Blogger Widgets

Tuesday, 17 December 2013

မြန်မာနဲ့ အင်ဒိုအုပ်စု နောက်ဆုံးပွဲ ရုန်းရင်းဆန်ခက်ဖြစ်

ရန်ကုန်မြို့  ​သုဝဏ္ဏ ​ဘောလုံးကွင်းမှာ ​မနေ့တုန်းက ​ကျင်းပခဲ့တဲ့ ​၂၇ ​ကြိမ်မြောက် ​အရှေ့တောင်အာရှ ​ဆီးဂိမ်း ​ပြိုင်ပွဲရဲ့ ​အမျိုးသားဘောလုံးပွဲစဉ်တွေထဲက ​မြန်မာအသင်းနဲ့ ​အင်ဒိုနီးရှားအသင်းတို့ရဲ့ ​အုပ်စုနောက်ဆုံးပွဲစဉ်အပြီးမှာ ​ပရိတ်သတ်တွေနဲ့ ​လုံခြုံရေးတွေအကြား ​ရုန်းရင်းဆန်ခတ် ​ဖြစ်ပွားခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ ​အိမ်ရှင် ​မြန်မာအသင်းက ​အင်ဒိုနီးရှားအသင်းကို ​၁ ​ဂိုး၊ ​ဂိုးမရှိနဲ့ ​ရှုံးနိမ့်ခဲ့ပြီး ​ဆီမီးဖိုင်နယ်နဲ့ ​လွဲချော်ခဲ့ရတာကြောင့် ​ပရိတ်သတ်တွေအနေနဲ့ ​မကျေမနပ်ဖြစ်ပွားခဲ့ပြီး ​ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြတာပါ။ ​ဒီလို ​ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့တာနဲ့ ​ပါတ်သက်ပြီး ​အဲဒီပွဲစဉ်ကို ​သွားရောက်ကြည့်ရှုခဲ့တဲ့ ​ပရိတ်သတ်တစ်ဦးက ​အခုလို ​ပြောပြပါတယ်။
“မြန်မာဘက်က ​အနီကတ်ပြတဲ့အချိန်မှာ ​ခုံက ​အရင်စချိုးချ၊ ​စချိုးပြီးတော့ ​အဲဒီမှာ ​ခုံတွေချိုး၊ ​ချိုးပြီးတော့ ​နောက်ကျတော့ ​သူတို့ ​ကွင်းထဲမှာ ​နည်းနည်း ​သောင်းကျန်းကျတာပေါ့နော်။ ​ကွင်းထဲ ​လူတစ်ယောက်ဝင်လာသေးတယ်။ ​လူတစ်ယောက်ဝင်လာပြီး ​အဲဒီလူတစ်ယောက်လည်း ​ဆွဲထုတ်သွားတယ်။ ​ပြီးတော့ ​အခု ​ကွင်းပြင်မှာ ​ကျတော့ ​သူတို့ ​မြန်မာ ​တံဆိတ်တွေ ​ဘာညာကို ​မီးရှို့ ​ပြီးတော့ ​အရှေ့မှာ ​ရှိတဲ့ ​မြန်မာအသင်း ​ဘေဘုတ်ကြီးပေါ့နော်။ ​အဲဒါကို ​အခုရိုက်ချိုးကျတာပေါ့။ ​ကွင်းရှေ့မှာ ​မြန်မာနိုင်ပြီလို့ ​ဘာတို့ ​စာတန်းလေးတွေရှိတဲ့ ​ဥစ္စာလေးတွေလေ ​အဲဒါတွေကို ​သူတို့ ​မြန်မာနိုင်ရမည်တို့ဘာတို့ကို ​သူတို့မီးရှို့တယ်။”
ဆက်လက်ပြီး ​သုဝဏ္ဏကွင်းအဝင်ဝမှာ ​မြန်မာအသင်း ​အင်္ကျီတွေကို ​မီးရှို့တဲ့အထိ ​ဖြစ်ပွားခဲ့သေးတယ်လို့လည်း ​ပွဲကြည့် ​ပရိတ်သတ် ​အချို့က ​ဆိုပါတယ်။ ​ပရိတ်သတ်တွေအနေနဲ့ ​အခုလို ​မကျေမနပ်ဖြစ်တာတွေဟာ ​ဒိုင်လူကြီး ​ကိုင်တွယ်ပုံ ​ညံ့ဖျင်းတာကြောင့် ​ဖြစ်တယ်လို့ ​ပွဲကြည့် ​ပရိတ်သတ်တစ်ဦးဖြစ်တဲ့ ​သာကေတ ​မြို့နယ်တွင်းနေထိုင်သူ ​ကိုမင်းသွေးက ​ပြောပါတယ်။
“သူတို့ ​ဖြစ်တဲ့ ​ပုံစံက ​ဒီဒိုင်လူကြီး ​ကိုင်တွယ်ပုံ ​ညံ့ဖျင်းတာလဲ ​ပါတယ်။ ​နောက်ပြီးတော့ ​ကစားသမားတွေလည်း ​ညံ့ပါတယ်။ ​ကစားသမားတွေ ​ညံ့တယ်ဆိုတာ ​နှစ်ဖက် ​စလုံး ​ကစားသမားတွေ ​ညံ့တာ၊ ​ဗမာ ​ကစားသမားတွေကလည်း ​ကြည့်မကောင်းဘူး၊ ​ဟိုဘက် ​အင်ဒိုနီးရှားကလည်း ​အားကစား ​စိတ်ဓါတ်သိပ်မရှိဘူး၊ ​သူတို့က ​နည်းနည်းထိတာနဲ့ ​ပစ်လှဲတာတို့ ​အဲဒီလို ​ဖောင်းဘော ​ယူတာ ​များတယ်။ ​အဲဒီလို ​တမင်လုပ်တဲ့ ​ပုံစံများလာတော့ ​ပရိတ်သတ် ​ပေါက်ကွဲသွားတာပေါ့။”
လုံခြုံရေး ​အရာရှိတွေအနေနဲ့ ​ကွင်းထဲကို ​ဝင်ရောက်လာတဲ့ ​ပရိတ်သက်အချို့ကို ​အရေးယူထားတယ်လို့လည်း ​ဆိုပါတယ်။ ​တစ်ဆက်တည်းမှာပဲ ​မြန်မာပွဲစဉ်တွေအတွက် ​ဘောလုံးပွဲ ​လက်မှတ်ရောင်းချတဲ့နေရာမှာ ​မှောင်ခိုဈေးကွက်ကို ​မထိမ်းချုပ်နိုင်တာကြောင့် ​ရိုးရိုးတန်း ​လက်မှတ်အတွက် ​အရင်က ​ကျပ်နှစ်ထောင်ပေးခဲ့ရပေမယ့် ​မှောင်ခိုဈေးကွက်မှာ ​တော့ ​ကျပ် ​၅ ​သောင်း ​ဝန်းကျင်ထိ ​ပေါက်ဈေး ​ရှိခဲ့တယ်လို့ ​သိရပါတယ်။
မြန်မာ ​အသင်းနဲ့ ​အင်ဒိုနီးရှား ​အသင်းပွဲစဉ်ကို ​ပွဲကြည့်ပရိတ်သတ်ပေါင်း ​သုံးသောင်းကျော် ​ကြည့်ရှုခဲ့ပြီး ​မြန်မာအသင်း ​ရှုံးနိမ့်ခဲ့တာကြောင့် ​ထိုင်းအသင်းနဲ့ ​အင်ဒိုနီးရှား ​အသင်းက ​တော့ ​ဆီးမီးဖိုင်နယ်ကို ​တက်ရောက်သွားပြီဖြစ်ပါတယ်။
ဆီးဂိမ်းဘောလုံးပြိုင်ပွဲအတွင်း ​မြန်မာပရိသတ်တွေနဲ့ ​လုံခြုံရေးတွေကြား ​ရုန်းရင်းဆန်ခမှု ​ဖြစ်ခဲ့တဲ့အကြောင်း ​ရေဒီယို ​သြစတြေးလျ ​သတင်းထောက် ​စူးရှက ​ပေးပို့ထားတာ ​ဖြစ်ပါတယ်။

No comments :

Post a Comment

Blogger Widgets
Back to Top