Blogger Widgets

Monday, 8 July 2013

မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးဝလံများအပြင် ဟင်းသီးဟင်းရွက် များကိုပါ တင်သွင်းရန် စင်ကာပူနိုင်ငံက စိတ်ဝင်စား

exporttosingapore-july8
ဈေးကွက်တွင်း ရောင်းချလျက်ရှိသည့် ဟင်းသီးဟင်းရွက်များကို တွေ့ရစဉ်
မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးဝလံများအပြင် ဟင်းသီးဟင်းရွက် များကိုပါ တင်သွင်းရန် စင်ကာပူနိုင်ငံက စိတ်ဝင်စားမှု ရှိနေကြောင်း မြန်မာနိုင်ငံ သစ်သီးဝလံ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။
လက်ရှိတွင်လည်း စင်ကာပူနိုင်ငံသို့ မြန်မာနိုင်ငံမှ ထွက်ရှိသည့် သစ်သီးများကို တင်ပို့လျက် ရှိနေပြီး အခြားပြည်ပ နိုင်ငံများသို့လည်း သရက်၊ ဖရဲ၊ သခွားမွှေး၊ ပန်းသီး၊ လိမ္မော်သီး၊ နာနတ်သီး၊ စပျစ်သီးနှင့် ထောပတ်သီး စသည့်သီးနှံများကို တင်ပို့မှုရှိကြောင်း သိရသည်။
"သစ်သီးတွေကို oversea လမ်းကြောင်းကရော နယ်စပ်ကုန်သွယ်မှု လမ်းကြောင်းကရော တင်ပို့ပါတယ်။ ရရှိတဲ့ဈေးကတော့ ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းက ပို့တဲ့အသီးတွေက ဈေးပိုရပါတယ်။ သရက်သီးဆိုရင် ပျမ်းမျှအားဖြင့် နယ်စပ်က တင်ပို့လို့ရတဲ့ဈေးက တစ်တန်ကို ဒေါ်လာ ၆၀၀-၇၀၀ ရရင် oversea က ပို့တဲ့ အသီးက တစ်တန်ကို ဒေါ်လာ ၁၂၀၀ ကနေ ၁၅၀၀ ကြားရလို့ ဈေးကနှစ်ဆလောက် ကွာပါတယ်။ အခုလိုမျိုး စင်ကာပူဘက်က ဟင်းသီးဟင်းရွက်တွေကိုပါ တင်သွင်းဖို့ စိတ်ဝင်စားတယ်ဆိုတော့ ကောင်းပါတယ်" ဟု ပြည်ပသို့ သစ်သီးတင်ပို့ရောင်းချနေသူ တစ်ဦးက ပြောပြခဲ့သည်။
စင်ကာပူနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံမှ ထွက်ရှိသည့် ဟင်းသီးဟင်းရွက်များဖြစ်သည့် ခရမ်းချဉ်သီး၊ ဂေါ်ဖီ၊ မုန်လာဥ၊ ခရမ်းသီး၊ ဒန့်သလွန်သီးနှင့် ငရုတ်သီး စသည့်အမျိုးအစားများကို တင်သွင်းရန် ကမ်းလှမ်းမှုများလည်းရှိပြီး ပြည်တွင်းကုမ္ပဏီ အချို့နှင့် ဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်ဟု သိရသည်။
၂၀၁၃ ခုနှစ်၊ ဧပြီ ၁ ရက်နေ့မှ ဇွန်လလယ်အထိ မြန်မာနိုင်ငံမှ ပြည်ပသို့ သစ်သီးမျိုးစုံတန်ချိန် ၁၃၀၀၀၀ ကျော် တင်ပို့ထားပြီး အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော် ရရှိထားကြောင်း သိရသည်။

No comments :

Post a Comment

Blogger Widgets
Back to Top