Blogger Widgets

Wednesday, 29 May 2013

စံပြကျေးရွာ ပြောင်းသူများ အခက်ကြုံတွေ့

ကချင်ပြည်နယ် မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ယုဇနကုမ္ပဏီကနေ လုပ်ဆောင်နေတဲ့ ပီလောပီနံစိုက်ပျိုး
ရေး စီမံကိန်း တွေကြောင့် စံပြရွာတွေကို ပြောင်းရွှေ့ပေး ရခဲ့သူတွေ အနေထိုင် စားဝတ်နေရေး အခက်
ကြုံနေ ရတယ်လို့ ရွာသားတွေက ပြောပါတယ်။

ဒီစီမံကိန်းတွေကြောင့် မြစ်ဆုံဒေသက ကျေးရွာတွေကို မြစ်ကြီးနားမြို့နယ်က အောင်မြင်သာ၊ ၀ိုင်းမော်မြို့
နယ်မှာ မလိယန်နဲ့ ဖားကန့်မြို့နယ် မှာ ရှထူးဇွပ် စံပြကျေးရွာတွေ ဆိုပြီး ပြန်လည် နေရာချ ထားပေးခဲ့ပေ
မယ့် စံပြကျေးရွာနဲ့မညီညွတ်ဘဲ နေရေးစားရေး အခက်အခဲဖြစ်နေရတယ်လို့ ဒေါ်ဂျာခေါန်က ပြောပါတယ်။

“ပြောင်းရွှေ့ထားတဲ့နေရာမှာ သူတို့ဆောက်ထားပေးတဲ့ အိမ်တွေက အခု အန်တီတို့ပြောင်းတာ ၂ နှစ်ပဲ
ရှိသေးတယ်။ အိမ်တွေကပျက်စီးကုန်တယ်။ လေပြင်းမုန်တိုင်းနည်းနည်း တိုက်လိုက်တာနဲ့ အိမ်တွေ က ပျက်စီးကုန်တယ်။ သူတို့လုပ်ထားပေးတဲ့ နေရာမှာ စားဝတ်နေရေး အတွက် မပြေလည်ဘူး။ စံပြကျေးရွာ
 ဘေးပတ်ဝန်းကျင်မှာက ကုမ္ပဏီ၊ လုပ်ငန်းရှင်တွေရဲ့ မြေကွက်တွေဖြစ်နေတယ်။ မူလနေတဲ့နေရာမှာက သစ်ဥသစ်ဖု ရှာစားလို့ရတယ်၊ ဟင်းသီးဟင်းရွက် ရှာစားလို့ရတယ်။ ကိုယ့်လယ်ကိုယ့်ခြံနဲ့ သား သမီးတွေ
ရဲ့ နောင်ရေး၊ ကျောင်းစရိတ်တွေ ရတယ်လေ။ အခုအဲနေရာမှာဆို တောင်ယာ ခုတ်စား စရာ၊ လယ်
လုပ်စရာမရှိဘူး။ အိမ်တွေကို ကောင်းကောင်းမွန်မွန် လုပ်မပေးဘူး။ သားသမီးတွေ ထောက်ပံ့ဖို့ ကျောင်း
စရိတ်၊ စားဝတ်နေရေးတွေ အတွက် အခက်အခဲဖြစ်နေပါတယ်။”

ဒါအပြင် စံပြကျေးရွာတွေမှာ မိုတွင်းဆိုရင် သွားလာရေး အရမ်းခက်ခဲပြီး ရွှံ့နွံထူထပ်တယ်လို့ ဆိုပါတယ်။

ဒေါ်ဂျာခေါန်ဟာ အစိုးရရဲ့ ကချင်ပြည်နယ်တွင်း အကြီးစားဖွံ့ဖြိုးရေး စီမံကိန်းတွေကြောင့် ဒုက္ခကြုံနေ
တဲ့ ဒေသခံပြည်သူတွေနဲ့ ဖွဲ့ထားတဲ့ မူချင်းရပ်ဂျာ (Mungchying Rawt Jat) MRJ အဖွဲ့ဝင် ဖြစ်ပါတယ်။

စံပြကျေးရွာမှာ အဆင်မပြေမှုတွေကြောင့် ဒေသခံတွေအနေနဲ့ မိမိနေရပ်ကို ပြန်ချင်ကြတယ်လို့ ပြော
ပါတယ်။

“ကိုယ့်ဒေသမှာပဲ ပြန်လုပ်ကိုင်စားသောက်ချင်တယ်။ အခု ၂ နှစ်နေတာတောင်မှ ဒုက္ခရောက်နေတယ်။

စားဝတ်နေရေးအခက်အခဲ ဖြစ်တယ်ဆိုရင် နောက်ထပ် ရေကာတာ ထပ်လုပ်မယ်ဆိုရင် တခြားဒေသ
ခံတွေ ဘယ်လောက် ဒုက္ခရောက်မလဲ။ အဲဒါတွေကို ပြန်မတွေးဝံ့ဘူး။ တိုင်းရင်းသားတွေ၊ ဒေသခံတွေ ဒုက္ခရောက်မှာ စိုးရိမ်တယ်။ ဒါကြောင့် ရေကာတာ စီမံကိန်း ၇ ခုကို ရပ်ဆိုင်းပေးဖို့ တောင်းဆိုပါတယ်။”
သမ္မတက မြစ်ဆုံစီမံကိန်းကို ၂၀၁၁ ခုနှစ် စက်တင်ဘာလမှ စတင် ဆိုင်းငံ့စေခဲ့ပေမယ့် ဒေသခံတွေအ
နေနဲ့ ဒီစီမံကိန်းကြောင့် သိမ်းယူခံခဲ့ရတဲ့ ကျေးရွာနဲ့ လယ်ယာမြေတွေကို ဆုံးရှုံးခဲ့ရပြီး ရွှေတူးဖော်ခြင်းနဲ့ တခြားစီမံကိန်းတွေကြောင့် ဥယျာဉ်ခြံမြေတွေလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top