Blogger Widgets

Tuesday 25 March 2014

အိမ်ထောင်သည်တိုင်း လိုအပ်တဲ့ဓာတ်လား

Folic acid ဖေါလစ်-အက်စစ် ဆေး ဘက်နှစ်မျိုးရှိပါလည်း ခင်ဗျာ။
Folic Acid က နေ့စဉ် သောက်လို့ ရပါသလား။
Folic Acid ကိုနေ့စဉ် မှန်မှန်သောက်သွားရင် Side Effect ရှိတယ် ပြောကြတယ်ဆရာ။ အဲ့ဒါဟုတ်ပါသလား။ တစ်ချို့က အိမ်ထောင် ကျပြီးတဲ့သူတွေပဲသောက်ရတာလို့ ပြောပါတယ်။ 
ကျွန်တော် က အိမ်ထောင်သည်ပါ။ အသည်း အဆီဖုံး ဖူးတဲ့သူ၊ အသည်း B positive (အခွံပိုး) ရှိတဲ့သူတွေ ရော လိုအပ်ရင် သောက်လိုရပါ သလား ခင်ဗျာ။
ကောင်းကျိုးအနေနဲ့ ဘာဖြစ်နိုင်တယ်၊ ဆိုးကျိုးဘာရှိတယ်ဆိုတာရှင်းပြပါလား။ ကျေးဇူးတင်လျက်...........
Folic acidဆိုတာ ဗီတာမင် ဘီအုပ်စုဝင်(vitamin B9)ဖြစ်ပါတယ်။ ပုံစံကွဲတွေလည်း ရှိသေးတယ်။ folic acid,folate,folinic acid,methyl folate စတာတွေ ဖြစ်ပါတယ်။ အစားအစာထဲမှာတွေ့ရတာက folateဓာတ် ဖြစ်ပါတယ်။ Folic acidဆိုတာကျ လူက ထုတ်လုပ်ထားတဲ့ synthetic ပုံစံဖြစ်တယ်။ အကယ်၍အစားအစာထဲက folateဓာတ် လုံလောက်မှုမရှိရင်  ပြင်ပကဖြည့်စွက်ပေးဖို့ Folic acidကို ထုတ်လုပ်ထားတယ်။ အစားအသောက်မှာပါဝင်တဲ့ folate(natural folic acid)ထက် လူလုပ်ထားတဲ့ folic acid ဖြည့်စွက်ဆေးကို လူ့ခန္ဓာကိုယ်က ပိုမိုအသုံးချနိုင်တယ်။ ပုံမှန်အားဖြင့် အသီးအရွက်၊အသည်းအမြစ်ကတဆင့် folateဓာတ်ကို ရရှိပါတယ်။ စိမ်းတဲ့ဟင်းသီးဟင်းရွက်တွေဟာ folateဓာတ်ကြွယ်ဝတယ်။ ကြက်၊အမဲ၊ဆိတ်ကလီစာတွေမှာလည်း ပါဝင်တယ်။
ဘယ်သူတွေ အဓိကလိုအပ်လဲ
Folic acidကို အပျိုဖော် ဝင်စကစတင် လိုအပ်လာတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချင်သူ အမျိုးသမီးတွေမှာ လိုအပ်တယ်။ ကိုယ်တိုင်ထက် မွေးဖွားလာမဲ့ ကလေးအတွက် အရေးကြီးလို့ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဉ် ဖောလစ်ချို့တဲ့ရင် မွေးလာတဲ့ ကလေးမှာ spina bifida(မွေးရာပါခါးရိုးဆစ်အနာ) ဖြစ်နိုင်တယ်။ ပိုဆိုးရင် ကလေးမှာ Anencephaly ခေါ်တဲ့ ဦးနှောက်ဖွံ့ဖြိုးမှုမရှိဘဲ သေဆုံးနိုင်တယ်။ ဒါ့ပြင် ရာသီသွေးကြောင့် လစဉ်ဆုံးရှူံးနေတဲ့ သွေးနီဥတွေ ပြန်လည်ဖွဲ့စည်းဖို့လည်း ဖောလစ်အက်ဆစ် လိုအပ်ပါတယ်။ သွေးနီဥဖွဲ့စည်းဖို့ ဆိုရင် သံဓာတ်၊ဖောလစ်နဲ့ ဘီတွဲ သုံးမျိုး လိုအပ်တယ်။ ဒီထဲက တခုခုချို့တဲ့နေရင် သွေးအားနည်းရောဂါ ဖြစ်နိုင်တယ်။

folic acid ရဲ့ အကျိုးကျေးဇူးများ
ဆဲလ်အသစ် တွေတည်ဆောက်ဖို့လိုအပ်တယ်။ မျိုးဗီဇ DNA နဲ့ RNAအတွက် အရေးပါတယ်။ မွေးရာပါနှလုံးရောဂါကို ကာကွယ်ပေးတယ်။ ကလေးဥာဏ်ရည် ဖံွ့ဖြိုးစေတယ်။ ကြီးထွားစေတယ်။ အာရုံခံဆဲလ်တွေ ဖွံ့ဖြိုးစေတယ်။ မျိုးပွားနိုင်စွမ်း အားကောင်းစေတယ်။ မျိုးအောင်စေတယ်။ ကင်ဆာရောဂါ၊အူလမ်းကြောင်း ရောဂါ အချို့မှာလည်း အသုံးကျသေးတယ်။ 

ကိုယ်ဝန်ဆောင်စဉ် 400-1200mcg(မိုက်ခရိုဂရမ်) လိုအပ်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်အားဆေးအများစုမှာ 400မိုက်ခရိုဂရမ်လောက် အနည်းဆုံးပါဝင်တာ တွေ့ရလိမ့်မယ်။ ဒါ့ပြင်ကလေးကြီးထွားဖို့၊ဥာဏ်ရည်ဖွံ့ဖြိုးဖို့ ဆက်လက်လိုအပ်တာကြောင့် နို့တိုက်မိခင်တွေကိုလည်း ပေးပါတယ်။ နို့တိုက်မိခင်တွေမှာ 500-600mcg လိုအပ်ပါတယ်။တခါတရံပုံမှန်ထက် ပိုလိုအပ်တယ်။ အရင်ကလေးမှာ မွေးရာပါချို့ယွင်းချက်ရှိဖူးရင် ကာကွယ်နိုင်ဖို့ folic acid 5mg လောက် သောက်သုံးသင့်တယ်။ ဒါ့ပြင် အစားရှောင်တတ်သူမှာလည်း အလားတူလိုအပ်တယ်။ ကလေးလိုချင်တဲ့ စုံတွဲတွေမှာ ဖောလစ်အက်ဆစ် ဖြည့်စွက်ဆေး 5mgကို ကြိုတင် သောက်သုံးစေတယ်။ ဆေးပမာဏ အနည်း၊အများ ဆရာဝန်ရဲ့ညွှန်ကြားချက် အတိုင်း လိုအပ်သလို သောက်ပေးနိုင်တယ်။
အိမ်ထောင်မရှိတဲ့ အမျိုးသမီးတွေကော လိုအပ်လား
လိုအပ်ပါတယ်။ ကိုယ်ဝန်အတွက် မဟုတ်ရင်တောင် ရာသီသွေးကြောင့် သွေးအားနည်းရောဂါ ဖြစ်နိုင်သေးတယ်။ ဒါ့ကြောင့် အပျိုဝင်ချိန်ကစပြီး folic acid 400-800mcg နေ့စဉ် လိုအပ်တယ်။ အသက်၅၀အထက် အမျိုးသမီးတွေလည်းfolic acid 400mcgဆက်လက်သောက်သုံးသင့်ပါတယ်။ သတိပြုရမှာက ဖောလစ်ကြောင့် ဘီတွဲနည်းနေတာကို ဖုံးသွားတတ်တယ်။ 
မေးသူအတွက် ဖြေကြားချက်
၁။folic acidကို အမျိုးသားတွေမှာ လိုအပ်သလို နေ့စဉ်သောက်လို့ရပါတယ်။(ဥပမာ သွေးအားနည်းသူ၊ကလေးလိုချင်သူ)
၂။ဆေးပမာဏနည်းရင် ဘေးထွက်ဆိုးကျိုး နည်းပါတယ်။ 400mcgပမာဏလောကိက ပြဿနာမရှိပါ။ (ဒါ့ပြင် ရေမှာပျော်ဝင်တာကြောင့် ပိုလျှံတဲ့ တော်ရုံပမာဏကို ဆီးက စွန့်ထုတ်နိုင်တယ်)
၃။အိမ်ထောင်ကျသူဆိုတဲ့နေရာမှာ အမျိုးသမီးတွေမှာ ပိုလိုအပ်တယ်။ အမျိုးသားတွေလည်း သောက်သုံးနိုင်တယ်။ ကလေးလိုချင်သူ အမျိုးသား၊အမျိုးသမီးတိုင်း သောက်သုံးသင့်တယ်။
၎။အသည်း အဆီဖုံး ဖူးတဲ့သူ၊ အသည်း B positive (အခွံပိုး) ရှိတဲ့သူတွေမှာပါ သောက်လို့ရပါတယ်။ အသည်းအားဆေးအချို့မှာလည်း ပါဝင်တယ်။
၅။ကောင်းကျိုးဆိုးကျိုးကို ရေးထားပြီး ဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top