ကျောက်ဖြူမြို့ရှိ ဗလီ တစ်လုံးအား
တိုက်ခိုက် ဖြိုဖျက်မူနှင့် ပတ်သက်ပြီး ပါဝင်သူများဟု သံသယ ဖြစ်ခံရသူ (၃)
ဦးကို ရဲက ဖမ်းဆီးလိုက်သည်ဟု သတင်း ရရှိသည်။
ထိုသို့ သို့ ဖမ်းဆီးလိုက်သည်ကို
ကျောက်ဖြူရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးက အတည်ပြု ပြောကြားသော်လည်း
ဖမ်းဆီးခံရသူများ၏ အမည်နှင့် နေရပ်လိပ်စာကိုမူ ပြောဆိုရန် ငြင်းဆိုသည်။
“ သုံးဦး ဖမ်းတယ်ခင်ဗျား။ ကျွန်တော်က ဒီအမူကို ကိုင်ထားတဲ့ လူ မဟုတ်တဲ့ အတွက် ဘယ်သူတွေလည်းဆိုတာ ပြောပိုင်ခွင့် မရှိပါဘူး” ဟု ၎င်းရဲအရာရှိက ဆိုသည်။
ကျောက်ဖြူမြို့တွင် လွန်ခဲ့သော နိုဝင်္ဘာလ ၁၈
ရက်နေ့ ညနေက သဗ္ဗာန်ချောင်းရပ်ကွက်ရှိ အစောင့်အရှောက် မရှိသော ဗလီ
တစ်လုံးအား အမည်မသိသူ တစ်စုမှ ၀င်ရောက်ဖြိုဖျက်ခဲ့ကြောင်း၊ သို့အတွက်
ဗလီမှာ အနည်းငယ် ထိခိုက်ခဲ့ကြောင်း၊ ၎င်းနောက်ပိုင်းတွင် ပါဝင် ပတ်သက်သူများဟု
သံသယ ရှိသူများကို ရဲက ဖမ်းဆီးခဲ့ကြောင်း ကျောက်ဖြူ ဒေသခံ တစ်ဦးက
ပြောသည်။
“ ဘေးက
အဖီထိုးချထားတဲ့ ၀ါးကွပ်ပျစ်တွေ ပြိုကျသွားတယ်လို့ ကြားရပါတယ်။
သိပ်များများစားစားတော့ မဟုတ်ဘူးလို့ သိရတယ်။ ဖြစ်တာက ဒုက္ခသည် စခန်းက
မွတ်ဆလင်တွေက အဲဒီ ဗလီမှာ ၀တ်ပြုခွင့် တောင်းတယ်လို့ သတင်းတွေ ထွက်လာတယ်။
သူတို့ကို မြို့တွင်းထဲကို ၀င်ခွင့်ပြုရင် မီးရှို့ တိုက်ခိုက်မူတွေ
ထပ်ဖြစ်မယ် ဆိုပီး သူတို့ မ၀င်ရအောင် လူတစ်စုက သွားဖျက်ကြတယ်လို့
ကြားရပါတယ်” ဟု ယင်းက ဆိုသည်။
၎င်းဗလီမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ အတွင်းက
ဖြစ်ပွားခဲ့သော ပဋိပက္ခနောက်ပိုင်း ကျောက်ဖြူမြို့ သဗ္ဗာန်ချောင်း
ရပ်ကွက်တွင် ကျန်ရှိခဲ့ကြောင်း၊ တနှစ်နီးပါး ရဲက တာဝန်ယူ
စောင့်ရှောက်ခဲ့သော်လည်း လွန်ခဲ့သောလက အစောင့်အရှောက်များကို
ရုတ်သိမ်းသွားခဲ့ကြောင်း၊ တစ်လကျော် အစောင့်အရှောက် မရှိဘဲ ရှိနေခဲ့ရာမှ
ယခုလတွင် ထပ်မံ တိုက်ခိုက်မူ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ဖမ်းဆီင်္းခံရသူ (၃) ဦးနှင့် ပတ်သက်ပြီး
ကျောက်ဖြူမြို့မှ လူမူရေး လူပ်ရှား ဆောင်ရွက်နေသူ ဦးသန္တာမောင်အား နိရဉ္စရာက
ဆက်သွယ် မေးကြည့်ရာ ဖမ်းဆီးခံရသူ (၃) ဦး ရှိသည်မှာ ဟုတ်မှန်ကြောင်း၊
သူတို့အထဲမှ မောင်လှပုမှာ တိုက်ခိုက်ရာတွင် ပါဝင်သူ မဟုတ်ဘဲ
ပစ္စည်းအချို့ကို ၀င်ရောက် သယ်ယူစဉ် ဖမ်းဆီးခံရသူ ဖြစ်ကြောင်း ပြောကြားသည်။
ဖမ်းဆီးခံရသူ (၃) ဦးအား ယမန်နေ့က ရုံးထုတ်ခဲ့ပြီး ရမန်ယူကာ စစ်ဆေးရန်
ကျောက်ဖြူထောင်ကို ပို့လိုက်သည်ဟု သိရသည်။

No comments :
Post a Comment