Blogger Widgets

Wednesday, 12 March 2014

2014 MFF ဥက္ကဋ္ဌရွေးကောက်ပွဲနဲ့ မြန်မာ့ဘောလုံးလောက အနာဂတ်

လာမယ့် ၂၀၁၅ ခုနှစ်မှာ အသက် ၁၈ နှစ်နဲ့အထက် နိုင်ငံသားတိုင်းကိုယ်တိုင် ကိုယ်ကျ ပါဝင်ဆင်နွဲရမယ့် ဒီမိုကရေစီ ရွေးကောက်ပွဲ (Election) တစ်ခုကို မြန်မာတစ်နိုင်ငံလုံးမှာ ၀ှဲချီးကျင်းပမှာပါ။ အဲဒီ အခါကျရင် နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်ရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးကအစ ပြည်သူတွေရဲ့ လှုမှုစီးပွားဘ၀တွေနဲ့ နိုင်ငံရဲ့ အခွင့်အာဏာသုံးရပ်ကို စီမံခန့်ခွဲဖို့ တာဝန်ယူဖြေရှင်းပေးနိုင်တဲ့ လူပုဂ္ဂိုလ် ဒါမှမဟုတ် ပါတီအဖွဲ့ အစည်းတစ်ခုကို ပြည်သူတွေစိတ်တိုင်းကျ ရွေးကောက်တင်မြှောက်ခွင့်ရှိတဲ့ နိုင်ငံရဲ့အမြင့်ဆုံးရွေးကောက် ပွဲ ဖြစ်ပါတယ်။ဒါပေမဲ့ အဲဒီ ရွေးကောက်ပွဲကြီး မကျင်းပခင် ၂၀၁၄ ခုနှစ်၊ ဧပြီလထဲမှာ အားကစားအဖွဲ့ အစည်းတစ်ခုရဲ့ ဥက္ကဋ္ဌ(Chairman) နေရာ ရွေးကောက်ပွဲတစ်ခုကို ကျင်းပဖို့ ရှိနေပါတယ်။
အဲဒီရွေးကောက်ပွဲက မြန်မာနိုင်ငံ အားကစားလောကမှာ အထင်ရှားဆုံးနဲ့ အင်အား အတောင့်တင်းဆုံး၊ ပရိသတ်စိတ်ဝင်စားမှု အများဆုံး အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချူပ် (MFF) ဥက္ကဋ္ဌ နေရာရွေးကောက်ပွဲ ဖြစ်ပါတယ်။ မြန်မာ့နှစ်ကူး မဟာသင်္ကြန်ကာလအပြီးမှာ ကျင်းပမယ့် ဘောလုံးအဖွဲ့ ချုပ် ဥက္ကဋ္ဌနေရာကို ယှဉ်ပြိုင်အရွေးခံချင်တဲ့ ဘယ်လိုပုဂ္ဂိုလ်မျိုးမဆို ဖိတ်ခေါ်ပါတယ်ဆိုတဲ့ လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်ရဲ့ကမ်းလှမ်းချက် စကားကို ပြည်တွင်းပြည်ပ မီဒီယာတွေ၊ အင်တာဗျူး အစီအစဉ်တွေမှာ ထုတ်ဖော်ပြောဆိုထားတာတော့ ရှိပါတယ်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနေရာနဲ့ပတ်သက်ပြီး ကျွန်တော်နဲ့ ယှဉ်ပြိုင် အရွေးခံမယ့် ဘယ်လို လူပုဂ္ဂိုလ်မျိုးမဆို လာရောက်အရွေးခံဖို့ ဖိတ်ခေါ်ချင်ပါတယ်။ ဒါပေမဲ့ ယှဉ်ပြိုင်အရွေးခံမယ့် ပုဂ်္ဂိုလ်အနေနဲ့ မြန်မာ့ဘောလုံးတိုးတက်ရေးကို အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ဖို့တော့ လိုအပ်ပါတယ်။
ကျွန်တော့်အနေနဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌနေရာ စတင်တာဝန်ယူစဉ်ကတည်းက ကျွန်တော့် ကိုယ်ကျိုးအတွက် ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော့်အနေနဲ့ ငွေလိုချင်ရင် ငွေရနိုင်တဲ့ အခြားစီးပွားရေးလုပ်ငန်းတစ်ခု ကို လုပ်မှာပါ။ ဒီအလုပ်ကို နိုင်ငံချစ်စိတ် တစ်ခုတည်းနဲ့ လုပ်ခဲ့တာပါ။ အဖွဲ့ချုပ်အနေ နဲ့ရေရှည်ရပ်တည်နိုင်ဖို့ ငွေကြေး လိုအပ် ပါတယ်။ ဖီဖာကပေးအပ်တဲ့ ထောက်ပံ့ငွေ နဲ့ စပွန်ဆာတွေဆီကရတဲ့ ၀င်ငွေတွေ ရှိပေ မယ့် တစ်နှစ်မှာ နိုင်ငံတကာပြိုင်ပွဲတွေ ယှဉ် ပြိုင်ကစားဖို့ လက်ရွေးစင်အသင်း ခြောက် သင်းအတွက် မလုံလောက်ပါဘူး။ ဒါကြောင့် ကျွန်တော့်ရဲ့ ကိုယ်ပိုင်ငွေကြေးတချို့ကို စိုက်ထုတ်သုံးစွဲနေရပါတယ်။ ကျွန်တော် သာငွေလိုချင်ရင် အခြားစီးပွားရေးလုပ်ငန်း တစ်ခုကို လုပ်မှာပါဆိုပြီး ၂၀၁၃ ခုနှစ်၊ ဂျူလိုင် လထဲတုန်းက အာဆီယံဘောလုံးအဖွဲ့ချုပ် (AFF) ၀က်ဘ်ဆိုဒ်မှ ယခုလိုပဲ ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
ဦးဇော်ဇော်အနေနဲ့ ယခုလို ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် မြန်မာနိုင်ငံဘောလုံးဖွဲ့ချုပ်ဥက္ကဋ္ဌ နေရာကို ၀င်ရောက်အရွေးခံမယ့် ပုဂ္ဂိုလ်အမည်နာမကတော့ ယခုအချိန်အထိ ထွက်ပေါ်လာခြင်း မရှိသေး ပါဘူး။ မြန်မာနိုင်ငံမှာ လူသိထင်ရှားပြီး အားကစားကဏ္ဍနဲ့ စီးပွားရေးကဏ္ဍတွေ မှာ ပြည်တွင်းပြည်ပ ပေါက်ရောက်တဲ့ အထင်ကရပုဂ္ဂိုလ် (Stakeholders) တွေ ရှိနေပါတယ်။ ဒါပေမဲ့ အဖွဲ့ချုပ်ဥက္ကဋ္ဌနေရာကို ၀င်ရောက်အရွေးခံဖို့ စိတ်ဝင်စားမှု လျှော့နည်းနေခြင်းဟာ ဦးဇော်ဇော်အတွက် MFF ဥက္ကဋ္ဌနေရာကို ပြိုင် ဘက်မရှိ ဆက်လက်တာဝန်ထမ်းဆောင်ဖို့ အကောင်းဆုံး အခွင့်အရေးတစ်ခုအဖြစ် သုံးသပ်ရမှာ ဖြစ်ပါ တယ်။
အထူးသဖြင့် မြန်မာနိုင်ငံ ဘောလုံးလောကကို ဦးဆောင်မောင်းနှင်ရမယ့် လူပုဂ္ဂိုလ်တစ်ဦးအတွက် ငွေ ကြေးစိုက်ထုတ် သုံစွဲနိုင်ရုံနဲ့ အလုပ်တာဝန်တွေက ပြီးဆုံး သွားမှာ မဟုတ်ပါဘူး။ မြန်မာ့ပညာရေး လော ကလမှာ အနန်္တဂိုဏ်းဝင်ဆရာတွေအပေါ် အရည်အချင်းစံသတ်မှတ်ချက်ကို ၀ါသနာ၊ အနစ်နာ၊ စေတနာ ဆိုတဲ့ နာသုံးနာနဲ့ အစဉ်အဆက် အကဲဖြတ်ခဲ့ကြသလို မြန်မာ့ဘောလုံးလောကရဲ့ ပဲ့ကိုင်မာလိန်မှူး တစ် ယောက်အတွက်လည်း နာသုံးနာအပြင် တာဝန်ခံမှု။ တာဝန်ယူမှု၊ စိတ်ရှည်သည်းခံမှု၊ လိုက်လျောညီထွေ ရှိတဲ့ ဆက်ဆံရေးအခြေအနေ တစ်ရပ် တည်ဆောက်ထားနိုင်မှုစတဲ့ ကိုယ်ရည်ကိုယ်သွေးပိုင်းဆိုင်ရာတွေ လည်း လိုအပ်ပါ တယ်။ ဒါ့ပြင် မြားမြောင်လှတဲ့ လုပ်ငန်း တာဝန်တွေအပြင် မြန်မာ့ဘောလုံးလောကကို ပြုပြင်ပြောင်းလဲပေးလိုတဲ့ စိတ်အခံနဲ့အတူ နိုင်ငံနဲ့လူမျိုးရဲ့ဂုဏ်သိက်္ခာတွေပါ ထမ်းပိုးထားရတဲ့ အခြေအနေ က တော်ရုံလူ လုပ်ဖို့မလွယ်ကူတဲ့ အခြေအနေအဖြစ် အရှိအတိုင်း သုံးသပ်ရပါတယ်။
လက်ရှိဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ဝန်းကျင် ၂၀၀၅ ခုနှစ်က စတင်ပြီး ဦးဝင်းအောင်လက် ထဲကနေ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌနေရာကို လွှဲပြောင်းရယူခဲ့ပါတယ်။ အခုဆိုရင် ဦးဇော်ဇော်အနေနဲ့ မြန်မာ ဘောလုံးလောကကို မောင်းနှင်ခဲ့တာ ဆယ်နှစ်ဆိုတဲ့ အချိန်ကာလတစ်ခုကို လွန်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်ကနေ လက်ရှိ ၂၀၁၄ ခုနှစ်အထိ နှစ်ပေါင်း ၅၀ ကျော်အတွင်း (၁၉) ယောက်မြောက်ဥက္ကဋ္ဌ အဖြစ် မြန်မာနိုင်ငံ ဘောလုံးလောကနဲ့ ဘောလုံးအဖွဲ့ချုပ်ကို ဦးဆောင်ခဲ့တဲ့ ဦးဇော်ဇော်ဟာ ပြည်တွင်း ပြည်ပ ထင်ရှားကျော်ကြားတဲ့ စွန်ဦးတီထွင် စီးပွားရေးသမားတစ်ဦး ဖြစ်သလို၊ အဘက်ဘက်နိမ့်ကျနေခဲ့ တဲ့ မြန်မာ့ ဘောလုံးလောကကို သူ့ရဲ့ ပါဝင်ပတ်သက်မှု နဲ့ အစွမ်းကုန် မြှင့်တင်ပေးခဲ့သူလည်း ဖြစ်ပါ တယ်။
၂၀၀၅ ခုနှစ်မတိုင်ခင် ရှေ့ပိုင်းကာလတွေမှာ မြန်မာ့ဘောလုံးလောကရဲ့ အဆင့်အတန်းနဲ့ အနေအထား ဟာ နိုင်ငံတကာ ဘောလုံးလောကမှာ ဘယ်သူမှ အဖက်မလုပ်ချင်တဲ့ အထီးကျန်အဖွဲ့ချုပ်တစ်ခု အဖြစ် ရပ်တည်ခဲ့ရတာပါ။ နိုင်ငံတကာပြိုင် ပွဲတွေမှာ ပြိုင်ဘက်အသင်းတွေရဲ့ လေးစားမှု ကင်းမဲ့တဲ့လုပ်ရပ်တွေ၊ ဒိုင်တွေရဲ့ မမျှတတဲ့ ဆုံးဖြတ်ချက်တွေ၊ ဘ၀တူ အဖွဲ့ဝင်နိုင်ငံတွေ ရဲ့ စွန့်ပစ်ဝိုင်းပယ်မှုတွေကို ခါးစည်းခံခဲ့ ရတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီနေ့ ဒီအချိန်အခါမှာတော့ အဲဒီလို အခြေအနေ တွေကနေ မိုးနဲ့ မြေလို ပြောင်းပြန်လှန်ပစ်နိုင်ခဲ့ပြီလို့ ဆိုရမှာပါ။ အာဆီယံဒေသတွင်း အရှေ့တောင်အာရှ ဘောလုံးအဖွဲ့ ချုပ် (AFF) မှာ တက်ကြွတဲ့အဖွဲ့ဝင်နိုင်ငံတစ်ခု အဖြစ် အားကောင်းခိုင်မာစွာ ရပ်တည်နေနိုင်ပြီ ဖြစ်သလို၊ အာရှဘောလုံးအဖွဲ့ချူပ် (AFC)၊ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) စတဲ့ နိုင်ငံတကာ ဘောလုံးအဖွဲ့ချူပ်ကြီး တွေမှာလည်း ထိုက်တန်တဲ့ နေရာတစ်ခုကို အရယူထားနိုင်ခဲ့ပြီ ဖြစ်ပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံ ဘောလုံးဖွံ့ဖြိုးတိုးတက်ရေးအတွက် နှစ်ပေါင်းတစ်ရာကျော် အပျော်တမ်းစနစ်နဲ့ နှစ်ပါး သွားနေခဲ့တဲ့ မြန်မာ့ဘောလုံးလောကကို ပရိုဖက်ရှင်နယ် ဆုကြေးစားဘောလုံးလောကအဖြစ် ၂၀၀၉ ခု နှစ်မှာ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲကို စတင် ကျင်းပပေးနိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အမျိုးသမီး လိဂ်ပြိုင်ပွဲ ကျင်းပနိုင်ဖို့ ပဏာမညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်နေတယ်လို့လည်း သိရပါတယ်။အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ဟာ အာဆီယံဘောလုံးအဖွဲ့ချုပ်မှာ အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သလို၊ အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ အမှုဆောင်ကော်မတီဝင် တစ်ဦးအဖြစ်လည်း တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။ ဒါ့ပြင် အာရှဘောလုံး အဖွဲ့ချုပ်ရဲ့ အမြဲတမ်းကော်မတီနဲ့ AFC လူငယ်ပြိုင်ပွဲများ ကျင်းပရေး ကော်မတီတိုရဲ့ ဥက္ကဋ္ဌ တစ်ဦးအဖြစ်လည်း သူရဲ့ ရပ်တည်မှုကို သူကိုယ်တိုင်ရယူထားနိုင်တဲ့ သူလည်း ဖြစ်ပါတယ်။
ဦးဇော်ဇော်ရဲ့ ထူးခြားတဲ့ ကိုယ်ရည်ကိုယ်သွေးထဲမှာ နိုင်ငံတကာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌတွေ၊ အဖွဲ့ ၀င်နိုင်ငံတွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး (pR) တစ်ရပ်ထူထောင်ထားနိုင်မှုဟာ အထင်ရှားဆုံး ဖြစ်ပါ တယ်။ ဒီလို ကောင်းမွန်တဲ့ ဆက်ဆံရေးတွေကြောင့်လည်း မြန်မာ့ ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံတကာ အဆင့် ပါဝင်ပတ်သက်မှုဟာ အချိန်တိုအတွင်း ယခုလို ယုံကြည်ကိုးစားမှုခံရခြင်းလည်း ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဟာ ဖီဖာက ပေးအပ်တဲ့ ဂိုးစီမံကိန်း (Goal project) အဆင့် (၄) အထိ ရယူထား နိုင်တဲ့ အာရှ ဘောလုံးအဖွဲ့ချုပ်ဝင် နိုင်ငံတွေထဲက တစ်ခုတည်းသော ဘောလုံးအဖွဲ့ချုပ်အဖြစ် မှတ်တမ်း ၀င်ခဲ့ပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်၊ ဧပြီလအတွင်းမှာ အာဆီယံ ဘောလုံးအဖွဲ့ချုပ်က ပေးအပ်ချီး မြှင့်တဲ့ တစ်နှစ်စာ အကောင်းဆုံး ဘောလုံးအဖွဲ့ချုပ်ဆု (A Year of Association Award) ကိုရရှိခဲ့သလို အဲ့ဒီနှစ် နိုင်ဝင်ဘာလထဲမှာ အာရှဘောလုံးအဖွဲ့ချုပ်က အဖွဲ့ဝင်နိုင်ငံတွေ ကြား ဂုဏ်သိက္ခာအရ ပေးအပ် တဲ့ လှုမှုရေးထူးချွန်ဆု (AFC Dream Asia Award) ဆုကိုလည်း ထိုက်ထိုက်တန်တန် ရယူနိုင်ခဲ့ပါတယ်။
 ဒီလို ချန်ပီယံဆုဖလားမဟုတ်တဲ့ သီးခြား ဆုတွေရရှိခဲ့မှုဟာ ၁၉၇၂ ခုနှစ် ဂျာမနီ နိုင်ငံမြူးနစ် အိုလံပစ်မှာ ရရှိခဲ့တဲ့ အသန့်ရှင်းဆုံးဆု (Fair-Play Award) နောက်ပိုင်း နှစ်ပေါင်း ၄၀ ကျော်မှာ ပြန်လည်ရရှိခဲ့တဲ့ ဆုတံဆိပ်တွေ ဖြစ်ပါတယ်။တစ်နည်းအားဖြင့် မြန်မာ့ဘောလုံးလောက နဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချူပ် အပြင် ပရိသတ်တွေအတွက် နိုင်ငံတကာစင်မြင့် မှာ ဂုဏ်သိက္ခာပိုင်းအရ ကြီးမားတဲ့ အောင် မြင်မှုတွေ အဖြစ် ရည်ညွန်းနိုင်ပါတယ်။
ဒါပေမဲ့ ဘယ်လို လူပုဂ်္ဂိုလ်မျိုးမဆို ကောင်းကွက်တစ်ရာ ရှိစေကာမူ ဆိုးကွက်တစ်ခု ပါစမြဲဆိုတဲ့ စကား အတိုင်း ဦးဇော်ဇော်ဆီမှာလည်း အားနည်းချက်တချို့တလေ ရှိနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ အထူး သဖြင့် ဥက္ကဋ္ဌဦးဇော်ဇော်အနေနဲ့ အောက်လက်ငယ်သားတွေနဲ့ လုပ်ဖော်ကိုင်ဖက်တွေအပေါ်မှာ လွန်စွာ သဘောထားကောင်းမွန်တာကို မီဒီယာတွေ ဝေဖန်ထောက်ပြကြတဲ့ အချက် ဖြစ်ပါတယ်။
စိတ်သဘောထား ကောင်းမွန်မှုဟာ လူတိုင်းမှာ မရှိနိုင်တဲ့ ကြီးမြတ်တဲ့ လူကြီးလူကောင်းဆန်မှုအဖြစ် အသိအမှတ်ပြုရမှာဖြစ်ပေမယ့် တချို့ကိစ္စတွေမှာ လူအများစုနဲ့ ဆန့်ကျင်ဘက် ဖြစ်သွားနိုင်တယ်ဆိုရင် တော့ စဉ်းစားသုံးသပ်သင့်တဲ့ အချက်တစ်ခုလို့ ပြောရမှာပါ။
ဒါ့ပြင် ဦးဇော်ဇော် တာဝန်ယူပြီးချိန်ကစပြီး လက်ရှိ ၂၀၁၄ နှစ်အထိ သက်တမ်းအလိုက် လက်ရွေးစင် အသင်းတွေ အပါအ၀င် အမျိုးသားအမျိုးသမီး လက်ရွေးစင် အသင်းကြီးတွေဟာ နိုင်ငံတကာ ပြိုင်ပွဲများ စွာ၊ ခြေစစ်ပွဲ၊ ခြေစမ်းပွဲ၊ များစွာ၊ ပြိုင်ပွဲ ပေါင်းများစွာကို ၀င်ရောက် ယှဉ်ပြိုင်ခဲ့ပါ တယ်။ ဒါပေမဲ့ ၀င်ရောက်ယှဉ် ပြိုင်တဲ့ ပြိုင်ပွဲတွေများသလောက် အဓိက ချန်ပီယံ ဆုဖလားတွေကိုတော့ လောက်လောက် လားလား ရ ယူထားနိုင်ခဲ့ခြင်း မရှိပါဘူး။အထူးသဖြင့် အာဆီယံဒေသတွင်းမှာ အ့မြင့်ဆုံးချန်ပီယံရွေးချယ်တဲ့ င်္ဗင်္ ဆူဇူး ကီးဖလား၊ ဆီးဂိမ်းပြိုင်ပွဲစတဲ့ အထင်ကရ ပြိုင်ပွဲတွေမှာ မြန်မာ့လက်ရွေးစင်အသင်း တွေဟာ အခုချိန်ထိ ချန်ပီယံဆုဖလား ရ ယူထားနိုင်ခဲ့ခြင်း မရှိသေးပါဘူး။ ပြောရရင် ချန်ပီယံဆုဖလား ရဖို့နေနေသာသာအုပ်စု တွင်းမှာ အရှက်တကွဲ မရှုံးနိမ့်အောင်တောင် မနည်းကြိုးစားနေရတဲ့ အနေအထားတစ်ခုကို ရောက်ရှိနေ တာ နှစ်အလိုက်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ လက်ရွေးစင်အသင်း မှတ်တမ်းတွေက သက်သေခံလျက် ရှိပါ တယ်။
ဒီအထဲမှာ ပြီးခဲ့တဲ့ ၂၀၁၃ အိမ်ရှင်ဆီးဂိမ်း ကျင်းပစဉ်က မရှုမလှကျရှုံးခဲ့ရတဲ့ ယူ-၂၃ လက်ရွေးစင်အသင်း နဲ့ပတ်သက်ပြိး ပြည်သူတွေ (၀ါ) ပရိသတ်တွေအနေနဲ့ ထိခိုက်နာကျင်ခဲ့ရတဲ့ရှုံးနိမ့်မှုက မြန်မာနိုင်ငံဘော လုံး အသင်းများရှုံးနိမ့်မှုမှတ်တမ်းမှာ အဆိုးရွား ဆုံးရှုံးနိမ့်မှုအဖြစ် မှတ်တမ်းတင်လောက်အောင် ဖြစ်ခဲ့ရပါ တယ်။
ဒီလိုသမိုင်းဝင်ရှုံးနိမ့်မှုမှာ ယူ ၂၃ လက် ရွေးစင်အသင်း နည်းပြနဲ့ အဖွဲ့ဝင်တွေ၊ သက်ဆိုင်ရာ ကစားသမား တွေက ဘာအသံမှမထွက်ဘဲ ရေငုံနှုတ်ပိတ်နေခဲ့ချိန် မှာ ဦးဇော်ဇော်က သူ့ကြောင့်အခုလိုဖြစ်ရ တာပါလို့ ၀န်ခံခဲ့မှုဟာ မြန်မာဘောလုံး ပရိသတ်တွေအတွက် အကောင်းဆုံးနှစ်သိမ့် စကားတစ်ခွန်းတော့ မဖြစ်ခဲ့ပါ ဘူး။ တစ်ချိန်တည်းမှာ နိုင်ငံတကာအဆင့်မှာ ကောင်းမွန်တဲ့ ပုံရိပ်တစ်ခုကို တည်ဆောက် နိုင်ခဲ့ပေမဲ့ ပြည် တွင်းမှာတော့ မြန်မာဘောလုံးပရိသတ်တွေရဲ့ ယုံကြည်မှုရေချိန်က အတိုင်းအတာတစ်ခုထိ ကျဆင်းသွား ခဲ့ပါ တယ်။ ဒါဟာ ဦးဇော်ဇော်ရဲ့အောက်လက် ငယ်သားတွေအပေါ် အလွန်အကျူး အကာအကွယ်ပေးမှု နဲ့ ပရိသတ်တွေဆန္ဒကို မျက်ကွယ်ပြုခဲ့ခြင်းလို့ ဆိုနိုင်ပါတယ်။
မည်သို့ပင်ဆိုစေ လက်ရှိဥက်္ကဋ္ဌ ဦးဇော်ဇော်အနေနဲ့ အလုပ်တာဝန်ဝတ္တရားတွေကို တက်ကြွစွာဆောင်ရွက်နေသလို မြန်မာဘောလုံးလောကနဲ့ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်ကလည်း ပုံမှန်အတိုင်း လည်ပတ်နေဆဲ ဖြစ်ပါတယ်။ လာမဲ့ဧပြီလအတွင်းမှာ အဖွဲ့ချုပ်ဥက္ကဋ္ဌနေရာအတွက် ရွေးကောက်ခံ ဥက္ကဋ္ဌလောင်းတစ် ဦး ပေါ်ပေါက် လာခဲ့ရင်တော့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ရှိတဲ့မဲတစ်ပြားနဲ့ မြန်မာဘောလုံလောကကို ပဲ့ကိုင်မောင်းနှင်မဲ့ လူတစ်ဦးကို ရွေး ချယ်ကြပါလိမ့်မယ်။ သို့တည်းမဟုတ်ရင်တာ့ လက်ရှိဥက္ကဋ္ဌဦးဇော် ဇော်သာ အဖွဲ့ချုပ်ဥက္ကဋ္ဌနေရာကို ပြိုင်ဘက်မရှိ ဆက်လက်ထမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ ကြောင့် ဆယ်စုနှစ်အလွန် မြန်မာ့ဘောလုံး လောကရဲ့ နောက်ထပ် ဆယ်စုနှစ်ကာလရဲ့ အနာဂတ်မျှော်မှန်းချက် မှာ မြန်မာဘော လုံးပရိသတ်တွေအတွက် ချန်ပီယံဆုဖလား တွေ ရယူပေးနိုင်မဲ့ ဥက္ကဋ္ဌတစ်ဦး ဖြစ်ပါစေ လို့တော့ မျှော်လင့်နေမိပါကြောင်း။

No comments :

Post a Comment

Blogger Widgets
Back to Top