  • မိုင်လို အအေး - ၇ဝဝ
  • သံပုရာရည် - ၉ဝဝ

ဆိုင်နာမည်ကိုပဲ ကြည့်မယ်ဆိုရင် စားစရာက ပေါင်မုန့် ကိတ်မုန့်တွေပဲ ရမယ်လို့ ထင်စရာပါပဲ။
ကိုရီးယား၊ တရုတ် အစားအစာတွေလည်း ရောင်းပါတယ်။

ကိုရီးယားစာ ကင်မ်ချီထမင်းကြော်က ဈေးကြီးပေမယ့် စားလို့ အဆင်ပြေပါတယ်။
ကင်မ်ချီကို အပြင်က ၀ယ်ပြီး အိမ်မှာ ကြော်စားမယ်လို့တော့ တွေးလိုက်မိသေးတယ်။ တနေ့နေ့ပေါ့။

အအေးခွက်တွေကတော့ အရွယ်အစား သေးပါတယ်။ သြော် ... သေးပါစေလေ ... ဒါ အလှူအိမ် မဟုတ်၊ သူတို့ စီးပွားရေးလုပ်နေတာပဲလို့ ဆင်ခြင်မိလိုက်တယ်။

သံပုရာရည်ကောင်းကောင်းကို ထပ်သောက်ချင်ပေမယ့် ဈေးနှုန်းကြောင့် နောက်တခွက် မမှာဖြစ်လိုက်ပါ။

ဝန်ဆောင်မှု ကောင်းတယ်၊ ဆိုင်က စားပွဲထိုးတွေလည်း လုပ်တာကိုင်တာ ကျွမ်းကျွမ်းကျင်ကျင် ရှိကြပုံပေါ်
ပါတယ်။

အားနည်းချက်တခုကို သိသိသာသာ တွေ့ရတာကတော့ ဆိုင်အောက်ထပ်မှာ ဆေးလိပ်ငွေ့ ရှူရတာပါပဲ။

အပေါ်ထပ်မှာ ဆေးလိပ်သောက်ခွင့် ပိတ်ပင်ထားပေမယ့် အောက်ထပ်ကအငွေ့ အပေါ်ကို နည်းနည်း တက်
ပါတယ်။ အပေါ်မတက်ခင် အငွေ့ ရှိုက်မိပါတယ်။ ဒါဟာ အားနည်းချက်လို့ ဆိုပေမယ့် ဆေးလိပ်ကြိုက်သူ
များအတွက်တော့ မဟာ အားသာချက်ကြီးမဟုတ်လား။အအေးခန်းဆိုင်မှာ ဆေးလိပ်သောက်ချင်ရင် အဲ
ဒီကို သွားကြပေတော့။ ဆေးလိပ်ငွေ့ကြောက်ရင်တော့ အဲဒီဆိုင် မသွားနဲ့ပေါ့။

Moon Bakery ရဲ့ တခြားဆိုင်ခွဲတွေမှာ ဆေးလိပ်ငွေ့ပေါ်လစီ ဘယ်လိုရှိမယ် မသိရပါ။

တခြားဆိုင်ခွဲတချို့ကို သွားပြီး စနည်းနာဖို့ကလည်း ကုန်ကျငွေအတွက် ဧရာဝတီရုံးကို ဘောက်ချာ
 ပြန်တင်လို့ မရတာကြောင့် မသွားဖြစ်တော့ပါဘူး။

ကဲ ... ရန်ကုန်မြို့ ၃၈ လမ်းထိပ် Moon Bakery ကို သွားမယ် ဆိုရင်ဖြင့် နံရံစာ ထိုးဖို့ ရေးသားစရာတခုခု ယူသွားပါလေ

No comments :

Post a Comment

Blogger Widgets
Back to Top