Blogger Widgets

Tuesday, 1 April 2014

သာသနာ့အလံကိစ္စ အမေရိကန်သူနှင့်တွေ့၍ စုံစမ်းရေးကော်မရှင် အဖြေထုတ်မည်

စစ်တွေဒေသခံအချို့၏၀င်ရောက်ဖျက်ဆီးခံရသော INGO ရုံးတစ်ရုံး(ဓာတ်ပုံ − စိုးသန်းဝင်း/အေအက်ဖ်ပီ)
စစ်တွေအကြမ်းဖက်မှု ဖြစ်စဉ်တွင် သာသနာ့အလံကို မဖွယ်မရာပြုလုပ်သည်ဟု စွပ်စွဲခံ ထားရသော မာတီဆာအင်တာနေရှင်နယ် အိုင်အင်န်ဂျီအိုအဖွဲ့မှ အမေရိကန်နိုင်ငံသူမစ္စက် yvonne Dunton ကို စုံစမ်းစစ်ဆေးရေး အဖွဲ့က စစ်ဆေးမည်ဖြစ်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ်က ပြောကြားသည်။
‘‘သူ့ကို ထိန်းသိမ်းမထားပါ ဘူး။ သမ္မတကြီးဖွဲ့ထားပေးတဲ့ စုံစမ်းရေးအဖွဲ့က မေးမှာပါ။ ဒါမှလည်း အဖြစ်မှန်ကိုဖော်ထုတ်နိုင် မှာပါ’’ဟု ၎င်းက ပြောသည်။
လတ်တလောတွင် အမေရိကန်နိုင်ငံသူနှင့် ၎င်း၏ ခင်ပွန်းဖြစ်သူတို့မှာ ရန်ကုန်မြို့တွင်ရှိနေပြီး ၎င်းတို့ကို မည်သူကမှ တိုင်ချက်ဖွင့်ထားခြင်းမရှိသေးကြောင်း ဦးရဲထွဋ်က ဆက်လက်ပြောကြားသည်။
မတ်လ ၂၇ ရက်က မာတီဆာအဖွဲ့ ငှားရမ်းထားသော ဂို ဒေါင်တွင် အဆိုပါဂိုဒေါင်၏ပိုင်ရှင်က သာသနာ့အလံလွှင့်ထူထားခြင်းကို အမေရိကန်နိုင်ငံသူက ဖြုတ်ယူပြီးနောက် ဘောင်းဘီအိတ်အတွင်း ထည့်သွင်းသည်ဟု လည်းကောင်း၊ ခါးတွင်ထဘီကဲ့သို့ ပတ်ဝတ်ခဲ့သည်ဟုလည်းကောင်း ဝေဖန်ပြောဆိုမှုများပေါ် အခြေခံ၍ အကြမ်းဖက်မှုဖြစ်စဉ်များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
‘‘လက်ရှိအချိန်ထိ သူအလံကိုဖြုတ်တယ်ဆိုတာအထိတော့ အတည်ပြုလို့ရပါတယ်။ အလံကို သူဘာဆက်လုပ်တယ်ဆိုတာတော့ ထပ်ပြီးစစ်ဆေးရဦးမှာပါ’’ ဟု ၎င်းက ပြောသည်။
 အမေရိကန်နိုင်ငံသူနှင့် ခင်ပွန်းတို့သည် မာတီဆာအင်တာနေရှင်နယ်အိုင်အင်န်ဂျီအို အဖွဲ့တွင် program coordinator အဖြစ် လုပ်ကိုင်နေသူများဖြစ်ပြီး ၂၀၁၃ ခုနှစ် မေလမှစတင်၍ ရခိုင်ပြည်နယ် စစ်တွေမြို့သို့ရောက် ရှိခဲ့ခြင်းဖြစ်သည်။
အကြမ်းဖက်မှုများကြောင့် ၎င်းတို့ ဇနီးမောင်နှံနှစ်ဦးအပါအဝင် နိုင်ငံတကာအင်န်ဂျီအိုများ မှ နိုင်ငံခြားသားဝန်ထမ်း စုစု ပေါင်း ၃၁ ဦးကို ရန်ကုန်မြို့သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ရပြီး ကျန်ရှိသည့် နိုင်ငံခြားသား ၂၉ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က လုံခြုံရေး ဆောင်ရွက်ပေးထားရကြောင်း အစိုးရက သတင်းထုတ်ပြန်ထားသည်။
ဖြစ်စဉ်ကို စုံစမ်းစစ်ဆေးရန် သမ္မတဦးသိန်းစိန်က မတ်လ ၂၈ ရက်တွင် အဖွဲ့ဝင်ငါးဦး ပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဖွဲ့စည်းထားသည်။

No comments :

Post a Comment

Blogger Widgets
Back to Top