မတ်လ ၂၆ ရက်နေ့ ညနေပိုင်းက စစ်တွေမြို့မှာ ရုံးစိုက်ထားတဲ့
မာတီဇာအန်ဂျီအိုဝန်ထမ်း အမေရိကန်အမျိုးသမီးတစ်ဦးဟာ
အစိုးရရဲ့သန်းခေါင်စာရင်းကောက်ခံမှုကို သပိတ်မှောက်တဲ့အနေနဲ့ လွှင့်ထူထားတဲ့
ဗုဒ္ဓဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ သာသနာ့အလံကို ဆွဲဖြုတ်ပြီး ထမီကဲ့သို့
တင်ပါးမှာပတ်ကာ မဖွယ်မရာပြုလုပ်ခဲ့တဲ့အတွက် စစ်တွေမြို့ခံ အရေအတွက်
ရာဂဏန်းလောက်ဟာ မာတီဇာအန်ဂျီအိုရုံးကို ၀ိုင်းရံပြီး ဆန္ဒပြခဲ့ကြပါတယ်။
ရဲတပ်ဖွဲ့က ဆန္ဒပြသူတွေကို သေနတ်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါတယ်။
မတ်လ ၂၇ရက်နေ့ နံနက်ပိုင်းမှာတော့ အန်ဂျီအိုတွေကို မကျေနပ်တဲ့
စစ်တွေမြို့ခံတွေဟာ စစ်တွေမြို့တွင်းက အန်ဂျီအိုတွေငှားရမ်းထားတဲ့
အိမ်တွေကို ကျောက်ခဲများနဲ့ ပစ်ပေါက်လို့ အဲဒီအိမ်တွေမှာ
ပျက်စီးထိခိုက်မှုတွေ ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ အစိုးရတာဝန်ရှိသူတွေက
အန်ဂျီအိုဝန်ထမ်းနိုင်ငံခြားသားတွေကို လုံခြုံရေးယူပြီး နေအိမ်တွေကနေ
စစ်တွေဟိုတယ်ကို ခေါ်ထုတ်သွားကြပါတယ်။ အဲဒီအချိန်မှာ ဦးဥတ္တမလမ်းက
ဒုရဲအုပ်အငြိမ်းစား ဦးခင်မောင်ဝင်းရဲ့အိမ်မှာ ငှားရမ်းထားတဲ့ ICRC
(ကမ္ဘာ့ကြက်ခြေနီအဖွဲ့) က ၀န်ထမ်းနိုင်ငံခြားသားတစ်ဦးက အိမ်အပေါ်ထပ်ကနေ
ဆန္ဒပြနေတဲ့လူတွေကို ဓာတ်ပုံလှမ်းရိုက်တာကြောင့် လမ်းပေါ်ကလူတွေက အဲဒီအိမ်ကို
ကျောက်ခဲများနဲ့ ၀ိုင်းပစ်ကြလို့ နေအိမ်ပြတင်းပေါက်များနဲ့
အိမ်ရှေ့မှာရပ်ထားတဲ့ ကားတစ်စီးလည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

တိုက်ခိုက်ခံခဲ့ရတဲ့နေရာ စုစုပေါင်း ၆နေရာရှိတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်အခြေစိုက် အန်ဂျီအိုတွေဟာ တရားမ၀င်ဘင်္ဂလီလူမျိုးတွေကို
တစ်ဖက်သတ်အကူအညီပေးပြီး ရခိုင်ပြည်နယ်တွင်းက အဖြစ်အပျက်တွေကို
မမှန်မကန်သတင်းလွှင့်လေ့ရှိတာကြောင့် ဒေသခံရခိုင်လူမျိုးများနဲ့
တင်းမာမှုတွေဖြစ်ပေါ်ခဲ့တာ တော်တော်ကြာပါပြီ။ အမေရိကန်လွှတ်တော်အမတ်တွေရဲ့
ဘင်္ဂလီအရေးဖိအားပေးတောင်းဆိုမှုတွေ ထွက်ပေါ်လာတဲ့အချိန်မှာ အမေရိကန်နိုင်ငံသား
အန်ဂျီအိုဝန်ထမ်းတစ်ယောက်က လူထုအုံကြွမှုဖြစ်ပွားစေမယ့် လုပ်ရပ်တစ်ခုကို
သိသိကြီးနဲ့ ကျူးလွန်တာဟာ အင်မတန်သံသယဖြစ်စရာ ကောင်းလှပါတယ်။
ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကတော့ အန်ဂျီအိုရုံးတွေကို
ဝိုင်းထားတဲ့ ဆန္ဒပြသူတွေကို လူစုခွဲဖို့ ရဲတပ်ဖွဲ့ကနေ ပစ်ခတ်လိုက်တဲ့
သေနတ်ကျည်ဆန်တစ်ခုဟာ အနီးအနားမှာရှိတဲ့ လူနေအိမ်ထဲက မိန်းခလေးငယ်တစ်ခုကို
ထိမှန်ခဲ့လို့ ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားခဲ့ပါတယ်။ သေနတ်ကျည်ဆန်
ထိမှန်သူမှာ ရွာကြီးတောင်မှ အဘ ဦးတင်မောင် အမိ ဒေါ်ဝင်းမေသိန်းတို့ရဲ့ သမီး
အသက် ၁၁နှစ်အရွယ် မအောင်သိန်းဖြစ်ပြီး အဲဒီဒဏ်ရာနဲ့ပဲ
သေဆုံးသွားခဲ့တယ်လို့ သတင်းရရှိပါတယ်။

ဓာတ်ပုံ-ရိုးမရက္ခ
ရခိုင်ပြည်နယ်မှာ လူထုအုံကြွမှုတွေဖြစ်တဲ့အချိန် အဓိကရုဏ်းနှိမ်နင်းရေး
ရဲတပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက် လူစုခွဲဖို့ ကြိုးစားတဲ့အခါတိုင်းမှာ
မသက်ဆိုင်တဲ့ အပြစ်မဲ့သူတွေကို ထိမှန်ပြီး ဒဏ်ရာရလေ့ရှိပါတယ်။ လူစုခွဲဖို့
သေနတ်ပစ်ဖောက်ခြောက်လှန့်ခြင်းဟာ မိုးပေါ်ထောင်ပစ်တာဖြစ်တဲ့အတွက်
မသက်ဆိုင်တဲ့လူတွေကို ထိမှန်စရာအကြောင်း မရှိပါဘူး။ အမြဲတမ်းလိုလို
လူတွေကိုထိမှန်နေတဲ့အတွက် တာဝန်ရှိရဲတပ်ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေဟာ
ဆန္ဒပြသူဒေသခံတွေရဲ့ ဒေါသကို ရည်ရွယ်ချက်ရှိရှိ ဆွပေးနေသလား သံသယရှိစရာ
ဖြစ်နေပါတယ်။ ခုပုဒ်မ ၁၄၄ ထုတ်ပြန်ထားပေမယ့် အစိုးရရဲ့ အစီအစဉ်ကို
မကျေနပ်လို့ ရခိုင်ပြည်နယ်အတွင်း လာမယ့်
သန်းခေါင်စာရင်းကောက်ခံတဲ့နေ့ရက်မှာလည်း နောက်ဆက်တွဲ အဓိကရုဏ်းတွေ
ထပ်ဖြစ်မယ့် အလားအလာတွေ ရှိနေပါတယ်။

No comments :
Post a Comment