Blogger Widgets

Monday 8 July 2013

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်း တို့၏ ကန့်လန့်ကာ နောက်ကွယ်က အပေးအယူ

What would be Secret Deal?ယခုတလော အလှုပ်အရမ်းများနေသော မြန်မာ့နိုင်ငံရေးတွင် အဓိက ဇာတ်ကောင် နှစ်ဦး ဖြစ်သည့် ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးအကြား ကန့်လန့်ကာ နောက်ကွယ်တွင် မည်သို့သော နိုင်ငံရေးအပေးအယူရှိသနည်း ဆိုသည့် မေးခွန်းပင်ဖြစ် ပေသည်။ ထိုမေးခွန်းကို တိတိကျကျဖြေဆိုနိုင်သူများမှာလည်း သူတို့ နှစ်ဦး သာ ရှိပေသည်။ အကြောင်းမှာ အကြိမ်ပေါင်း ရာနှင့်ချီသော နှစ်ဦး တည်း ပြုလုပ်သည့် တံခါးပိတ်အစည်းအဝေးများက ထိုအချက်ကို ညွှန်ပြနေခြင်း ကြောင့် ပင်ဖြစ်သည်။
အဝေးကြည့်နှင့်ပင် သိသာထင်ရှားသည့် ကိစ္စရပ်များကို အခြေခံ၍ သုံးသပ်ပါက ၎င်းတို့ နှစ်ဦးကြားတွင် Secret Deal မုချရှိရမည်ဟု ကောက်ချက်ချနိုင်ပါသည်။ ဇာတိပက တိအရ နိုင်ငံရေးနောက်ခံခြင်းမတူသော်လည်း လက်ရှိ အခြေအနေတွင် ပေါ်ပေါက် လျှက်ရှိသည့် နိုင်ငံရေးအပြောင်းအလဲများက သူတို့နှစ်ဦး၏ နိုင်ငံရေး အနာဂတ် ရှင်သန်နိုင်ရေးအတွက် မတူညီမှုများကို ဖယ်ရှား၍ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ မဟာ မိတ်ဖွဲ့ရန် အခြေ အနေကို တွန်းပို့ခဲ့ပါသည်။
ဦးရွှေမန်းမှာ ၂၀၁၀ ရွေးကောက်ပွဲမတိုင်မီက သမ္မတ ဖြစ်မည်ဟု တစ်ပြေးခဲ့သော် လည်း လက်တွေ့တွင်မူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၎င်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ်သာ ခန့်အပ်ခဲ့ပါသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရာထူးသာ ရရှိသည့်အတွက် သမ္မတအောက် တဆင့်နိမ့်သွားသည်ဆိုသော ခံစားမှုနှင့် မကျေနပ်ချက်တို့ ပေါ်ပေါက် ခဲ့ပါသည်။ သို့ဖြစ်ရာ ဦးရွှေမန်း အနေဖြင့် ၎င်း ကပြခွင့်ရသည့် နိုင်ငံရေး ဇာတ်ခုံ ဖြစ်သည့် လွှတ်တော်ကို အသက်သွင်း၍ အုပ်ချုပ်ရေးအာဏာအား အားပြိုင်ထိန်းညှိ ရန်ကြိုးစားခဲ့ပါသည်။ သို့သော် ယင်းကြိုးစားမှုတွင် မည်သို့သော နိုင်ငံရေး စေတနာမျိုး ထားရှိသည်ဖြစ်စေ မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အပေါင်းလက္ခ ဏာ ဆောင်သော အားထည့်မှုဟု ဆိုရမည်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း သူမ၏ နိုင်ငံရေး ရုန်းကန်မှုတလျောက်လုံး စွဲကိုင်ခဲ့သော အတိုက်အခံပြုရေး၊ ထိပ်တိုက် ရင်ဆိုင်ရေး၊ ဖိအားပေးရေး လမ်းကြောင်း များမှ ခွဲထွက်၍ လွှတ်တော်နိုင်ငံရေးနည်းလမ်းကို ရွေးချယ်ခဲ့ခြင်းက မြန်မာ့နိုင်ငံရေး အပြောင်းအလဲအတွက် အပေါင်းလက္ခဏာဆောင်သော အားထည့်မှု ဟု ဆိုရမည် ဖြစ်ပါသည်။
နိုင်ငံရေးခေါင်းဆောင်နှစ်ဦးဖြစ်သည့် ဦးရွှေမန်းနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ နှစ်ဦးစလုံး တွင် ရှိသော အန္တိမ ရည်မှန်းချက်မှာ သမ္မတ ဖြစ်ရေးပင်ဖြစ်ပါသည်။ ထို အချက်ကိုလည်း သူတို့ နှစ်ဦးလုံးက လျှို့ဝှက်မထားဘဲ ပွင့်ပွင့်လင်းလင်း ထုတ်ဖော် ပြောကြားခဲ့ကြပြီးဖြစ်ပါသည်။
“နိုင်ငံနဲ့ နိုင်ငံသား အကျိုးစီးပွားကို ဖော်ဆောင်တဲ့နေရာမှာ သမ္မတက အရေးပါတယ် ဆိုလို့ရှိရင် သမ္မတဖြစ်ချင်ပါတယ်၊ ဒီထက် အရေးပါတဲ့ နေရာရှိရင်လည်း လုပ်ချင် ပါတယ်” ဟု ဦးရွှေမန်းက အမေရိကန်ပြည်ထောင်စုသို့ ရောက်ရှိစဉ် ပြောကြား ခဲ့သလို ဒေါ်အောင်ဆန်းစုကြည်ကလည်း“သမ္မတ ဝင်ပြိုင် ချင်ပါတယ်။ ဒီကိစ္စ ပွင့်ပွင့် လင်းလင်းပါပဲ။ ဒါပေမဲ့ ကျွန်မ သမ္မတ ဝင်ပြိုင်မယ် ဆိုရင်တောင် ဒီမှာက သမ္မတကို တိုက်ရိုက် ရွေးကောက် တင်မြှောက်တဲ့စနစ် မဟုတ်တဲ့ အတွက် ကျွန်မ သမ္မတ အရည်အချင်း ပြည့်မီဖို့ဆိုရင် အခြေခံဥပဒေကိုပြင်ကိုပြင်ရပါလိမ့်မယ်” ဟု မီဒီယာများနှင့် တွေ့ဆုံမှုတွင် ပြောကြားခဲ့ပါသည်။
လက်တွေ့ကျသော ဆန်းစစ်မှုများ ပြုလုပ်မည်ဆိုပါက ယင်းတို့ နှစ်ဦးစလုံးသည် သမ္မတဖြစ်ရန် ပုဂ္ဂိုလ်ရေး အရည်အချင်းနှင့် ပတ်သက်၍ မေးခွန်းထုတ်ရန် မလိုသူများ ဖြစ်ကြပါသည်။ သို့သော် ဖြစ်နိုင်ခြေနှင့် အလားအလာများကို လေ့လာကြည့်လျှင်မူ ထင်ရှားသော အားနည်းချက်၊ အားသာချက်များကို တွေ့မြင်ရမည် ဖြစ်ပါသည်။ ပြည်သူလူထု ထောက်ခံမှုအပြည့်အဝ ရရှိထားသော ဒေါ်အောင်ဆန်းစု ကြည်အတွက် သမ္မတဖြစ်ရေးတွင် အဓိကအဟန့်အတားမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ (၅၉ စ) ကိုပြင်ဆင်နိုင်ရေးပင်ဖြစ်ပြီး ဦးရွှေမန်းအတွက် အဓိက အဟန့်အတားမှာ ၂၀၁၅ ရွေးကောက်ပွဲတွင် ယင်းဦးဆောင်သော USDP ပါတီ နေရာ အများစု ပြန်လည်ရရှိရန် မရေရာမသေချာသည့် အချက်ပင်ဖြစ်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD နှင့် အဓိက ယှဉ်ပြိုင်ရမည်ဖြစ်ရာ USDP အနေဖြင့် အနိုင်ရရှိရန် အလွန်ပင်ခက်ခဲ မည်ဖြစ်ပါသည်။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ ရလဒ် များကလည်း ထိုအချက်ကို ညွှန်ပြသည့် ရှေ့ပြေးနိမိတ်ဟု ဆိုရမည်ဖြစ်ပါသည်။
များစွာ သေချာသည့် အချက်တချက်မှာ ယင်းတို့နှစ်ဦးသည် တဦးချင်းအနေဖြင့် ၂၀၁၅ တွင် သမ္မတ ရာထူး ရယူပြီး နိုင်ငံရေး အာဏာရရှိရန် ရေရာသေချာမှုမရှိ ဟူသည့် အချက်ပင် ဖြစ်ပါသည်။ ထို့ကြောင့် ယင်းတို့နှစ်ဦး အတွက် သေချာရေရာသည့် ထွက်ပေါက် တခုကို ဖန်တီးပေးနိုင်မည့် အခွင့်အရေးပေါ်ပေါက်စေရန် မဟာမိတ်ဖွဲ့ပြီး နိုင်ငံရေးအပေးအယူ ပြုလုပ်ရန် မလွဲမသွေ လိုအပ်လာပါသည်။
ဦးရွှေမန်းအနေဖြင့် တပ်မတော်သား ကိုယ်စားလှယ် ၁၆၆ ယောက် နှင့် NLD မဟုတ်သော အခြားပါတီများမှ လွှတ်တော်ကိုယ်စားလှယ် ၁၅၀ ခန့်တို့၏ အားကို ရယူပြီး သမ္မတဖြစ်နိုင်သည့် နည်းလမ်းကို ရွေးချယ်မှု မပြုဘဲ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ၏ အားကိုသာ ရယူရန် ရွေးချယ်ခဲ့ပုံရပါသည်။ ထိုအချက်က ယခင် စစ်အစိုးရလက်ထက်တွင် နံပါတ် ၃ စစ်ခေါင်းဆောင်ဖြစ်ခဲ့သော ဗိုလ်ချုပ်ကြီး(ဟောင်း) ရွှေမန်းအနေဖြင့် တပ်မတော်က ၎င်းကို နိုင်ငံရေးကျောထောက်နောက်ခံ ပေးလိမ့်မည် ဟု မျှော်လင့်ယုံကြည်ထားခြင်း မရှိကြောင်း ပေါ်လွင်ထင်ရှားစေပါသည်။ ထို့ပြင် ဗိုလ်ချုပ်ကြီးဟောင်းနှင့် နီးစပ်သူများ၏ အဆိုအရ စစ်အစိုးရလက်ထက်တည်းက ဦးရွှေမန်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်ကို နစ်နစ်နာနာ ဖြစ်စေမည့် စကားလုံးဖြင့် ခေါ်ဝေါ်သုံးနှုန်းပြောဆိုခြင်း မရှိကြောင်း သိရပါသည်။ ထိုအချက်က ဦးရွှေမန်းအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ်တွင် နဂိုတည်းကပင်လျှင် ပုဂ္ဂိုလ်ရေးအရ လေးစားမှု တစုံတရာ ရှိကောင်းရှိနိုင်ကြောင်း သုံးသပ်နိုင်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်အနေဖြင့်လည်း နိုင်ငံရေး မဟာမိတ်ဖွဲ့ရန် ကနဦး စဉ်းစား တွေးခေါ်မှုအနေဖြင့် သူမအတွက် အရေးအကြီးဆုံးဖြစ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စတွင် လက်ရှိလွှတ်တော်တွင်း နေရာအများစု ရယူထားသည့် USDP ပါတီနှင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ၏ အားကို ဦးရွှေမန်းမှ တဆင့် စည်းရုံးသိမ်းသွင်းနိုင်မည်ဟု ယူဆပြီး ချဉ်းကပ်ခဲ့သည်ဟု ထင်မြင်ရပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့သော ဉာဏ်အမြော်အမြင်ရှိသည့် နိုင်ငံရေး ခေါင်းဆောင် တဦးအနေဖြင့် လက်ရှိ USDP အမတ်များ၊ တပ်မတော်သား ကိုယ်စားလှယ်များကို ဦးရွှေမန်းမှ စုစည်းပေးနိုင်စွမ်းမရှိသည်ကို အကြိမ်ပေါင်းရာနှင့်ချီသော တံခါးပိတ် ဆွေးနွေးပွဲများမှတဆင့် သိရှိလာလိမ့်မည်မှာ မလွဲမသွေပင်ဖြစ်ပါသည်။ တဖက်တွင် လည်း ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကဲ့သို့ အပြတ်အသတ် အနိုင်ရရှိရန် အခွင့်အလမ်းရှိနေသည့်တိုင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရန် လမ်းပိတ်နေဆဲ ဖြစ်နေဦးမည်သာ ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့နိုင်ငံရေး လေ့လာအကဲခတ်သူများအကြား ယခုတလော ပြောဆို နေသည့် Secret Deal ဆိုသည်မှာ သမ္မတရာထူးကို ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့အကြား မည်သို့ မည်ပုံ ခွဲဝေယူမည် ဆိုသည့် ကိစ္စရပ်မှအပ အခြား ရှိနိုင်မည် မဟုတ်ချေ။
ဤကဲ့သို့ နိုင်ငံရေး အာဏာခွဲဝေမှု ပြုလုပ်ရန် အများလက်ခံနိုင်သော နိုင်ငံရေး အခင်း အကျင်းတရပ်လိုအပ်လာပါသည်။ ယင်းအခင်းအကျင်းမှာ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရန် မကြိုးစားတော့ခြင်းဖြင့် တပ်မတော်နှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမှ ရှောင်လွှဲနိုင်ပြီး၊ ထိုရှောင်လွှဲနိုင်မှုမှတဆင့် ဒေါ်အောင်ဆန်း စုကြည် အနေဖြင့် ဦးရွှေမန်းကို သမ္မတ တင်မြှောက်ရေး ကြိုးပမ်းမှုတွင် တပ်မတော် ၏ထောက်ခံမှုကို မရရှိသည့်တိုင် ကန့်ကွက်မှုကို ရှောင်လွှဲနိုင်မည်ဖြစ် ပါသည်။
၂၀၁၅ ရွေးကောက်ပွဲတွင် နေရာအများစုကို NLD ပါတီမှ ရယူနိုင်သော်လည်း ဦးရွှေမန်းကို သမ္မတ တင်မြှောက်ရာတွင် NLD မဟုတ်သော အခြားနိုင်ငံရေး အင်အားစုများ၏ ထောက်ခံမှု ပါရှိမှသာ ၂၀၁၅ အပြီး ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် ရေရာသေချာနိုင်မှု ရှိမည် ဖြစ်သည့်အတွက် အခြားပါတီများ၏ အခန်းကဏ္ဍသည်လည်း ထည့်သွင်းထွက်ချက်ရန် လိုအပ်လာပါသည်။ ဤနေရာတွင် တိုင်းရင်းသား ပါတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးကြီးလာပါသည်။ ထို့ကြောင့် တိုင်းရင်းသားပါတီများ၏ ထောက်ခံမှု ရရှိရန် ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ကိစ္စရပ်များကို ယခုအချိန်မှစ၍ အုပ်မိစီးမိရန် မဖြစ်မနေ လိုအပ်လာပါသည်။ ထိုအခင်းအကျင်းအောင်မြင်ရန်အတွက် ရေရာသေချာမှုရှိရန် လက်ရှိ ငြိမ်းချမ်းရေး တည်ဆောက်မှုကို အုပ်မိစီးမိရှိပြီးပါက တဖက်တွင် လည်း ထိုနိုင်ငံရေး အောင်မြင်မှုများသည် သမ္မတ ဦးသိန်းစိန် တဦးတည်း၏ အောင်မြင်မှု မဟုတ်တော့ဘဲ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်တို့နှင့် ခွဲဝေခံစားရမည် ဆိုသည့် နိုင်ငံရေးအကျိုးအမြတ်ကိုပါ ရရှိမည်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ နှစ်ဦးလုံးက ၎င်းတို့အနေဖြင့် ရည်ရွယ်ချက် ခြင်း တူသည့်အတွက် လက်တွဲလုပ်ဆောင်နိုင်ကြောင်း ရှင်းလင်းစွာပြောကြားထားကြ ပါသည်။ ထိုအချက် အကောင်အထည်ဖော်နေကြောင်းကိုလည်း သူတို့နှစ်ဦးအကြား တွင် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှုများထက် ကျော်လွန်သော မဟာမိတ်ဖွဲ့မှုများ က သက်သေခံလျှက်ရှိပါသည်။ သာဓက အနေဖြင့် ဦးရွှေမန်းမိသားစု၏ သူကောင်းပြု ခြင်းခံရသော ယခင်စနစ်ဟောင်းတွင် ခရိုနီများဟု လူသိများခဲ့သည့် မက်စ်မြန်မာသူဌေး ဦးဇော်ဇော်၊ ဦးရွှေမန်း၏ သားအကြီးဖြစ်သူ ဦးအောင်သက်မန်းနှင့် စီးပွားချင်း ဆက်နွယ်နေသော ထူးကုမ္ပဏီ အကြီးအကဲ ဦးတေဇ နှင့် ဦးရွှေမန်း၏ ခမည်းခမက် ဖြစ်သူ ဇေကမ္ဘာ ကုမ္ပဏီ သူဌေး ဦးခင်ရွှေ တို့ကဲ့သို့သော သူများ ဝန်းရံလာ ခြင်းကို ဒေါ်အောင်ဆန်းစုကြည်က ကြည်ဖြူစွာ လက်ခံထားခြင်းပင်ဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်က “ခရိုနီလို့ ခေါ်ခံရတဲ့သူတွေက NLD နဲ့ တခြား လူမှုရေးလုပ်ငန်းလုပ်သူတွေကို ပံ့ပိုးတယ်ဆိုလို့ရှိရင် ဘာဖြစ်လဲ ပံ့ပိုးပါစေပေါ့။ ပိုက်ဆံတွေကို တခြားနေရာမှာ အလဟဿ ဖြုန်းမယ့်အစား ပံ့ပိုးသင့်တဲ့ နေရာမှာ သုံးတယ်ဆိုတာကောင်းတဲ့ ကိစ္စပဲ” ဟုမဇ္စျိမ သတင်းဌာနကို ပြောကြားခဲ့ပါသည်။ ထို့ပြင် “စီစဉ်စရာ ရှိတာကို ကျွန်မ စီစဉ် မယ်။ ပိုက်ဆံကုန်စရာရှိရင် ဦးခင်ရွှေ က ပေးလိမ့်မယ်။ အဆင်ကိုပြေနေတာပဲ။ ပြည်သူတွေရဲ့ ကျန်းမာရေး အတွက် လုပ်နေတာပါ။ ဒါအားနာနေလို့ မဖြစ်ပါဘူး။ လိုအပ်ချက်တွေကို တတ်နိုင်သလောက် ဖြည့်ဆည်း ရမှာပါ” ဟုလည်း ကော့မှူးမြို့နယ် ပြည်သူ့ဆေးရုံရှိ ကျန်းမာရေး ဝန်ထမ်း များအားတွေ့ဆုံစဉ် ပြောကြားခဲ့ဘူးရာ နိုင်ငံရေးသိက္ခာကို အလေးထားသည့် ဒေါ်အောင်ဆန်းစုကြည်အတွက် ခရိုနီများကို လက်ခံနေရာပေးခြင်းမျိုးမှာ စင်စစ် ထူးဆန်းသည့် ကိစ္စတခုဖြစ်ပါသည်။ သို့ရာတွင် အထက်က ဆိုခဲ့သလိုပင် ဦးရွှေမန်း မိသားစုနှင့် ဆက်နွယ်နေသော ထို ခရိုနီများကို သူမ အနားတွင် လက်ခံနေရာ ပေးခြင်းမှာ ထည့်သွင်းစဉ်းစားရမည့် အချက်တချက်ပင် ဖြစ်ပါသည်။
ဤအခင်းအကျင်းကို အောင်မြင်အောင် အကောင်အထည်ဖော်နိုင်မည်ဆိုပါက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူမအတွက် အဓိကလိုအပ်ချက်ဖြစ်သော အခြေခံ ဥပဒေပြင်ဆင်ရေးအတွက် ဦးရွှေမန်းကို သမ္မတအဖြစ် ခန့်အပ်ခြင်းကို ပထမအဆင့် အနေဖြင့် လုပ်ဆောင်ရမည်ဖြစ်ပါသည်။ သူမ တင်မြှောက်ထားသော သမ္မတ ဦးရွှေမန်း အနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး အတွက် လိုအပ်သည့် ၇၅%ကျော်မဲများကို စုစည်းပေးနိုင်မည်ဖြစ်ရာ ယခုအချိန်တွင် အများခန့်မှန်း တွက်ဆနေသော Secret Deal ဆိုသည့် ကိစ္စမှာ နိုင်ငံရေးအရ အဓိပ္ပါယ်ရှိသော၊ လုပ်ပိုင်ခွင့်ရှိသော ကိစ္စမျိုးဖြစ်သည်ဟု သုံးသပ်ရမည်ဖြစ်ပါသည်။
သို့ရာတွင် အရေးကြီးသော မေးခွန်းတရပ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ နှစ်ဦးအနေဖြင့် ၎င်းတို့နှစ်ဦး၏ Secret Deal ကို အကောင်အထည်ဖော်နိုင်မည့် မဟာဗျူဟာ လောက်လောက်လားလား ရှိသလော ဟူ၍ပင်ဖြစ်ပါသည်။
လတ်တလောဖြစ်ပေါ်ခဲ့သော ဆက်သွယ်ရေးတင်ဒါကိစ္စ၊ ပြည်သူလူထု ထိတ်လန့် စိုးရိမ်ကြသော နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေးခေါ် ယူရန် တိုက်တွန်းသည့်ကိစ္စနှင့် အစိုးရ၏ အောင်မြင်မှုရနေသော ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်တွင် လွှတ်တော်၏ မေးခွန်းထုတ်လာမှု နှင့် ပြန်လည်ရှင်းလင်း ဖြေကြားမှုအပေါ် တုံ့ပြန်ပုံတို့မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးရွှေမန်းတို့အနေဖြင့် လက်ရှိ မြန်မာ့ နိုင်ငံရေးကို ထင်ဟပ်နိုင်သည့် မဟာဗျူဟာချနိုင်သော အရည်အသွေးနှင့် အတွေ့ အကြုံများ မရှိဟု အဖြေထုတ်နိုင်မည်ဖြစ်ပါသည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းတို့ နှစ်ဦး၏ မဟာမိတ်ဖွဲ့ပြီးနောက်ပိုင်း လတ်တလော နိုင်ငံရေး ဖြစ်စဉ်များသည် နိုင်ငံရေး အကွဲအပြဲများနှင့် အကြပ် အတည်းများကို ဦးတည်နေသော အလားအလာများ ပေါ်ပေါက်နေ၍ပင် ဖြစ်ပါ သည်။
လက်ရှိ မြန်မာနိုင်ငံ ဦးတည်သွားနေသော ဒီမိုကရေစီထွန်းကားရေးဆိုသည့် နိုင်ငံရေး အပြောင်းအလဲတွင် ဆိုခဲ့သည့်နိုင်ငံရေး ရုန်းကန်မှုမျိုးကို ကြိုဆို ရမည်ဖြစ်သော်လည်း ရင့်ကျက်မှု နှင့်လိုအပ်ချက် များစွာရှိနေသည့် လက်ရှိ အခြေအနေတွင် ရလဒ်ကောင်း များ ရရှိနိုင်သည့် အနေအထားထက် အန္တရာယ်ကျ ရောက်နိုင်သည့် အခြေအနေများ ကပိုမိုနေသည်ကို သတိပြုရမည်ဖြစ်ပါသည်။ လွတ်လပ်ရေးရပြီးနောက် မြန်မာ့ နိုင်ငံရေး ရုန်းကန်မှုများကို ပြန်ပြောင်းလေ့လာကြည့်ရှုပါက အကွဲအပြဲများဖြစ်ပြီး နိုင်ငံရေး တခေတ်ပြောင်းတိုင်း ပြည်သူလူထုအတွက် ဆိုးဝါးခါးသီးသည့် ခေတ်တ ခေတ်ကိုသာ ပိုင်ဆိုင်ခဲ့ရသည်ဆိုသည့် သမိုင်းသင်ခန်းစာကို နှလုံးမသွင်းနိုင်ပါက ယခုလက်ရှိ ဖြစ်ထွန်းနေသော နိုင်ငံရေး အက်ကြောင်းများသည် အကွဲအပြဲများဆီ ဦးတည်ပြီး ဆိုးဝါးသည့် အန္တရာယ်များကျရောက်နိုင်ကြောင်း သတိပြုစေလိုပါသည်။

No comments :

Post a Comment

Blogger Widgets
Back to Top